DVB Logo
Home
မြန်မာသတင်း
နာမည်ကျော် လိပ်ကျွန်းလူသတ်မှု စတင်ကြားနာ
DVB
·
July 7, 2015
နာမည်ကျော် လိပ်ကျွန်းလူသတ်မှု စတင်ကြားနာ
Donate to DVB

မနှစ်က ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ကော့တောင်ကျွန်း) မှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ စပ်လျဉ်းပြီး လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ တရားစွဲခံရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အမှုကို ကော့စမွေခရိုင် တရားရုံးမှာ မနက်ဖြန် ဇူလိုင်လ ၈ ရက်နေ့ အမှု ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

အမှုကို လိုက်ပါမယ့် ထိုင်းရှေ့နေများကောင်စီဝင်တွေနဲ့အတူ သံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာသံရုံး စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်းကို ရောက်ရှိပြီဖြစ်ပါတယ်။

မြန်မာသံရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်က မနက်ဖြန် တရားခွင်မှာ ထိုင်းရဲတပ်ဖွဲ့ဘက်က လိုက်ပါထွက်ဆိုမယ့် တရားလိုပြသက်သေ မြန်မာ ၇ ဦးအနက် စစ်ဖို့ကျန်ရှိတဲ့ ၄ ဦးကို စစ်ဆေးမယ်လို့ ပြောပါတယ်။

“ကျန်တဲ့ လေးယောက်ဆိုတာ သုံးယောက်ကို ၁၄ ရက်၊ ၁၀ လ၊ ၂၀၁၄ က စစ်ခဲ့ပြီးပြီ။ မောင်မောင်ရယ်၊ အောင်လင်းဇော်ရယ်၊ ညီညီဇော်လေးရယ်ကို စစ်ပြီးသွားပြီ။ အခုကျန်တဲ့ မဥမ္မာရယ်၊ မြင့်နိုင်ရယ်၊ ကမွန်ဦးစွန်ရယ်၊ မောင်အိုရယ် ဒီ ၄ ယောက်ကို စစ်ဖို့ပါ။ သူတို့ (ထိုင်းရဲတပ်ဖွဲ့တရားလို) ဘက်က ပြောချင်တာက ဗမာတွေကိုယ်တိုင်က ဗမာသတ်တာကို သက်သေလိုက်ပါ ထွက်ဆိုပေးနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ သက်သေတင်လာတာပါ။” လို့ ပြောပါတယ်။

ဒီမြန်မာသက်သေ ၄ ဦးဟာ အကြမ်းဖျင်းအရ မောင်အိုဆိုတာ ပေါက်တူးတွေနဲ့ သောင်ပြင်မှာ အညစ်အကြေးကျုံးတဲ့ ကိစ္စတွေ လုပ်တဲ့သူ၊ မဥမ္မာဟာ မနက်စောစော ပလတ်စတစ်ကောက်ရင်းနဲ့ ဒီအလောင်းတွေကို မြင်တွေ့သူ၊ ကျန်တဲ့ ၂ ယောက်ကတော့ ကျွန်းသူကြီးရဲ့သားဆိုင်မှာ အလုပ်လုပ်နေသူတွေလို့ ဆိုပါတယ်။

အခုစစ်ဆေးမယ့် မြန်မာသက်သေ ၄ ဦးဟာ ကနဦး ပြောဆိုချက်တွေအရ အမှုကွင်းဆက်ကို ပိုမိုခိုင်မာစေမယ့် တရားလိုသက်သေတွေ ဖြစ်လာနိုင်မလားလို့ မေးမြန်းချက်အပေါ် ဦးအောင်မျိုးသန့်က စိုးရိမ်မှုမရှိဘူးလို့ ပြောပါတယ်။

