DVB Logo
Home
သုံးသပျခကျြ
ရွေးကောက်ပွဲအလွန် တောင်းပန်မှုများ
DVB
·
April 24, 2011
Donate to DVB

မြန်မာပြည်တွင်းမှာ စစ်အစိုးရက ကျင်းပပေးတဲ့ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပါပြီ။ ခုဆိုရင် ရွေးကောက်ပွဲ မဲစာရင်း ရလဒ်တွေလည်း ကြေညာလို့ပြီးပါပြီ။ နိုဝင်ဘာ (၁၆) ရက်အထိ မဲဆန္ဒနယ် (၁၁၃၈) နေရာရဲ့ ရလဒ်အဖြေတွေ ထွက်ပေါ်လာပါပြီ။ အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီက အမတ်နေရာ ၈၇၂ နေရာ အရွေးချယ်ခံရပြီး သူ့မဟာမိတ် ပါတီတွေနဲ့ ပေါင်းရင် အမတ်နေရာ စုစုပေါင်း ၉၀၀ ကျော် ရွေးချယ်ခံရတဲ့ သဘောဖြစ်ပါတယ်။ ဒါဟာ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရတဲ့ သဘောလည်းဖြစ်ပါတယ်။

ဒီမိုကရေစီ အင်အားစုတွေလို့ ခေါ်ဝေါ်နေကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ စတာတွေ အားလုံးပေါင်းလိုက်ရင်တောင် အမတ်နေရာ ၁၃၀ ကျော်လောက်ပဲ ရှိပါတယ်။ ဒါဟာ အမတ်နေရာ ၁၀ ရာခိုင်နှုန်းတောင် ရွေးချယ်မခံရဘူးဆိုတဲ့ သဘောပါ။ ပြည်ထောင်စု လွှတ်တော်အတွက်ဆို ပိုဆိုးပါတယ်။

မဲဆန္ဒနယ် ၄၉၈ နေရာအတွက် အမတ် ၆၀ ကျော်ပဲ ရတော့ ၁၂ ရာခိုင်နှုန်းပဲ ရတဲ့ သဘောပါ။ ပြည်ထောင်စု လွှတ်တော်ထဲမှာ စစ်တပ်က ၃ ပုံတပုံပါ ၀င်ရောက်လာရင် အဆိုပါ အရေအတွက်ဟာ ၉ ရာခိုင်နှုန်းသာ ရှိပါတော့မယ်။ ဒီပါတီတွေအနေနဲ့ ဘယ်လိုပဲ ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ ဘာမှ လုပ်ကိုင်လို့မရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဒီလို ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ တပြိုင်နက်တည်းလိုလိုမှာပဲ ပြည်သူသို့ တောင်းပန်စာ ဆိုတာ ထွက်ပေါ်လာပါတယ်။ တစောင်ကတော့  အောင်ထွတ်အမည်နဲ့ တောင်းပန်စာဖြစ်ပြီး ကျန်တစောင်ကတော့ သည်ဗွိုက်စ် ဂျာနယ်အနေနဲ့ တောင်းပန်ထားတဲ့ တောင်းပန်စာ ဖြစ်ပါတယ်။ ဒီတောင်းပန်စာတွေဟာ ဘာအဓိပ္ပာယ် ဆောင်သလဲ၊ ဒီလိုတောင်းပန်ရလောက်အောင် ဘာတွေ လုပ်ခဲ့သလဲ၊ လက်တွေ့နိုင်ငံထဲမှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ဒီလို တောင်းပန်မှုများက ရွေးကောက်ပွဲနဲ့  ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးရှုခင်းကို ဘယ်လိုထင်ဟပ်ပြနေသလဲ။

ယခုတပတ်ထုတ် သည်ဗွိုက်စ်ဂျာနယ်ထဲမှာ ဆောင်းပါးရှင်အောင်ထွတ်က ‘ချောတိုင်တက်သူများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တောင်းပန်စာ ရေးထားပါတယ်။ အဆိုပါ တောင်းပန်စာထဲမှာ ပထမ တကြိမ်တက်ရုံဖြင့် ခရီးအတန်အသင့် ပေါက်မြောက်မည်ဟု သူထင်ခဲ့ကြောင်း၊ အဆိုပါ အချက်မှားကြောင်း၊ ဒီလို မျှော်လင့်ချက် ပေးမိခြင်းအတွက် တောင်းပန်ကြောင်း စသဖြင့် ရေးသားထားပါတယ်။ ဒါပေမယ့် သူ့စေတနာ မမှားကြောင်း၊ ချောတိုင်ကို ဆက်ပြီး တက်မှာဖြစ်ကြောင်း ပြောလိုက်ပါသေးတယ်။

