DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်၌ ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ
DVB
·
July 7, 2015
ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်၌ ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ
1 / 4
Donate to DVB

ဆဲဗင်းဇူလိုင်နေ့အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ်ရှိ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦနေရာကို ဗကသကျောင်းသားတွေ သွားရောက်ပြီး စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကျောင်းသားကျောင်းသူတွေအတွက် လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။

ဆဲဗင်းဇူလိုင် ၅၃ နှစ်ပြည့်တဲ့ ဒီကနေ့မနက်မှာ  ဗကသကျောင်းသား ၃၀ လောက်က  ရန်ကုန်တက္ကသိုလ်ထဲ ၀င်ခွင့်ရဖို့ ကြိုးစားစဉ် အစပိုင်း ၀င်ခွင့်မရဘဲ တားဆီးခံခဲ့ရပေမယ့်  ရန်ကုန်တက္ကသိုလ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးနောက်မှာ ကျောင်းရှေ့မြက်ခင်းပြင် ခြံစည်းရိုးထိ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။

လွမ်းသူ့ပန်းခွေချရာမှာ ပါဝင်တဲ့  ဗကသကျောင်းသူ မအိပုံက “၆၂ တုန်းက ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုခွင်းခံရတဲ့နေရာရယ်၊ ကျောင်းသားတွေ ကျဆုံး သွေးမြေကျခဲ့တဲ့ နေရာကို လွမ်းသူ့ပန်းခွေသွားချတာပါ။ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ၁ မိနစ်ငြိမ်တယ်။  ပြီးတော့ ကျမတို့ ဗကသထုတ်တဲ့ ကြေညာချက်ကို ဖတ်တယ်ပြီးတော့ ၆၂ ခုနှစ်မှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေကို အလေးပြုတယ်ပေါ့။ ပြီးတော့ ကမ္ဘာမကြေဘူး ဆိုတဲ့ သီချင်းနဲ့ နောက်ဆုံး ပိတ်တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ စစ်အစိုးရလက်ထက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို စစ်တပ်က ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးခဲ့ပြီး ကျောင်းသားတွေ ရာနဲ့ချီ ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ ရောက်တိုင်း  ကျောင်းသားသမဂ္ဂ အဆက်ဆက်က ၀မ်းနည်းခြင်း အမှတ်တရနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိတာပါ။

ဒီကနေ့မှာလည်း  မျိုးဆက်သစ်ကျောင်းသားတွေက အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို ဒီမိုကရေစီပညာရေးအတွက် အမျိုးသားပညာရေး ဥပဒေကို ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ သပိတ်မှောက် ကျောင်းသားတွေကို ဖမ်းဆီးထောင်ချ တရားစွဲဆိုနေတာကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါတယ်။

ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေကတော့ ဆဲဗင်းဇူလိုင်  အောက်မေ့ဖွယ် အခမ်းအနားကို သာယာဝတီက တရားခွင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ တရားရုံးထုတ်စဉ်  တပတ်ကြိုပြီးပြုလုပ်ခဲ့ပါတယ်။

ဆဲဗင်းဇူလိုင် ကျောင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ဇွဲရှိမှုကို  အတုယူပြီး ဒီနေ့ခေတ် နည်းပညာတွေနဲ့ ပေါင်းစပ်မှ ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေ အောင်မြင်နိုင်မယ်လို့ ဗကသများအဖွဲ့ချုပ် လုပ်ငန်းတာဝန်ခံ ကျော်ကိုကိုက ပြောပါတယ်။