“အဓိကက တရားလိုဘက်က ခိုင်လုံစွာ ပြုလုပ်ရမယ့် အချက်တွေဟာ ခနော်ခနဲ့ ဖြစ်နေတာကို မြင်တွေ့နိုင်ပါတယ်။ (၁) အချက် ၀န်ခံတယ်ဆိုတာလည်း ပြန်ဖျက်သိမ်းတယ်။ ဒီအန်အေဆိုတာလည်း ပြန်စစ်ချင် စစ်လို့ရတယ်ဆိုတဲ့ အဖြေမျိုး ပြောရုံတင်မကသေးဘဲနဲ့ သူတို့ကနေပြီးတော့ သက်သေတင်ခဲ့တဲ့ မောင်မောင်တို့၊ အောင်လင်းဇော်တို့၊ ညီညီဇော်တို့ စစ်တုန်းကလည်း ဒီကလေး ၂ ယောက် ကျူးလွန်တယ်ဆိုတဲ့အကြောင်း ထွက်ခဲ့တာ မရှိပါဘူး။ အဲဒီလိုမရှိတဲ့အတူတူ မနက်ဖြန်ခါ ထွက်လာမယ့် ၄ ယောက်ကသာ မောင်မောင်တို့ ထွက်ချက်လို ထွက်ချက်ကောင်းခဲ့ရင် ကျန်တဲ့ ရဲသက်သေအားလုံးဟာ ဥပဒေအရ စစ်ဆေးလို့ သိတာပဲ ရှိတာပါ။ ဘာမှ မျက်မြင်ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအမှုနဲ့ပတ်သက်လို့ ကလေးတွေကို အပြစ်ပေးလို့ မရနိုင်ဘူး ဆိုတာကို ထင်ပေါ်သွားမှာပါ။” လို့ ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ ကျက်စားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်း ကမ်းခြေမှာ စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိသျှလူမျိုး ခရီးသည်တွေဖြစ်တဲ့ ၂၃ နှစ်အရွယ် ဟန်နာ ၀ီသာရစ်ခ်ျနဲ့ ၂၄ နှစ်အရွယ် ဒေးဗစ်မေလာတို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီရာဇ၀တ်မှုကို ၂၁ နှစ်အရွယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့က ကျူးလွန်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲပြီး လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု အပါအ၀င် အမှု ၇ မှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ထိုင်းနိုင်ငံက ထင်ရှားတဲ့ ပြစ်မှုဆေးသိပ္ပံ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖွန်ထစ်က မှုခင်းဆေးသိပံ္ပဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း မဆောင်ရွက်ခဲ့ဘူးလို့ မနှစ် အောက်တိုဘာ လဆန်းပိုင်းတုန်းက ထိုင်းနိုင်ငံ တီဗွီချယ်နယ်တွေကနေ ထောက်ပြခဲ့ဖူးပါတယ်။

သူ့ဝေဖန်ချက်ထဲမှာ စွပ်စွဲခံရသူ ၂ ဦးရဲ့ သရုပ်ပြတာ ခိုင်လုံမှုမရှိဘူး၊ လူသတ်မှုနဲ့ မုဒိမ်းမှုလို ရာဇ၀တ်မှုတွေကို ကိုင်တွယ်ရင် အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့၊ သက်သေ အထောက်အထား ကောက်ယူစုဆောင်းတဲ့ အဖွဲ့နဲ့ သက်သေအထောက်အထား အမျိုးမျိုးကို စစ်ဆေးတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပေမယ့် ဒီအမှုမှာ ရဲတဦးတည်း လုပ်သွားတယ်၊ သက်သေအထောက်အထား အမျိုးမျိုးကို စစ်ဆေးတဲ့အဖွဲ့မှာ မှုခင်းဆေးသိပ္ပံ ကျွမ်းကျင်သူ ဆရာဝန်ကိုပဲ အသုံးပြုရမယ်လို့ သတ်မှတ်ပေမယ့် မကိုက်ညီတဲ့အပြင် ဆူရတ်ဌာနီဆေးရုံကိုတောင် မဆက်သွယ်ခဲ့ကြဘူးလို့ သူက ထောက်ပြခဲ့ဖူးပါတယ်။

အမှုရက်ချိန်းတွေကတော့ တရားလိုနဲ့ တရားလိုပြသက်သေ စစ်ဆေးမှုတွေကို ဇူလိုင်လ ၈၊ ၉၊ ၁၀၊ ၂၂၊ ၂၃၊ ၂၄ နဲ့ သြဂုတ်လ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၇၊ ၂၈ ရက်တွေမှာ စစ်ဆေးမှာဖြစ်ကြောင်းနဲ့ တရားခံနဲ့ တရားခံပြ သက်သေတွေကို စက်တင်ဘာလ ၁၊ ၂၊ ၂၂၊ ၂၃၊ ၂၄ နဲ့ ၂၅ ရက်တွေမှာ စစ်ဆေးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013