DVB Logo
Home
သုံးသပျခကျြ
ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုတာ ဘာလဲ
DVB
·
April 24, 2011
Donate to DVB

ယခုတလော မြန်မာနိုင်ငံတွင်းမှာရော ပြည်ပမီဒီယာတွေမှာ ပြောဆိုဆွေးနွေး စိတ်ဝင်စားနေကြတဲ့ ကိစ္စတခုကတော့ စစ်အစိုးရက ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ ‘ပြည်သူ့ စစ်မှုထမ်းဥပဒေ’ ဆိုတာပါ။ ဒီဥပဒေနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ တိုင်းပြည်ကို တရားဝင် ချပြတာမျိုး မရှိသေးသလို အဲဒီအကြောင်းကို မီဒီယာတွေမှာ ပြောဆိုဆွေးနွေးခွင့်လည်း မပြုသေးပါဘူး။ စစ်အစိုးရဟာ ဒီဥပဒေကို တကယ်ပဲ ပြဋ္ဌာန်းခဲ့သလား၊ တကယ်ပြဋ္ဌာန်း ခဲ့ရင်လည်း ဘာရည်ရွယ်ချက်တွေနဲ့ ပြဋ္ဌာန်းခဲ့တာလဲ။ ဒီလိုပြဋ္ဌာန်းလိုက်တဲ့အချိန်မှာ စစ်အစိုးရနဲ့ စစ်တပ်ရဲ့ အခြေအနေဟာ ဘယ်လို ရှိနေသလဲ စတာတွေကို သုံးသပ်တင်ပြချင်ပါတယ်။

ပထမ အရေးအကြီးဆုံးအချက်က ဒီဥပဒေကို တကယ်ထုတ်ပြန်ခဲ့တာ ဟုတ်သလား၊ မဟုတ်သလားဆိုတဲ့ အချက်ဖြစ်ပါတယ်။။ အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အဲဒီ စစ်မှုထမ်းဥပဒေဖိုင်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၂၇/၂၀၁၀) လို့ ဖော်ပြထားပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၄) ရက်နေ့က ပြဋ္ဌာန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ကမှ ပြည်သူတွေကို ချပြခဲ့တဲ့ ဥပဒေစာအုပ် (၁၇) အုပ်နဲ့ ဆက်စပ်နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဆိုပါ ဥပဒေ နည်းဥပဒေ (၁၇) မျိုးကို ၂၀၁၀ အောက်တိုဘာ ၂၁ နဲ့ ၂၈ ရက်နေ့တွေက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဥပဒေအမှတ် ၈/၂၀၁၀ ကနေ ၂၄/၂၀၁၀ အထိ ပါဝင်ပါတယ်။ ဒီနေ့စွဲ ဒီ ဥပဒေ အမှတ်စဉ်တွေနဲ့ ဆက်စပ် နှိုင်းယှဉ်ရင် အခု အင်တာနက်မှာ ပျံ့နှံ့ နေတဲ့ ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ ဆိုတာဟာ အစစ်အမှန်ဖြစ်ဖို့ များပါတယ်။

အဲဒီ ဥပဒေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထားပါတယ်။ ဥပဒေရဲ့  အကျဉ်းချုပ်ကတော့ အရွယ်ရောက်ပြီး သူတိုင်းကို စစ်တပ်ကနေ အနည်းဆုံး (၂) နှစ်ကနေ (၃) နှစ်အကြား စစ်မှုမထမ်း မနေရ အမိန့်နဲ့ ဆင့်ခေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသူတွေ ဆိုတာကတော့ ယောက်ျားလေးဆိုရင် အသက် (၁၈) နှစ်ကနေ (၃၅) နှစ်ကြား၊ မိန်းကလေးဆိုရင် အသက် (၁၈) နှစ်ကနေ (၂၇) နှစ်အကြား ရှိသူတွေဖြစ်ပါတယ်။ အဲ စက်မှုလက်မှု၊ ကွန်ပျူတာ၊ ဆေးပညာ စတဲ့ ကျွမ်းကျင်မှု တခုခုနဲ့ အသက်မွေး ၀မ်းကျောင်းပြုနေသူတွေ ဆိုရင်တော့ ယောက်ျားလေး အသက် (၁၈) နှစ်ကနေ (၄၅) နှစ်ကြား၊ မိန်းကလေး အသက် (၁၈) နှစ်ကနေ (၃၅) နှစ်ကြားကို ဆိုလိုကြောင်း ဖော်ပြထားပါတယ်။

ဒီဥပဒေအရ အရွယ်ရောက်ပြီးသူ နိုင်ငံသားတွေဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ရင် သွားရမယ်။ ပျက်ကွက်ခဲ့ရင် ရှောင်လွှဲခဲ့ရင် ထောင်ဒဏ်(၃) နှစ်အထိ နဲ့ ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါတင်မက အဲဒီအတွက် အားပေးကူညီသူတွေကိုတောင် ထောင်ဒဏ် (၁) နှစ်အထိနဲ့ ငွေဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒီ ဥပဒေဟာ ဘာသဘော ဆောင်နေသလဲဆိုတာ သိနိုင်ဖို့ လက်ရှိ စစ်အစိုးရလက်ထက် စစ်တပ်အခြေအနေကို အရင်ကြည့်ဖို့ လိုလာပါတယ်။