သည်ဗွိုက်စ်ဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာမှာတော့ “The Voice Weekly သည် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် ပြောင်းလဲသွားပြီး ဥပဒေပြုအာဏာ အတွင်းသို့ အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်မည့် နိုင်ငံရေးအင်အားစုများ ရောက်ရှိသွားမည်ဟု ယုံကြည်သည့်အလျောက် ထိုသို့  ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ အခြေအနေသစ်ကို မြင်တွေ့ရတော့မည်ဖြစ်ကြောင်း အစဉ်တစိုက် မျှော်လင့်ချက်ပေး ရေးသားခဲ့ပါသည်။ ယခုအခါ တဖြည်းဖြည်း ပုံပေါ်လာနေသော အခြေအနေ အရပ်ရပ်ကို ကြည့်လျှင် ကျွန်ုပ်တို့၏ ကြိုတင် ခန့်မှန်းရေးသားချက်များ မမှန်ကန်ကြောင်း ထင်ရှားလာနေသည်ကို တွေ့ရသောကြောင့် The Voice Weekly အနေဖြင့် စာဖတ်သူများကို မဖြစ်နိုင်သော မျှော်လင့်ချက်များ ပေးခဲ့သူအဖြစ် တောင်းပန်ရန် တာဝန်ရှိသည်ဟု ခံစားရပါသည်။” လို့ ရေးထားပါတယ်။ တဆက်တည်း “မည်သို့ပင်ဖြစ်စေ The Voice Weekly ၏ ခန့်မှန်းသုံးသပ်ချက်များ မှားယွင်းခဲ့ကြောင်းကိုမူ စာဖတ်သူများသို့ ရိုးသားစွာ ၀န်ခံလိုပါသည်။” လို့ ဖော်ပြထားပါတယ်။ နောက်ဆုံး ဒါဟာ သူတို့ စေတနာသန့်သန့်နဲ့ မှားတာပဲ ဖြစ်တဲ့အကြောင်း ရှင်းထားလိုက်ပါသေးတယ်။

ဒီလိုတောင်းပန်ရတဲ့ နောက်ကွယ်မှာ ဘာတွေ ရှိခဲ့ပါသလဲ။ ဘာတွေများ ရေးခဲ့ကြပါသလဲ။ ရွေးကောက်ပွဲ မကျင်းပခင်  ၂၀၀၈ ဖွဲ့စည်းပုံဟာ အလွန်ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ခဲ့တာတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံနဲ့ နှိုင်းယှဉ်ပြီးတော့ ချီးမွမ်းခန်း ဖွင့်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ လုပ်ပါတယ်။ သည်ဗွိုက်စ်ထဲမှာ ဆောင်းပါးပေါင်းများစွာ ရေးပါတယ်။ လူငယ်လူရွယ်တွေကို သင်တန်းတွေ အကြိမ်ပေါင်း များစွာပေးပါတယ်။

တဆက်တည်း လုပ်တဲ့အလုပ်ကတော့ ရွေးကောက်ပွဲမှာ ပါဝင်သင့်တယ်။ ရွေးကောက်ပွဲမှာ ပါဝင်ပြီး လွှတ်တော်ထဲ ရောက်သွားရင် တိုင်းပြည်အတွက် ဆောင်ရွက်စရာရှိတာတွေကို လွှတ်တော်ထဲမှာ လုပ်ကိုင်နိုင်မယ် ဆိုပြီး ရေးခဲ့တာတွေ ရှိပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရေးသားချက်တွေမှာဆိုရင် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းတဲ့ မတရားတဲ့ ဥပဒေ၊ နည်းဥပဒေတွေ အောက်မှာလည်း ပါဝင်ယှဉ်ပြိုင်သင့်တယ်။ ပါဝင်ယှဉ်ပြိုင်ရာမှာတောင် ၁၉၉၀ ခုနှစ်တုန်းက အန်အယ်လ်ဒီ ပါတီလို နေရာအပြည့်မှာ ၀င်မပြိုင်ဘဲ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပါတီကို အနိုင်ပေးလိုက်၊ ဖြစ်နိုင်ရင် တနိုင်ငံလုံးအတွက် ဥပဒေပြုနိုင်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အတွက် ၀င်မပြိုင်ဘဲ တိုင်းနဲ့ ပြည်နယ်က လွှတ်တော်လေးတွေမှာ ၀င်ပြိုင်ပြီး ဒီတကြိမ် အရှုံးပေးလိုက်သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲပြီးရင် အုပ်ချုပ်သူ မပြောင်းပေမယ့် မူကတော့ ပြောင်းသွားလိမ့်မယ် ဆိုပြီး ရေးသားခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်က အာဏာသုံးရပ်လုံးကို ဆုပ်ကိုင်အုပ်ချုပ်နေပေမယ့် ရွေးကောက်ပွဲပြီးရင်တော့ လွှတ်တော်က ပြဋ္ဌာန်းပေးတဲ့ ဥပဒေအောက်မှာ သမ္မတက အုပ်ချုပ်သွားမယ်၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိတဲ့စနစ် ပေါ်လာမယ် စသဖြင့် ရေးသားခဲ့ပါတယ်။

