DVB Logo
Home
Lead Story
ဗိုက်ခွဲမွေးတာ တကယ်လိုသလား
DVB
·
July 5, 2015
ဗိုက်ခွဲမွေးတာ တကယ်လိုသလား
Donate to DVB

မေးချင်တာလေး မေးပါရစေ။ အခုခေတ် အိုဂျီတိုင်းဟာ ရိုးရိုးမွေးမပေးချင်ကြဘူး။ အဲဒါ ဘာလို့လဲ။ ခွဲစိတ်ခ လိုချင်လို့လား။ ဒါမှမဟုတ် အချိန်ကုန် မခံချင်တာလား။ သူတို့မှာ စေတနာဆိုတာ မရှိဘဲ အသပြာနောက်ကိုပဲ လိုက်နေကြတာလား သိချင်တယ်။ နိုင်ငံခြားမှာက လိုအပ်မှပဲ ခွဲတယ်။ မြန်မာနိုင်ငံမှာက အိုဂျီတိုင်းက ခွဲတယ်။

ကျနော် အိုဂျီ မဟုတ်ပါ။ စေတနာဆိုတာ စိတ္တဇနာမ်ဖြစ်လို့ ဆုပ်ကိုင်ပြလို့ မရတာမို့ ရှိ၊ မရှိ ပြောဖို့ ခက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာလည်း ခွဲမွေးဖို့ကို လိုတာထက်ပိုလုပ်နေကြတယ်။ ထိပ်ဆုံးနိုင်ငံ ၂ ခုကို ဥပမာပေးပါမယ်။ ဗြိတိန်မှာ အစိုးရကနေ အမျိုးသမီးတွေကို ကျန်းမာရေး အခမဲ့လုပ်ပေးတာမှာ အပြောင်းအလဲတချို့ လုပ်လိုက်တာမို့ ကလေးကို ဗိုက်ခွဲပြီး မွေးကြတာ ပိုများလာစရာအကြောင်း ရှိတယ်လို့ ၄-၁၁-၂ဝ၁၁ ကလာတဲ့သတင်းက ဆိုပါတယ်။

ယေဘုယျပြောရရင် ဗိုက်ခွဲမွေးတာဟာ စိတ်ချရတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် စီစီစဉ်စဉ် လုပ်ရရင် ပိုတောင်မှာ စိတ်ချနိုင်ပါတယ်။ လမ်းညွှန်ချက်တွေကို အခါအားလျော်စွာ ပြန်သုံးသပ်ပြီး အသစ်တွေ လုပ်နေတာပါ။ အခုလုပ်ရတာက ဘယ်က ဖိအားပေးလို့မှ မဟုတ်ပါ။ ဒါပေမယ့် ရှေ့နေတွေနဲ့ ဆရာဝန်တွေကပါ လက်ရှိ ဗြိတိန်ကျန်းမာရေး စောင့်ရှောက်မှုက အမျိုးသမီးတွေကို ကလေးမွေးတဲ့အရေးမှာ ကာယကံရှင်သဘော ပြောခွင့်ရတာ နည်းနေတယ်တဲ့။ မြန်မာပြည်မှာလည်း မထူးလောက်ပါ။

သူတို့ဆီမှာ ခန့်မှန်းချက်အရ ဗိုက်ခွဲမွေးပေးရတာဟာ ရိုးရိုးမွေးပေးရတာထက် ပေါင် ၈ဝဝ ပိုကုန်ကျပါတယ်။ မွေးလမ်းကနေ မွေးရာကနေ နောက်ဆက်တွဲ တခုခုဖြစ်သွားလို့ ဥပမာ ဆီးမလုံတာမျိုးအတွက် ကုသပေးရတဲ့စရိတ် မပါသေးဘူး။ အစီရင်ခံစာထဲမှာ တချက်ပါသေးတယ်။ တကယ်လို့ ဗိုက်ခွဲပေးရတဲ့ ရာခိုင်နှုန်း တမှတ်ကျတယ်ဆိုရင် ကျန်းမာရေးဌာနအတွက် ပေါင် ၅ ဒသမ ၆ ဘီလီယံ သက်သာတာ ဖြစ်တယ်။ မြန်မာပြည်မှာတော့ အစိုးရက မဟုတ်ဘဲ လူနာသာ ကုန်ကျရတယ်။

ယူကေမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းဟာ ဗိုက်ခွဲမွေးကြတယ်။ အမေရိကားမှာ ၃ဝ ရာခိုင်နှုန်း ရှိတယ်။ ၂ နိုင်ငံလုံးမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဗိုက်ခွဲမွေးရတာ တိုးလာနေတယ်။ ဆရာဝန်တွေက ရှင်းပြတာကတော့ တောင်းဆိုလို့ ခွဲပေးရတာမို့ များလာတာ မဟုတ်ပါ။ မိခင်လောင်းတွေက ကိုယ်အလေးချိန်များလွန်လို့၊ ဆီးချိုရောဂါလည်း ရှိတာ များလာကြလို့ပါ။

ဗိုက်ခွဲမွေးရသူ ၁ဝ ရာခိုင်နှုန်းဟာ ရက်ရွေးပြီး ခွဲပေးရတာ ဖြစ်တယ်။ ၁၅ ရာခိုင်နှုန်းက အရေးပေါ် ခွဲပေးရတာ ဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နေ ဖြစ်သင့်တယ် ယူဆတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ ဗိုက်ခွဲမွေးနှုန်း ၁၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ ဗြိတိန်မှာ ၁၅ ရာခိုင်နှုန်းလောက်က အပြင်ဆေးခန်းတွေမှာ ခွဲမွေးပြီး ရာခိုင်နှုန်းမြင့်မားတယ်။ နာမည်ကြီးသူတွေ လာမွေးတတ်တဲ့ ပို့တလင်းဆေးရုံမှာဆိုရင် ၃၅ ကနေ ၄ဝ ရာခိုင်နှုန်းအထိ ခွဲမွေးတယ်။

မိခင်ရော ကလေးပါ ကျန်းမာရင် မွေးလမ်းကနေ ကလေးမွေးရတာဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတော့ ကလေးရဲ့အဆုတ်ကနေ မွေးတာနဲ့ အသက်ရှူစေအောင် အကူအညီ ပေးရာကျပါတယ်။ ခွဲမွေးရတာလည်း စိတ်ချနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သတိတော့ ထားရမှာပေါ့။ ပိုးဝင်တာ၊ သွေးယိုတာနဲ့ နောင် ကလေးရဖို့ဆိုတာတွေ ခေါင်းထဲထားရတယ်။ ဗိုက်ခွဲမွေးရင် အများဆုံး ၃ ခါထက်ခွဲလို့ မရပါ။ မွေးပြီး ကလေးတခုခုဖြစ်လို့နဲ့ ၃ ယောက်မက လိုချင်သူတွေက မကြာခဏ မေးကြပါတယ်။ ၃ ခါထက်တော့ လုပ်မပေးပါ။

အထောက်အကူ လူ၊ ပစ္စည်း၊ ငွေကြေး မပြည့်စုံတဲ့ အခြေအနေမှာ မွေးပေးရရင်လည်း အကောင်းဆုံး စောင့်ရှောက်မှုကိုသာ အဓိက ထားရမယ်။ စပါယ်ရှယ် လုပ်ချင်တာမျိုးတွေကိုတော့ ဘေးချိတ်ထားသင့်ပါတယ်။

ယူအက်စ်မှာလည်း အဲလိုလုပ်တယ်။ သုံးစွဲသူအစီရင်ခံစာတွေက ထောက်ပြကြတယ်။ ဆေးရုံတွေကနေ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးတာ လုပ်နေကြပါသတဲ့။ ပြည်နယ် ၂၂ ခုမှာ လေ့လာမှု လုပ်ခဲ့တယ်။ အန္တရာယ်နည်း ကိုယ်ဝန်ကို ခွဲမွေးနှုန်း အလွန်များနေတယ်။ ဆေးရုံ ၃ ခုမှာ ၂ ခုလောက်က အဲဒီအမှတ် ရကြတယ်။ တကယ်ဆိုရင် ကိုယ်ဝန်ဆောင်အားလုံးထဲမှာ ၅၅ ရာခိုင်နှုန်းလောက်မှာ အန္တရာယ်နည်း ကိုယ်ဝန်အဆင့် ရှိပါတယ်။ ယူအက်စ်မှာရှိတဲ့ ဆေးရုံပေါင်း ၁၅ဝဝ ကို ၂ဝဝ၉ နဲ့ ၂ဝ၁၂ ကြားကာလတွက် လေ့လာထားတာ ဖြစ်ပါတယ်။ ဗိုက်ခွဲမွေးတာဟာ အသက်ကယ်ရာကျတာတော့ အမှန်ပါ။ ဒါပေမယ့် မိခင်အတွက်ရော ကလေးအတွက်ပါ အကောင်းဆုံးရွေးချယ်မှုလို့တော့ မပြောနိုင်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ၂ဝ၁ဝ ခုနှစ်မှာ အစီရင်ခံစာတခု ထုတ်ထားပါတယ်။ အပိုဆောင်းနဲ့ မလိုအပ်တဲ့ ဗိုက်ခွဲမွေးပေးခြင်း ကမ္ဘာလုံးဆိုင်ရာ အရေအတွက်နဲ့ ကုန်ကျစရိတ်လို့ ခေါင်းစဉ်ပေးထားပါတယ်။

