DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦး အမှုမှန်ပေါ်အောင် လုပ်ပိုင်ခွင့်ပေးရန် သမ္မတထံတောင်းဆို
DVB
·
July 7, 2015
ကချင်ဆရာမ ၂ ဦး အမှုမှန်ပေါ်အောင် လုပ်ပိုင်ခွင့်ပေးရန် သမ္မတထံတောင်းဆို
1 / 2
Donate to DVB

ဒီနှစ်ဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ ကချင်ဆရာမနှစ်ဦးအမှုကို အမှုမှန် ပေါ်ထွက်လာရေးအတွက် လုပ်ပိုင်ခွင့်ပေးဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင် ၂ ရက်နေ့က စာရေးသားတောင်းဆိုပါတယ်။

ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲက နေအိမ်မှာ ကျောင်းဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ နှစ်ဦး ဇန်န၀ါရီ ၁၉ ရက်နေ့မနက် အရုဏ်မတက်ခင်မှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး အခင်းဖြစ်ပွားပြီးတာ ၅ လခွဲဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။

maran-lu-ra-tangbauကေဘီစီ အမှုမှန်ဖော်ထုတ်ရေးကော်မတီ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို အားခွန်သွန်စိုက်လုပ်ပေမယ့် တပ်မတော်သားတွေနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို စစ်ဆေးမေးမြန်းနိုင်ဖို့ လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိတဲ့အတွက် အမှုမှန်ဖော်ထုတ်နိုင်ဖို့ ခက်ခဲနေကြောင်းနဲ့ လုပ်ပိုင်ခွင့်ပေးအပ်ဖို့ သမ္မတထံ တောင်းဆိုကြတာပါ။

သမ္မတထံ ပေးပို့တောင်းဆိုတဲ့ အချက်ကိုးချက် တင်ပြရာမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ လူထုအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ ပါဝင်စေလျက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခွင့်ပေးပြီး တရားဝင် အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပါတယ်။

အမှန်တရား ပေါ်ပေါက်ရေးအတွက် အရပ်သား၊ စစ်သား၊ ရဲနဲ့ အစိုးရအာဏာပိုင်တွေ အပါအ၀င် အထောက်အကူပြုတဲ့ သက်သေ၊ အမှုနဲ့ပတ်သက်တဲ့ သက်သေတွေကို လွတ်လပ်စွာနဲ့ နည်းလမ်းတကျ စစ်ဆေးပိုင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ အမှုကိုင်ရဲတပ်ဖွဲ့က သက်သေခံချက်တွေကို စနစ်တကျ ဆောင်ရွက်မှုနဲ့ လက်ပြောင်းလက်လွှဲ လုပ်မလုပ်၊ ဒီအန်အေ အဖြေဟာ လုပ်ထုံးလုပ်နည်းနဲ့ရတဲ့ အဖြေဟုတ်မဟုတ် စစ်ဆေးခွင့် စတာတွေနဲ့ စစ်ဆေးမှုမှန်သမျှကို မှတ်တမ်းယူခွင့်နဲ့ ထိန်းသိမ်းခွင့်တွေကို  တောင်းဆိုထားပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) ရဲ့ အထွေထွေအတွင်းရေးမှူး  သိက္ခာတော်ရဆရာကြီး ဒေါက်တာဆမ်ဆွန်ခလမ်က…

“ကျနော်တို့က ဥပမာ ထွက်သွားတဲ့ စစ်သားတွေကို ကျနော်တို့က သိချင်တယ်။ ပြီးရင် အဲဒီကားမောင်းသမား၊ သူတို့ (ရွာသား) အခေါ် ကားဆရာပေါ့နော်။ ကား ၃ စီးဟုတ်တယ်။ ၂ စီးမှာ ရဲဘော်တွေ တက်သွားတယ်။ အဲဒါတွေကတော့ ရွာကလူတွေ အားလုံးမြင်တယ်။ ကျနော်တို့ ထွက်ဆိုတဲ့နေရာမှာလည်း ဒါတွေကို သူတို့ ပြောပြီးသားပဲ။ အဲ ဒါပေမယ့် အဲဒါကို ကျနော်တို့က အခု ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အမှုစစ်ရဲကလည်း ဒါကို ဖော်ပေးမယ်လို့ ပြောပေမယ့်လည်း ဒီနေ့ထက်ထိတော့ ဒါကို ဘာမှမလုပ်နိုင်သေးဘူး။” လို့  ပြောပါတယ်။

“ဆရာဝန်ကနေ အစပေါ့။ မှုခင်းဆရာဝန်ကနေအစ။ မူဆယ်က မှုခင်းဆရာဝန်က စပြောတုန်းက တမျိုး၊ နောက်ပိုင်းက တမျိုး၊ အဲဒါမျိုးဖြစ်လာတယ်။ သူတို့ရဲ့ ပြောဆိုမှုတွေက ရှေ့နဲ့နောက်က ကွာလာတယ်။ အဲဒါတွေပေါ့။”

ဒီတောင်းဆိုချက်ကို ဒု-သမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နဲ့ ရှမ်းပြည်နယ်အစိုးရ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကချင်လွတ်လပ်ရေးအဖွဲ့ ဗဟိုကော်မတီတို့ထံကိုလည်း မိတ္တူပေးပို့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013