DVB Logo
Home
Lead Story
ထိုင်းစစ်တပ် အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေကြဆဲ (ဆောင်းပါး)
DVB
·
July 6, 2015
ထိုင်းစစ်တပ် အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်နေကြဆဲ (ဆောင်းပါး)
Donate to DVB

၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ ထိုင်းဘုရင့်တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ပရာယွတ် ချန်အိုချာက ခေါင်းဆောင်ပြီး ၁၂ ကြိမ်မြောက် စစ်တပ်အာဏာသိမ်းယူမှုကို ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အာဏာသိမ်းမှုကတော့ နိုင်ငံရေးအကျပ်အတည်းဖြစ်ပြီး ၆ လ အကြာမှာ အဲဒီအချိန်က အိမ်စောင့်အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာခဲ့တာပါ။ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးနဲ့ စည်းစနစ်ကျနရေး အမျိုးသားကောင်စီ (အန်စီပီအို) ဆိုတဲ့ စစ်ကောင်စီတခုကို ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဖွဲ့နဲ့ အထက်လွှတ်တော်ကို ဖျက်သိမ်းပြီးတဲ့ အချိန်မှာ အင်စီပီအိုက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အာဏာတွေကို စစ်ကောင်စီ ခေါင်းဆောင်တွေလက်ထဲ ထည့်ပေးခဲ့ပြီး တရားစီရင်ရေးမှာလည်း သူတို့ရဲ့ ညွှန်ကြားမှု အောက်မှာပဲ ဆောင်ရွက်လုပ်ကိုင်စေခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တစိတ်တပိုင်း ရပ်ဆိုင်းပစ်လိုက်ပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို ထုတ်ပြန်၊ နိုင်ငံအ၀ှမ်း ညမထွက်ရ အမိန့်ထုတ်၊ နိုင်ငံရေးအရ လူသူစုဝေးခွင့်ကိုလည်း ပိတ်ပင်ပစ်လိုက်ပါတယ်။ နောက် နိုင်ငံရေးသမားတွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အင်တာနက် လွှင့်တင်မှုကို စိစစ်ဖြတ်တောက်မှုလုပ်၊ သတင်းမီဒီယာတွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ထိန်းချုပ်ပစ်လိုက်ပါတယ်။

စစ်ကောင်စီကပဲ သူတို့ကို လွတ်ငြိမ်းခွင့်နဲ့ အာဏာအားလုံး သုံးစွဲခွင့်ပြုထားတဲ့ ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ကို ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ နောက်ခြေတလှမ်းကတော့ စစ်တပ်လွှမ်းမိုးတဲ့ အမျိုးသားဥပဒေပြု အဖွဲ့တခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဥပဒေပြုအဖွဲ့ကပဲ နိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် အာဏာသိမ်းခေါင်းဆောင်  ဗိုလ်ချုပ်ကြီးကိုပဲ တညီတညွတ်တည်း ရွေးချယ် တင်မြှောက်ခဲ့ကြပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ ယင်လတ်အစိုးရကို နှုတ်ထွက်ပေးဖို့ ကာလရှည်ကြာ ဆန္ဒပြနေတဲ့ လူထုဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးကော်မတီ (ပီဒီအာရ်စီ) က ဆန္ဒပြသမားတွေက သူတို့ စုဝေးဆန္ဒပြနေတဲ့ နေရာတွေကနေ လက်ခုပ်တီး အားပေးထောက်ခံခဲ့ကြပါတယ်။ ပီဒီအာရ်စီ ဒုတိယခေါင်းဆောင် ဗုဒ္ဓဘာသာဘုန်းကြီး ဖရာဗုဒ္ဓ အီဆရာကလည်း ဆန္ဒပြပွဲ စင်မြင့်ပေါ်တက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အောင်ပွဲရခဲ့ပြီလို့ ပြောဆိုခဲ့ပြီး လူစုခွဲပြီး အိမ်ပြန်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ စစ်သားတွေကလည်း အစိုးရ ထောက်ခံသူတွေ ဆန္ဒပြနေကြတဲ့ နေရာတွေကို ၀င်ရောက်လာခဲ့ပြီး သေနတ်တွေ မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲပစ်ခဲ့ကြပါတယ်။