နောက်ပြီး ရွေးကောက်ပွဲမှာ တကယ်လို့သာ ဒီမိုကရေစီဘက်တော်သားတွေက ပြည်ထောင်စုလွှတ်တော်ရဲ့ နေရာ ၆၆၄ နေရာအနက် ၃၃၃ နေရာကိုသာ အနိုင်ရပြီး ယူနိုင်ခဲ့ရင် တကယ့်အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ် ဆိုတဲ့အထိ တွက်ချက်ပြခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာ လွှတ်တော်အမတ်အများစုက သမ္မတကို ရွေးချယ်တင်မြှောက်ပြီး အဲဒီ သမ္မတက အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ထောက်ဆပြီး တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာတဲ့အချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက်က တခြားစီ ဖြစ်သွားပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကြိုတင်မဲတွေနဲ့ အနိုင်ယူသွားပါတယ်။ လက်ရှိစစ်အစိုးရ အဖွဲ့ဝင်တွေအားလုံး စစ်တပ်ကထွက်ပြီး ရွေးကောက်ပွဲဝင်သူ ဗိုလ်ချုပ်ဟောင်းတွေ အားလုံး အနိုင်ယူသွားပါပြီ။ ရွေးကောက်ပွဲ မသမာမှုတွေဟာ ယခုအချိန်အထိ ပြောလို့  မဆုံးသေးသလို သတင်းထုတ်ပြန်လို့လည်း မဆုံးသေးပါဘူး။

ဒီလိုနဲ့ပဲ မျှော်လင့်ချက်အမှားတွေ ပေးခဲ့မိတဲ့အပေါ် တောင်းပန်တဲ့စာတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီတောင်းပန်စာတွေဟာ ရွေးကောက်ပွဲကို လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးသူတွေဆီက ထွက်ပေါ်လာတဲ့ တောင်းပန်စာတွေ ဖြစ်ပါတယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဒီလို တောင်းပန်စာတွေ ထွက်ပေါ်လာခြင်းဟာ ရွေးကောက်ပွဲအလွန်မှာ ပြုလုပ်ရမယ့် ရွေးကောက်ပွဲသင်ခန်းစာ လေ့လာမှုတွေအတွက် အလွန် အကျိုးများပါမယ်။ ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီရဲ့ အစ ဖြစ်တယ်ဆိုတဲ့ အယူအဆတွေ မဟုတ်မှန်ကြောင်း၊ အာဏာရှင်တွေဟာလည်း ဟန်ပြရွေးကောက်ပွဲတွေနဲ့ သူတို့  အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ကြောင်း ထင်ရှားတဲ့ သက်သေအဖြစ် မှတ်တမ်းဝင်သွားမှာလည်း ဖြစ်ပါတယ်။

ယခုဆိုရင် ရွေးကောက်ပွဲကို အားပေးအားမြှောက်လုပ်ခဲ့တဲ့ သူတွေဆီက တောင်းပန်စကားတွေ ထွက်ပေါ်လာသလိုပဲ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီများ ဘက်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မကျေနပ်သံတွေ ညည်းတွားသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါပြီ။ တရားမျှတမှုမရှိတဲ့အတွက် ရွေးကောက်ပွဲ ကို သပိတ်မှောက်သင့်တယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောဆိုစကားတွေ မှန်လွန်းလှတဲ့အကြောင်း ရွေးကောက်ပွဲဝင်ပြီး မရှုမလှ ရှုံးနိမ့်ခဲ့ရသူတွေက ထုတ်ဖော်ပြောကြားလာပါပြီ။ ဒီကနေတဆင့် ရွေးကောက်ပွဲ မသမာမှုတွေကို စုပေါင်း ဖော်ထုတ်၊ စုပေါင်းအမှုဖွင့်ပြီး ရွေးကောက်ပွဲရလဒ်ကို စုပေါင်း ဆန့်ကျင်နိုင်မယ်ဆိုရင် ထူးခြားတဲ့ အကျိုးတခုခု ပေါ်ထွက်လာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013