“ဆဲဗင်းဇူလိုင် ကျောင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ဇွဲရှိမှုက သမဂ္ဂကို အသေခံပြီး ကာကွယ်သွားကြတယ်။ အခုဒီမှာ ရှိနေတဲ့ ကျောင်းသားသမဂ္ဂ ရဲဘော်တွေကလည်း သမဂ္ဂကို အသေခံပြီး ကာကွယ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဇွဲရှိမှုကို အတုယူပြီးတော့ အခုလက်ရှိ နည်းပညာသစ်တွေ၊ လက်ရှိ လေ့လာထားတဲ့ လေ့လာမှုအသစ်တွေနဲ့ ပေါင်းစပ်နိုင်မယ် ဆိုလို့ရှိရင် ကျနော်တို့ အခုသွားနေတဲ့ တိုက်ပွဲဝင်နေရတဲ့ လှုပ်ရှားမှုတိုက်ပွဲတွေဟာ တနေ့နေ့တချိန်ချိန်မှာတော့ အမှန်တရား အောင်ပွဲရမယ်၊ အောင်ပွဲခံလာနိုင်မယ့် အနေအထားကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ မြင်ပါတယ်။”

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီးနောက်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာရှိတဲ့ အဆောင်နေ ကျောင်းသားတွေအပေါ် တင်းကျပ်တဲ့ ကျောင်းဆောင်စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်လိုက်တာကြောင့် ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ အမှုဆောင်ကော်မတီဝင် ၀ါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေက “တကယ်ပြောရင် အခုလောက်တောင် မကြီးကျယ်ဘူး။ ဟိုတုန်းကတော့ ကျောင်းဆောင် စည်းကမ်း။ ကျောင်းဆောင်စည်းကမ်းကို တခုတည်းနဲ့ချုပ်ပြောမယ်၊ ထောင်စည်းကမ်းလို ထုတ်တာပေါ့ဗျာ။ တက္ကသိုလ်ကျောင်းသားဗျာ အင်္ဂလိပ်ကတောင် ထောင်စည်းကမ်းလို မထုတ်ခဲ့ဘူး။ အဲတော့ အဲဒီကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ဒါကို ကျနော်တို့က အကျိုးသင့်အကြောင်းသင့်၊ ဆန္ဒပြပွဲတောင် မဟုတ်ဘူး၊ သပိတ်မှောက်တာတောင် မဟုတ်ဘူး။ တက္ကသိုလ်သမဂ္ဂအပေါ်ထပ်မှာ ကျောင်းသားထု အစည်းအဝေးပွဲလုပ်ပြီး ဒီကျောင်းဆောင်စည်းကမ်း၂၂ ချက်ကို ကျနော်တို့ ကန့်ကွက်ပါတယ်လို့ပြောတာ။ ကျောင်းမှာ ဒါ့ထက်ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်း လုပ်စရာ ဘာမှမရှိဘူး။ လက်ထဲဘာမှမရှိဘူး။” လို့ ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းဝင်းအတွင်း ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေကို တော်လှန်ရေးကောင်စီ အစိုးရစစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသားတွေ ရာနဲ့ချီ သေဆုံးခဲ့ကြရသလို နောက်နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်ခင်းမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းခွဲဖြိုခွဲလိုက်တဲ့အတွက် အဲဒီအဆောက်အဦအတွင်းမှာ ရှိနေတဲ့ ကျောင်းသားတွေ ထပ်မံသေဆုံးခဲ့ရပါတယ်။

ဒီကနေ့ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ စတဲ့မြို့တွေ၊ နယ်တွေသီးသီးမှာ ကျောင်းသားတွေက ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အထိမ်းအမှတ် ဆန္ဒပြပွဲတွေနဲ့ အထိမ်းအမှတ် အခမ်းအနားတွေ ပုံသဏ္ဌာန်မျိုးစုံနဲ့ ကျင်းပကြပါတယ်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာတော့ ဗကသ ကျောင်းသား ကျောင်းသူ ၂၀ ကျော်က  ခွင့်ပြုချက်မရရှိတဲ့ကြားက  ဝမ်းနည်းခြင်း အထိမ်းမှတ် လွမ်းသူပန်းခွေချ ၁ မိနစ်ငြိမ်သက်ပြီး အောက်မေ့ဖွယ်အခမ်းအနား ကျင်းပသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013