နိုင်ငံပေါင်း ၅၄ ခုမှာ ဗိုက်ခွဲမွေးနှုန်းက ၁ဝ ရာခိုင်နှုန်းထက်နည်းကြပြီး ၆၉ နိုင်ငံမှာ ၁၅ ရာခိုင်နှုန်း အထက်မှာ ရှိတယ်။ ၁၄ နိုင်ငံမှာ ၁ဝနဲ့ ၁၅ ရာခိုင်နှုန်း ရှိကြတယ်။

၂ဝဝ၈ ခုနှစ်တုန်းက ၃ ဒသမ ၁၈ သန်း ဗိုက်ခွဲမွေးပေးဖို့ လိုအပ်ခဲ့တယ်။ ၆ ဒသမ ၂ သန်းမှာ မလိုအပ်ဘဲ ခွဲမွေးပေးခဲ့တယ်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂  ဒသမ ၃၂ ဘီလီယံ အပိုကုန်ခဲ့တာဖြစ်တယ်။ လိုအပ်လို့ ခွဲဖို့က တကမ္ဘာလုံးမှာ ၄၃၂ သန်းဖြစ်တယ်။ မြန်မာပြည်မှာ ကိန်းဂဏန်းမရှိပါ။

ခွဲမွေးချင်သူတွေထဲမှာ မက်ဒေါနားတို့ ဗစ်တိုရီးယား ဘက်ခမ်တို့လည်း ပါတယ်။ ဒီလိုလူမျိုးတွေ လာမွေးရာကနေ အရပ်စကားတခု ပေါ်လာတယ်။ အလှမပျက်ချင်၊ ဗိုက်မညှစ်ချင်ကြသူတွေတဲ့ (Too posh to push)။ အမျိုးသမီးတဦး ဗိုက်ခွဲမွေးရတာဟာ ပန်းခြံထဲ လမ်းလျှောက်သလို သဘောထားပါ။ ဒါပေမယ့် သိသင့်သိထိုက်တာ မှန်သမျှတော့ ကြိုသိထားဖို့ လိုပါတယ်။

အိုဂျီတွေချည်းတော့ အပြစ်မတင်ပါနဲ့။ တချို့အိုဂျီတွေဆီက ဆွဲအားတော့ ရှိနိုင်ပါတယ်။ ဆေးသုတေသနတွေမှာ ထည့်မမေးတဲ့ မေးခွန်းတခုရှိတယ်။ အမျိုးသမီးတွေကလည်း ထုတ်မပြောကြပါ။ မွေးလမ်းကနေ ကလေးမွေးလို့ အိမ်ထောင်ရေးမှာ တစုံတရာ ထိခိုက်လေမလားဆိုတဲ့ စိုးရိမ်ချက်ဟာ အမှန်ရှိတာပါ။ လေးနက်ပါတယ်။ အဲဒီအချက်က လူနာဘက်ကနေပေးတဲ့ တွန်းအား ဖြစ်ပါတယ်။

ဒါပေမယ့် မွေးလမ်းကနေ ရိုးရိုးမွေးသူတွေ (ကီဂယ်လ်) လေ့ကျင့်ခန်းနဲ့ မျိုးပွားလမ်းက အင်္ဂါအစိတ်အပိုင်းတွေ ပြန်ပြီး သန်မာ အားကောင်းလာအောင် လုပ်နိုင်ကြပါတယ်။ မွေးလမ်းပြုပြင်နည်းတွေလည်း ရှိပါတယ်။ လိုချင်သလိုအထိ ပြင်လို့ရပါတယ်။ မြန်မာပြည်က မိခင်တွေ ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013