DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ၀င် မ၀င် အန်အယ်လ်ဒီ ဇူလိုင် ၁၁ ကြေညာမည်
DVB
·
July 8, 2015
ရွေးကောက်ပွဲ ၀င် မ၀င် အန်အယ်လ်ဒီ ဇူလိုင် ၁၁ ကြေညာမည်
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ကော်မရှင်ကရက် သတ်မှတ် ကြေညာလိုက်ပြီးနောက် အဓိကအတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ အနေနဲ့  ရွေးကောက်ပွဲဝင်မ၀င်ကို လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အစောဆုံး စနေနေ့ (ဇူလိုင် ၁၁ ) လောက်မှာ ကြေညာနိုင်ပါလိမ့်မယ်၊ ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုရွေးမလဲဆိုတာလည်း တခါတည်း ပါလာပါလိမ့်မယ်၊ ချဲ့ပြောလို့တော့ မဖြစ်သေးဘူးဗျ။ စနေနေ့ မနက်ပိုင်းအစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ချက်ချ ဖြစ်ရင်တော့ ညနေပိုင်း ကြေညာပေးမယ်။”

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ၄ လ ကြိုတင်ကြေညာပေးခဲ့ တာဖြစ်ပြီး ပါတီတွေမဲဆွယ်စည်းရုံးခွင့်ကာလကိုတော့ ရက် ၉၀  သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။

အာဏာရပြည်ခိုင်ဖြိုးပါတီအနေနဲ့ တနိုင်ငံလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိပေမယ့် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း အတိအကျကိုတော့ ခုချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး၊

ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားပါတီတချို့လည်း ရွေးကောက်ပွဲဝင်မယ့် ပါတီကိုယ်စား လှယ်လောင်းတွေ ရွေးချယ်နေပြီး  ဒေသအလိုက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။

လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၈၀ ကျော်ရှိနေပြီး ဒီပါတီတွေအားလုံး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းကတော့  အဓိကအတိုက်အခံ အန်အယ်လ်ဒီပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသလို ရွေးကောက်ပွဲဟာလည်း ကြိုတင်မဲတွေ ကြောင့် သန့်ရှင်းမျှတမှု မရှိဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။

ဒီတကြိမ် အထွေထွေရွေးကောက်ပွဲ မကျင်းပခင်မှာလည်း နိုင်ငံတ၀န်း အခြေခံမဲဆန္ဒရှင် စာရင်းတွေ မှားယွင်းတဲ့ကိစ္စ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့အတွက်  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အပေါ် မေးခွန်းထုတ် ဝေဖန်စရာဖြစ်နေပြီး ကော်မရှင်ကလည်း မဲစာရင်းမှားတဲ့ကိစ္စ အပြုသဘောပူးပေါင်းလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013