DVB Logo
Home
မြန်မာသတင်း
အခြေခံဥပဒေပြင်ရေး ထပ်ကြိုးစားသင့်ဟု လွှတ်တော်အမတ်အချို့ပြော
DVB
·
July 3, 2015
အခြေခံဥပဒေပြင်ရေး ထပ်ကြိုးစားသင့်ဟု လွှတ်တော်အမတ်အချို့ပြော
Donate to DVB

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ထဲက လက်ရှိဆွေးနွေးနေတာတွေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက တောက်လျှောက် ကန့်ကွက်နေတဲ့အတွက် နောက်ထက်ကြိုးစားတာတခု ထပ်လုပ်သင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော် တင်သွင်းခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး မူကြမ်းမှာ ဒီနေ့အထိ ပုဒ်မတခုက လွဲရင် ကျန်တာတွေ မပြင်နိုင်ပဲ ဖြစ်နေတာပါ။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "တပ်မတော်သား တယောက်ကို စည်းရုံးရတယ်ဆိုတာ ကာကွယ်ရေးဦးစီးချုပ်ကို စည်းရုံးရတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့မှ ဆွေေးနွးပွဲတရပ်လုပ်ပါ။ နောက်ထပ် ၂၀ ရာခိုင်နှုန်း လက်မှတ်ထိုးပြီးတော့ နောက်ထပ်ခေါင်းစဉ်နဲ့ ထပ်ပြင်ကြမယ်။ မဖြစ်နိုင်ဘူးလား။ အချိန်မရွေး ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။

ဥပဒေပြင်နိုင်ရေးအတွက် လွှတ်တော်ပြင်ပမှာ အကြိုညှိနှိုင်းတာတွေ လုပ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

"အဲဒီအတွက် တပ်ပိုင်းဆိုင်ရာ အကြီးအကဲကို ဒီဘက်က ပူးပေါင်းဆောင်ရွက်လိုတဲ့ ပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်မှာ ရှိနေတဲ့ ဥပဒေပြုရေး ခေါင်းဆောင်တွေက အပြုသဘောနဲ့ မဆွေးနွေးရင်တော့ ဝေးနေဦးမယ်" လို့ ပြောပါတယ်။

အန်အယ်လ်ဒီအနေနဲ့ ဥပဒေပြင်ရေးအတွက် ဘယ်သူနဲ့မဆို ပူးပေါင်းတာကို လက်ခံပေမယ့် ခုလို အချိန်မှာတော့ အကျိုးရှိမယ့် လမ်းကြောင်းကို ရွေးချယ်သင့်ပြီလို့ သူက ပြောပါတယ်။ အစိုးရ၊ တပ်မတော်၊ တရားရေးဘက်က သူတို့ပြင်ချင်တာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ချ ပြောဆိုဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီလိုပြင်ဆင်နိုင်ဖို့အတွက် အဆိုတင်တာ၊ လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့တာ စတဲ့ အဆင့်တွေကို ကျော်ဖြတ်ခဲ့ရတာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက "ဒီဟာကို အားလုံးကလည်း သိနေပြီ။ အဆင့် ၄ လောက်ကို ခုန်ပြီးတော့ သွားလို့ရတယ်။ အချိန်တိုမှာ လုပ်လို့ရတယ်။ ဘယ်ပါတီက ဖြစ်ဖြစ် ဆန္ဒရှိလို့ တင်မယ်ဆိုရင် အခုလိုပဲ ၂၀ ရာခိုင်နှုန်းရမယ်ဆိုရင် ဆွေးနွေးရမှာပဲ။ ဆွေးနွေးတဲ့အခါမှာ ခုနက အချက် တချက်ပေါ့။ ကီးပလေယာက ဘယ်သူလဲ။ ဒီနေ့ ကွန်စတီကျူးရှင်းပြင်တာ။ ဒါကို လေ့လာ ကြည့်ရင် ကီးပလေယာတွေ့နေပြီ။ သူက အဓိကကျတဲ့ ဇာတ်ကောင်ပဲ။ ဒါကို ခုနက ပြောသလို ဒီပွဲထဲမှာ မလုပ်ပဲ အပြင်မှာ ဆွေးနွေးမယ်။ နားလည်မှုယူမယ်။ သဘောထား တူညီမှုယူမယ် ဆိုရင်လည်း ဒါဟာ အချိန်တိုမှာ အောင်မြင်နိုင်တဲ့ အချက်ဆိုတာ လက်ခံပါတယ်" လို့ ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တချို့ကတော့ ဒီအချိန်ဟာပဲ အကောင်းဆုံးဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က လျှော့ပေါ့ပေးစေချင်တယ်လို့ ပြောကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013