DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ကချင် ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်
DVB
·
July 6, 2015
ရခိုင်နှင့်ကချင် ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်
1 / 9
Donate to DVB

ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက ပြည်သူတွေ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ များစွာလိုအပ်နေတယ်လို့ ရေဘေးဒုက္ခသည် ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ရခိုင်ပြည်နယ် နေရာအနှံ့ ရေကြီးခဲ့ရာ အမ်းမြို့နယ်ထဲမှာ လူ ၅ ဦး သေဆုံးခဲ့တာပါ။

လက်ရှိ အမ်းမြို့နယ်ထဲမှာ ရေပြန်ကျသွားပေမယ့် ရွာထဲ အိမ်ထဲ ၀င်ရောက်လာတဲ့ ရွှံ့နွံတွေ မခတ်ထုတ်နိုင်သေးသလို ပြိုကျပျက်စီးသွားတဲ့ အိမ်တွေလည်း ပြန်မပြင်နိုင်သေးဘူးလို့ ရပ်ကွက် ၃ နေ ဒေသခံ ဦးကျားကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ရွှံ့နွံတွေက လမ်းပေါ်မှာရော၊ အိမ်ထဲမှာရော ပြည့်နေတုန်းပဲ။ လောလောဆယ် စားဖို့ သောက်ဖို့က ပိုအရေးကြီးလို့ အဲဒါတွေမလုပ်နိုင်သေးဘူး။ အိမ်ပြန်ဆောက်ဖို့လည်း မလုပ်နိုင်ဘူး။ ပြည်နယ်ဝန်ကြီး လာကြည့်မယ်လို့တော့ ပြောနေကြတယ်။ ခုထိမရောက်သေး ဘူး။ တနေ့က တအိမ်ကို ဆန်လေးပြည် လာဝေတယ်၊ မလောက်ပါဘူး။”

ရပ်ကွက် ၄ နေ ဒေါ်စန်းမြင့်ကတော့ သူတို့အိမ်ဟာ ရေထဲ အားလုံးနီးပါး မျောပါပျက်စီးပေမယ့် အိမ်ထောင်စုဇယား၊ သန်းခေါင်စာရင်း ပျောက်ဆုံးသွားလို့ သက်ဆိုင်ရာဆီက ဘာအထောက်အပံ့မှ မရဘူးလို့ ဆိုပါတယ်။

“အိမ်က ရစရာမရှိအောင် ပျက်သွားတယ်။ ကလေးတဘက်နဲ့ စားစရာရဖို့ပဲ လုပ်နေရလို့ အိမ်ဘက်ကို လှည့်မကြည့်နိုင်ဘူး။ အကူအညီလည်း မရဘူး။ အိမ်ထောင်စုဇယား ပျောက်သွားလို့၊ စားစရာလည်း အခက်အခဲရှိပါတယ်။”

အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီက ဒေါ်သွယ်သွယ်စိုးကတော့ အုပ်ချုပ်ရေးပိုင်းက အခုလို အရေးပေါ်နေတဲ့ အချိန်မှာ စာရွက်စာတမ်း အထောက်အထားတွေထက် လူကို အရင်ကူညီသင့်တယ်လို့ ပြောပါတယ်။

“သူတို့လည်း ဒေသခံ ရခိုင်လူမျိုးတွေပဲလေ။ အရေးပေါ်တဲ့အချိန် လူကို အရင်ကူညီသင့်တယ်လို့ ကျမတို့ပြောတာပဲ။ ပြီးတော့ သူတို့အိမ်ကို ကျမတို့က ပျက်စီးစာရင်းထဲ ထည့်ပေမယ့် အုပ်ချုပ်ရေးပိုင်းက အထည့်မခံဘူး။ အဲလိုမျိုး စာရင်းထဲ အသွင်းမခံရတဲ့အိမ်တွေ အများကြီး ရှိသေးတယ်။”

အမ်းမြို့နယ်မှာ အုပ်ချုပ်ရေးရုံးက ရေဘေးကြောင့် ပျက်စီးတယ်လို့ သတ်မှတ်ထားတဲ့ နေအိမ်အလုံး ၁၇၂ လုံးသာရှိပြီး အမှန်တကယ် ပျက်စီးတာက ၂၀၀ ကျော်နိုင်ကြောင်း၊ သူတို့ရပ်ကွက်မှာ အိမ် ၂၀ လောက် ပျက်စီးတာ ၆ လုံးပဲ စာရင်းထဲဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