ဘက်နှစ်ဘက်စလုံးက ဘန်ကောက်မြို့မှာ မေလ ၂၃ ရက်နေ့ညနေအထိ ကျန်နေခဲ့တဲ့ ဆန္ဒပြသူတွေကိုတော့ စစ်ကောင်စီ အန်စီပီအိုက စစ်ကားအစီး ၇၀ စေလွှတ်ပေးပြီး သူတို့ရဲ့အိမ်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီလို စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ယင်လတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ အင်အားက အစိုးရထောက်ခံသူအင်အားထက် ပိုပြီးများပြားနေတဲ့အတွက် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံအားပေးသူတွေ များပြားနေတယ်လို့ ထင်ခဲ့ကြရပါတယ်။

တချိန်တည်းမှာပဲ ၂၀၁၃-၂၀၁၄ ကာလအတွင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေခဲ့ပြီး ပီဒီအာရ်စီ ဦးဆောင်စည်းရုံးထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကလည်း ၂၀၁၃ မေလက စတင်ပြီး အရှိန်အဟုန်နဲ့ လှုပ်ရှားခဲ့ကြတဲ့အတွက် ထိုင်းနိုင်ငံ အဓိကလမ်းမကြီးတွေနဲ့ ဒီမိုကရေစီ ကျောက်တိုင်လို အထိမ်းအမှတ် နေရာကြီးတွေမှာ လူစုလူဝေးကြီးတွေ နေ့စဉ်နဲ့အမျှ ရှိနေခဲ့တဲ့အတွက် နိုင်ငံရေး စိတ်မ၀င်စားတဲ့ သာမန်ဈေးသည်၊ သာမန်အလုပ်သမားတွေနဲ့ ၀န်ထမ်းတွေဟာ ဆန္ဒပြပွဲတွေကြောင့် မတည်မငြိမ် ဖြစ်နေခဲ့တဲ့ မြို့တော်ဘန်ကောက်ရဲ့ အခြေအနေတွေကို ငြီးငွေ့စိတ်ပျက်နေကြသူတွေလည်း အတော်များများ ရှိနေခဲ့တဲ့အတွက် ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုကို လူထုက ထောက်ခံကြတယ်လို့တောင် ထင်မှတ်မှားခဲ့ကြတယ်လို့ ဆိုရမှာပါပဲ။

တကယ်တော့ ထိုင်းနိုင်ငံသားတွေဟာ တကယ်ပဲ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေကို နှစ်သက်လိုလားကြပြီး ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းရဲ့ နေထိုင်ပုံ နေထိုင်နည်းတွေနဲ့ အသားကျနေသူတွေ ဖြစ်ကြပါတယ်။ ပြဿ နာက ယင်လတ်ရှင်န၀ပ်ရဲ့ အစ်ကို ၀န်ကြီးချုပ် သက်ဆင်ရှင်န၀ပ်ရဲ့ နိုင်ငံရေးသြဇာလွှမ်းမိုးမှု ရှိနေတဲ့ ယင်လတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝ ဦးဆောင်တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီဝင်နဲ့ ထောက်ခံသူတွေ၊ ထိုင်းလူလတ်တန်းစားနဲ့ ပညာတတ်တွေက ယင်လတ်အစိုးရကို နုတ်ထွက်ပေးဖို့ လူထုကိုစည်းရုံးပြီး ယင်လတ်အစိုးရကို ကန့်ကွက်ဆန္ဒပြရာက စခဲ့တာပါ။

