
တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နှင့် ပိုင်ဖြိုးမင်းတို့ ၂ ဦးကို ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်းလျားလမ်းမီးပွိုင့်မှာ ကားနဲ့ပိတ်ပြီး ဖမ်းဆီးခဲ့တယ်လို့ တကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရဲဇာနည်ထွန်းက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်ပဲ သူ့ကို ပွဲပြီးပြီးချင်းပြန်ဖို့ ကျနော်တို့ စီစဉ်ထားတဲ့ကားနဲ့သွားတယ်ဗျ။ အဲဒီကား အင်းလျားလမ်း ရွှေရှမ်းကန်ရှေ့ရောက်တဲ့အခါမှာ အရပ်ဝတ်ကားတွေနဲ့ဝင်ပြီး အရှေ့ကနေပြီး လမ်းကိုပိတ်ပြီးတော့ဖမ်းတာ။ ပြီးတော့ မှန်ကိုဆွဲချတယ်။ ကားတံခါးဖွင့်ပြီး သော့ဖြုတ်တယ်။ ကျနော်တို့ဆီက ကျောင်းသားတွေဖမ်းတယ်လို့အော်ရော အဲဒီနှစ်ယောက်ကို ခေါ်ပြီး မောင်းသွားတယ်။”
ဆဲဗင်းဇူလိုင် ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ထဲမှာ ဟောပြောပွဲ နဲ့ အောက်မေ့ဖွယ်အခမ်းအနားကျင်းပပြီး အပြန် ညနေ ၄ နာရီကျော်လောက်မှာ ခုလိုဖမ်းဆီးခံခဲ့ရ တာပါ။ ခုလို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။