သံတွဲမှာတော့ မြို့ပေါ်မှာ အခြေအနေ ပုံမှန်ပြန်ဖြစ်ပေမယ့် ရွာတွေမှာတော့ အိမ်တွေ မပြင်နိုင်သေးဘဲ သောက်ရေ၊ သုံးရေ အခက်အခဲရှိနေတယ်လို့ သံတွဲမြို့နယ် ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ဖြူက ပြောပါတယ်။

“ရွာတွေမှာတော့ ပျက်သွားတဲ့အိမ်တွေ မပြင်နိုင်သေးဘူး။ သူတို့မှာ  ရေအခက်အခဲ ရှိနေတယ်။ အထူးသဖြင့် ပရစ်ရွာနဲ့ ရေကောက်ရွာမှာဆိုရင် သူတို့သောက်သုံးနေတဲ့ ရေတွင်းထဲ အမှိုက်သရိုက်တွေ ၀င်ကုန်တယ်။ အကူအညီတွေတော့ လာပါတယ်။ ကျနော်တို့ပါတီကလည်း အလှူငွေတွေ ဘာတွေပေးတယ်။ ကြက်ခြေနီက အိမ်အသုံးအဆောင်တွေလှူတယ်။ လျှပ်စစ်ဘက်ကလည်း ငွေတွေလှူတယ်။ ဒါပေမယ့် အိမ်ပြန်ဆောက်ဖို့တော့ မလောက်ဘူးပေါ့။”

အဲဒီကျေးရွာတွေမှာ ရေဘေးကြောင့် လူပေါင်း၁၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ကာ အသိဆွေမျိုး အိမ်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဦးတင်မောင်ဆွေကတော့ ရခိုင်ပြည်မှာ ရေကြီးတာ နှစ်တိုင်းလိုဖြစ်ပြီး ဒီနှစ်မှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပြီးကြောင်း၊  အိမ်တွေပျက်စီးတာကလည်း တဲအိမ်တွေသာဖြစ်ကြောင်း၊ ပျက်စီးမှုပေါ်မူတည်ပြီး တအိမ်ကို ကျပ် ၅ သောင်းကစ ထောက်ပံ့ကာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကလည်း ဇူလိုင်လ ၅ ရက်နေ့ ကတည်းက စစ်တွေ၊ သံတွဲ၊ အန်းတွေဘက်ကို ကွင်းဆင်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အလားတူ ကချင်ပြည်နယ် ဖားကန့်ဘက်မှာလည်း ဇူလိုင်လ  ၄ ရက်နေ့က မိုးသည်းထန်စွာ ရွာတဲ့အတွက် ဥရုချောင်းရေလျှံပြီး ဖားကန့်မြို့ပေါ်နဲ့ လုံးခင်းကျေးရွာ အုပ်စုတွေဘက်မှာ ရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။

လုံးခင်းမှာ စနေနေ့က ရေပြန်ကျသွားပေမယ့် ဖားကန့်မြို့ပေါ်မှာတော့ ကနေ့ထိ ရေအနည်းသာ ကျဆင်းလို့ စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဖားကန့်ပါရမီ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြို့မ၊ ငှက်ပျောတော၊ အေးမြသာယာ၊ မရှီကထောင် အဲဒီရပ်ကွက်တွေမှာ ရေကြီးနေပါတယ်။ ဥရုချောင်းဘေးက အိမ်တွေအားလုံး နစ်တယ်၊ ၁၀၀ လောက်ရှိမယ်။ တချို့နေရာက ရင်ခေါင်းထိ တက်တယ်။ အခုနည်းနည်း ကျသွားပေမယ့် အကုန်မကျသေးဘူး။ အေးမြသာယာကျောင်းလည်း ပိတ်ထားရတယ်၊ သွားသွားလာလာ လှေတွေ သုံးနေရတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတွေ အပါအ၀င် ပြီးခဲ့တဲ့ သီတင်းပတ်တွေက နေရာအနှံ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013