DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ပစ်သတ်ခံရ၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်
DVB
·
July 3, 2015
ကရင်ပြည်နယ် အန်အယ်လ်ဒီ  ရပ်ကျေးဥက္ကဋ္ဌ ပစ်သတ်ခံရ၊ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်
1 / 2
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ်က ကော့သင်းရှုးကျေးရွာက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ရပ်ကျေး ဥက္ကဋ္ဌ ဦးစောဂျော်နီဟာ သူ့နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ညသန်ခေါင်ကျော်က သူ့နေအိမ်အရှေ့မှာ ပစ်သတ်ခံခဲ့ရတာလို့ အမှုကို လိုက်လံစစ်ဆေးရေယူခဲ့တဲ့  အိန္ဒုရဲစခန်းက ဒု-ရဲအုပ် သက်ဇင်ဦးက ပြောပါ တယ်။

“ကျနော်တို့ စခန်းကို သိရတာ ၁ နာရီ ၅၀ မှာ သတင်းရလို့ အခင်းဖြစ်တဲ့နေရာကို သွားပြီးစစ်ဆေးတယ်။ သွားတော့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတာပေါ့နော်။ သူက မှောက်လျက်အနေအထားပေါ့လေ။ ကျောမှာ သေနတ်ဒဏ်ရာ ၄ ချက်တွေ့တယ်။ ပေါင်မှာ တချက် တွေ့တယ်။ သူအိမ်ရှေ့ လှေကားရဲ့ ၇ ပေ-၁၀ ပေ လောက်အကွာမှာ။”

သူ့ကို မည်သူမည်ဝါ ပစ်သတ်ခဲ့တယ်ဆိုတောကိုတော့ ရဲစခန်းအနေနဲ့ စုံစမ်းဆဲဖြစ်ပြီး ဦးစောဂျော်နီရဲ့ ယောက္ခမ ဒေါ်သန်းစိန်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်လို့လည်း ဒု-ရဲအုပ် သက်ဇင်ဦးက ပြောပါတယ်။

အိန္ဒုရဲစခန်းအနေနဲ့ သေမှုသေခင်းပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပေးထားတယ်လို့လည်း ပြောပါတယ်။

ဦးစောဂျော်နီဟာ ကော့သင်းရှုးကျေးရွာက အန်အယ်ဒီဥက္ကဋ္ဌ ဖြစ်သလို ဒေသတွင်း တောင်သူလယ်သမားအရေးနဲ့ လယ်မြေဆုံးရှုံးသူတွေအတွက် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ ဘားအံမြို့ခံ သတင်းထောက်ကိုပွင့်ဆန်းက ပြောပါတယ်။

“သူကတော့ ဒေသခံပြည်သူတွေရဲ့အရေးကိစ္စကို ဦးဆောင် ဆောင်ရွက်တဲ့လူဖြစ်တယ်။ သူက အတိုက်အခံတွေ နည်းနည်းများတယ်။ ကျနော်တို့နဲ့လည်း ခင်တဲ့အခါကျတော့ ကျနော်တို့လည်း သတိပေးတယ်ပေါ့နော်။ သူကလည်း ဒီကေဘီအေတပ်ထဲမှာ နေလာခဲ့ဖူးတာဆိုတော့ ရတယ် ကြောက်စရာ မရှိဘူးလို့ ပြောတယ်။ သူက လယ်ယာမြေကိစ္စတို့ နောက်ပြီးတော့ သမ၀ါယမ ပိုင်မြေကိစ္စဆိုပြီးတော့ မြေရောင်းချထားမှု မရိုးရှင်းတဲ့ကိစ္စတွေကို သူက ဖော်ထုတ်ထားတာလည်း တခုရှိတယ်။ နောက်ပြီး လယ်ယာမြေ အရှုပ်အရှင်းတွေကိုလည်း သူက ဦးဆောင်ပြီးတော့ သူတို့ ကော်မတီ ကျေးရွာအကျိုးပြုအဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့ ၁၁ ဦးမှာ သူက ခေါင်းဆောင်ဖြစ်တယ်။”

ဦးစောဂျော်နီပစ်သတ်ခံရချိန်မှာ အိမ်ထဲမှာ သူ့ယောက္ခမ ဒေါ်သန်းစိန်နဲ့ သားသမီး ၃ ဦး ရှိနေတယ်လို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ဦးစောဂျော်နီရဲ့ ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဒီကနေ့ သင်္ဂြိုဟ်မယ်လို့ အိန္ဒုရဲတပ်ဖွဲ့က ဒု-ရဲအုပ် သက်ဇင်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013