ဒါပေမယ့် ထိုင်းနိုင်ငံရေး ဇာတ်ခုံဟာ နက်နက်ရှိုင်းရှိုင်းကို စည်းလုံးညီညွတ်မှု ပြိုကွဲနေခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။ ဆန့်ကျင်ကန့်ကွက်သူတွေရဲ့ အခြေခံ ဦးတည်ချက်ကတော့ ထိုင်းနိုင်ငံရေးအပေါ် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်န၀ပ်ရဲ့ သြဇာလွှမ်းမိုးနေမှုနဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စောင့်ကြည့်ကြီးကြပ်ဖို့ ရွေးချယ်တင်မြှောက်ခံ မဟုတ်တဲ့ “လူထုကောင်စီ” တခု ဖွဲ့စည်းပေးဖို့ပဲ ဖြစ်ပါတယ်။ ဆန့်ကျင်ကန့်ကွက်သူတွေကတော့ သက်ဆင်ကို သူ့ရဲ့ လူမှုပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ၊ စီးပွားရေး မူဝါဒတွေနဲ့ လူထုကျန်းမာရေး စောင့်ရှောက်ရေး ဘတ် ၃၀ စီမံချက်ကြောင့် ထိုင်းမြောက်ပိုင်းနဲ့ ဒေသအတော်များများက ဆင်းရဲသား တောင်သူလယ်သမားတွေနဲ့ ပြည်သူလူထုရဲ့ အားကောင်းတဲ့ ထောက်ခံမှုကို ရရှိထားသူဖြစ်ပေမယ့် ဆိုးဝါးတဲ့ အကျင့်ပျက် ခြစားလောက်ကိုက်သူ၊ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကို ဖျက်ဆီးတဲ့သူတဦးအဖြစ် မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်ရ၊ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲဖြစ်ခဲ့ရ၊ ဆန့်ကျင်ဘက် နိုင်ငံရေး အုပ်စုတွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြ၊ မြို့တော် ဘန်ကောက်မှာ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေကို အကြမ်းဖျင်း တင်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီး စစ်ကောင်စီက နိုင်ငံရေးစုဝေးမှုတွေနဲ့ ၅ ယောက်ထက်ပိုတဲ့ လူအရေအတွက် မစုဝေးရလို့ ဘယ်လိုပဲ ပိတ်ပင်ထားခဲ့ပေမယ့် ၂၀၁၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ထမာဆတ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာတချို့ပါဝင်တဲ့ ဆန္ဒပြသူတွေက ဒီမိုကရေစီ ကျောက်တိုင်အထိ ချီတက်ပြီး အာဏာသိမ်းမှုအပေါ် သူတို့ရဲ့ ဒေါသနဲ့ မကျေမနပ်ဖြစ်မှုကို ပြသခဲ့တာ တွေ့ရပါတယ်။ တနေ့တည်းမှာပဲ အခြား ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ပြုလုပ်ခဲ့ကြပြီး ဘန်ကောက် အနုပညာနဲ့ ယဉ်ကျေးမှု ဗဟိုရှေ့မှာ အလွတ်တန်း သတင်းသမားတွေ၊ အနုပညာရှင်တွေနဲ့ လူမှုတက်ကြွ လှုပ်ရှားသူတွေ ဦးဆောင်တဲ့ ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက စေလွှတ်တဲ့ စစ်သားတွေက ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပြီး ကျည်အစစ်နဲ့ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေလည်း နေရာအနှံ့မှာ ဖြစ်ပွားခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာလည်း အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ စစ်သားတွေ ချထားတဲ့ ဘန်ကောက် မေဂျာ ရချယိုသင် ရုပ်ရှင်ရုံရှေ့မှာ ကန့်ကွက်ဆန္ဒပြမှုတခု ပြုလုပ်ခဲ့ပြီး အဲဒီညနေမှာပဲ နောက်ဆန္ဒပြအုပ်စု တခုက လူတထောင်ကျော်ဟာလည်း ဒီမိုကရေစီ ကျောက်တိုင်အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ တခြား ချင်းမိုင်၊ ခွန်ခင်၊ မဟာဆရခမ် ခရိုင်တွေမှာလည်း ဆက်တိုက်ဆိုသလို ကျင်းပ ကန့်ကွက်ခဲ့ကြပါတယ်။ အင်တာနက်နဲ့ လူမှုမီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတွေကနေပြီးလည်း ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပြီး တချို့ လူမှုမီဒီယာသမားတွေကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထိုင်းကန့်ကွက်ဆန္ဒပြသူတွေ၊ အထူးသဖြင့် ကျောင်းသားတွေနဲ့ လူငယ်တွေက သူတို့ရဲ့ ကန့်ကွက်ဆန့်ကျင်မှု အမှတ်အသားအဖြစ် ဟန်းဂါးဂိမ်းစ် ရုပ်ရှင်တွဲထဲက လက်သုံးချောင်းထောင် အလေးပြုတဲ့ပုံစံကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီလက်သုံးချောင်းကတော့ တန်းတူညီမျှမှု၊ လွတ်လပ်မှုနဲ့ ညီရင်းအစ်ကိုဖြစ်မှုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ စစ်တပ်ကတော့ အဲဒီ လက်သုံးချောင်းထောင် အလေးပြုမှုလုပ်တဲ့ သူတွေကို ဖမ်းဆီးမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒါကြောင့် ကန့်ကွက်ဆန္ဒပြသူတွေက သူတို့ရဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အမှတ်အသားသစ်အဖြစ် အသားညှပ်ပေါင်မုန့်ကို အသုံးပြုခဲ့ကြပြီး ကန့်ကွက်ဆန္ဒပြသူတွေက အသားညှပ်ပေါင်မုန့်တွေကို စားချင်သူတွေကို ဒီမိုကရေစီအတွက် “အသားညှပ်ပေါင်မုန့်တွေ” လို့ အော်ဟစ်ပေးဝေခဲ့ကြပါတယ်။ အဲဒီအမှတ်သင်္ကေတတွေအပြင် ဂျော့ အိုဝဲလ်၊ နိုင်တီးနိုင်တီအိတ် စတဲ့ စာသားတွေသုံးပြီးလည်း ကန့်ကွက်မှုကို ပြသခဲ့ကြပြီး “ငြိမ်းချမ်းရေးပေးပါ”၊ “ကျနော်တို့ရဲ့ မဲဆန္ဒကို လေးစားပါ” ဆိုတဲ့ ကြွေးကြော်သံတွေ ရိုက်နှိပ်ထားတဲ့ တီရှပ်တွေကိုလည်း ၀တ်ဆင် ဆန္ဒပြခဲ့ကြပါတယ်။

