DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လုပ်ရန် ၃ နိုင်ငံ သဘောတူ
DVB
·
July 6, 2015
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လုပ်ရန် ၃ နိုင်ငံ သဘောတူ
Donate to DVB

ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရေး ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ-ဂျပန်-ထိုင်း ၃ နိုင်ငံ ခေါင်းဆောင်တွေ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေး အပြင်ဘက်မှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးပြီး ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီမှု မူကြမ်းကို ဇူလိုင် ၄ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

သဘောတူညီမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် ၂၀၀ စတုရန်း ကီလိုမီတာ အကျယ်အ၀န်းရှိတဲ့ ဒီစီမံကိန်းဟာ ကမ္ဘာ့ကုန်စည် ကူးသန်းရောင်းဝယ်ရေး စင်တာသစ်တခု ဖြစ်လာမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

“ဒီသဘောတူလက်မှတ်ရေးထိုးမှုဟာ အာဆီယံ စီးပွားရေး အသိုက်အ၀န်း အကောင်အထည်ဖော်မှုအဖြစ် ဂျပန်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။” လို့ ပြောပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဟာ မဲခေါင်ဒေသ ကုန်သွယ်မှုရဲ့ အဓိက အချက်အချာနေရာ ဖြစ်လာမှာဖြစ်ပြီး အာဖရိကနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုရာမှာ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းကတဆင့် မြန်မာနိုင်ငံတွင်း ချိတ်ဆက် လုပ်ဆောင်နိုင်မယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း ဇူလိုင် ၃ ရက်နေ့က ကျင်းပခဲ့တဲ့ မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးဖိုရမ် မိန့်ခွန်းပြောကြားရာမှာ ထားဝယ်အထူးစီးပွားရေးဇုန် ထူထောင်ရေးအတွက် ဘဏ္ဍာရေးနဲ့ နည်းပညာ အကူအညီတွေ ပေးဖို့ ဂျပန်နိုင်ငံရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ လက်ရှိ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကာလတို အလုပ်အကိုင်တွေ ဖန်တီးပေးတာ၊ ဒေသခံတွေကို စီမံကိန်း အကျိုးကျေးဇူးတွေ အသိပေးတာတွေနဲ့ အခုနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေထဲမှာ ၂၇ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိတဲ့ စက်မှု ကုန်ထုတ်ရပ်ကွက်၊ ထိုင်းနိုင်ငံနဲ့ ဆက်သွယ်တဲ့ ကားလမ်း၊ အလုပ်သမားတွေ နေထိုင်ရန် မြို့နယ်၊ LNG ဓာတ်ငွေ့တင်ပို့ရေး၊ ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းနဲ့ ရေလှောင်ဆည်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့၊ ဗီယက်နမ် မဲခေါင်ဒေသ ၅ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့် ၃ နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ ဂျပန်ယန်းငွေ ၇၅၀ ဘီလီယံ  ထောက်ပံ့ကူညီပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထိပ်သီးအစည်းအဝေးမှာ  တရားဝင် ကတိပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013