ပြောလိုရင်းကတော့ အာဏာသိမ်း စစ်အစိုးရက ဘယ်လိုပဲ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်၊ ဖိနှိပ်မှု၊ ဖမ်းဆီးထောင်ချမှုတွေ လုပ်ခဲ့၊ လုပ်နေဆဲ ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကို လက်မခံဘူး ဆိုတာကိုတော့ ထိုင်းနိုင်ငံ ကျောင်းသားနဲ့ ပြည်သူလူထုက ပြသကန့်ကွက်နေကြဆဲဖြစ်တယ် ဆိုတာပါပဲ။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အုံကြွဆန့်ကျင်ဖို့ လှုံ့ဆော်မှု၊ စစ်ကောင်စီရဲ့ အမိန့်ကို အာခံမှု၊ လူငါးယောက်ထက်ပိုပြီး စုဝေးခွင့် ပိတ်ပင်တားဆီးထားတာကို ချိုးဖောက်မှုတွေနဲ့ ကျောင်းသား ၁၄

ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးတာကို ဘန်ကောက် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေသ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က ပြစ်တင် ကန့်ကွက်ခဲ့ကြပါတယ်။

ဘန်ကောက်က ထိပ်သီးတက္ကသိုလ်တွေကို ကိုယ်စားပြုတဲ့ “ပူပင်သောကရောက်နေသူ ကထိကများကွန်ရက်” က ပညာရှင်တွေကလည်း ဘန်ကောက် ရီမန်ဒ်အကျဉ်းထောင်ရှေ့မှာ သွားရောက်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့က ထုတ်ပြန်ကြေညာချက်တခုကို ဖတ်ပြခဲ့ပြီး အဲဒီထဲမှာ သူတို့က “ကျနော်တို့ ကျောင်းသားတွေအပေါ်မှာနဲ့ လူ့အဖွဲ့အစည်းပေါ်မှာ ရှိနေတဲ့ တာဝန်တွေအတွက် ပူပင်သောက ရောက်နေကြရတဲ့ ဆရာတွေအနေနဲ့ အာဏာသိမ်းခေါင်းဆေင်ရဲ့ အမိန့်တွေကို ချိုးဖောက်လို့ ကျောင်းသား ၁၄ ယောက်ကို ဖမ်းဆီးတာဟာ တရားမ၀င်ပါဘူး၊ အာဏာသိမ်းတာဟာ စကတည်းက တရားမ၀င်ပါဘူး၊ ဒါကြောင့် ကျောင်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သူတို့ကို ဘယ်လိုတရားစွဲဆိုမှုမှ မလုပ်သင့်ပါဘူး” လို့ ထည့်သွင်းရေးသားထားပါတယ်။

ထိုင်းနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ ထိုင်းပြည်သူတွေရဲ့ ကန့်ကွက်ဆန့်ကျင်မှုကို ရင်ဆိုင်နေရဆဲဖြစ်သလို ကျနော်တို့နိုင်ငံက ခေတ်အဆက်ဆက် စစ်အာဏာသိမ်းမှု လုပ်ထားခဲ့ကြတဲ့ အာဏာရှင်တွေ အနေနဲ့လည်း နှစ်ပေါင်းများစွာသာ ကြာသွားခဲ့ပေမယ့် ခုချိန်ထိ ကျောင်းသားနဲ့ ပြည်သူလူထုတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်သလို သူတို့ မတရားရယူထားတဲ့ အာဏာကို မူလပိုင်ရှင် ပြည်သူလူထုလက်ထဲ တကယ်တန်း ပြန်လည်ပေးအပ်ရတဲ့ အချိန်အထိ ကန့်ကွက်ဆန့်ကျင်မှုတွေကို တွေ့ကြုံနေရလိမ့်အုံးမယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။      ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013