အားလုံးသိကြတဲ့အတိုင်း လက်ရှိ စစ်အစိုးရလက်ထက်မှာ စစ်တပ်ဟာ အင်အားအကြီးထွားဆုံး အခြေအနေ ရောက်အောင် တိုးချဲ့ ထားပါတယ်။ အာမခံဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ စစ်သား ၄ သိန်းကျော် အင်အားရှိပါတယ်။ ဒါပေမယ့် နိုင်ငံတ၀န်းက တပ်ရင်း တပ်ဖွဲ့ အသီးသီးမှာ ဖွဲ့စည်းပုံမပြည့်တာတွေ၊ တပ်တိုင်း တပ်တိုင်းမှာ တပ်ပြေးတွေ များလာနေတာတွေ၊ စစ်သားသစ် စုဆောင်းရ ခက်ခဲလာတာတွေ စတဲ့ ပြဿနာမျိုးစုံ ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာကို ထိပ်ပိုင်းက စစ်ဗိုလ်ချုပ်ကြီးတွေ ဖြေရှင်းမပေးနိုင်တော့ အောက်ခြေ တပ်ရင်းမှူးတွေက သူတို့ဘာသာ သူတို့ ဖြေရှင်းနေကြရပါတယ်။ အောက်ခြေ တပ်ရင်းမှူးတွေ ဖြေရှင်းတဲ့နည်းကတော့ တပ်ဖွဲ့ဝင်တွေကို တပ်က ပေးမထွက်တာ၊ ခွင့်ပေးမပြန်တာမျိုးတွေလုပ်ပြီး တပ်ကထွက်ချင်ရင် နောက်ထပ် တပ်သားသစ် (၃) ယောက် ခေါ်လာခိုင်းတာ၊ ခွင့်ပြန်ချင်ရင် တပ်သားသစ် ခေါ်လာမယ်လို့ ကတိပေးရတာ စတဲ့ အကျပ်ကိုင်တဲ့ နည်းတွေ ဖြစ်လာပါတယ်။ ဒီလိုနည်းနဲ့ စိတ်မပါတဲ့ လူငယ်တွေကို တပ်ထဲ အဓမ္မ သွတ်သွင်းတာ၊ ကလေးစစ်သား စုဆောင်းတာ စတဲ့ ပြဿနာမျိုးစုံ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို စစ်အစိုးရက ကိုင်တွယ် ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး။

နောက်ထပ် ပြဿနာတခုကတော့ စစ်အစိုးရတပ်တွေ တိုက်ပွဲဝင်တဲ့ ပုံစံ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရတပ်တွေ ကြီးကြီးကျယ်ကျယ်နဲ့ နောက်ဆုံး တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲကတော့ ကေအန်ယူ ဌာနချုပ် မာနယ်ပလောဘက်ကို တိုက်ခိုက်တဲ့ စစ်ပွဲ ဖြစ်ပါတယ်။ အဲဒီအချိန်အထိ စစ်အစိုးရဟာ တိုက်ပွဲတွေအတွက် ပေါ်တာအထမ်းသမားတွေကို အတင်းအဓမ္မ ချောဆွဲပြီး တိုက်ခိုက်တဲ့ နည်းစနစ်ကိုပဲ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီ ပေါ်တာ အထမ်းသမားကိစ္စ ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာတဲ့အခါ ခုနောက်ပိုင်း အကျဉ်းထောင်ထဲက ထောင်သားတွေကို ထုတ်ယူ အသုံးချတဲ့ အနေအထားကို ရောက်နေပါတယ်။ ဒီအတွက် စစ်အစိုးရ တပ်ဖွဲ့တွေဟာ အတော်လေးကို ကြီးကျယ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်အစိုးရရဲ့ လက်ရှိ အနေအထားကိုကြည့်ရင် တပ်အင်အားကြီးမားတဲ့ ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ ကေအိုင်အေ ကချင်တပ်ဖွဲ့၊ မွန်ပြည်သစ် မွန်တပ်ဖွဲ့ စတဲ့တပ်ဖွဲ့တွေရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး ဆိုတာကို ငြင်းဆန် အာခံထားတဲ့ အနေအထားကို ရင်ဆိုင်နေရပါတယ်။ သူတို့လိုပဲ နယ်ခြားစောင့်တပ်ဖွဲ့တာကို ငြင်းဆန်အာခံနေတဲ့ ကရင် ပြည်နယ်က ခွဲထွက် ဒီကေဘီအေ အဖွဲ့ငယ်တဖွဲ့ကိုတော့ နောင်ကြဉ်အောင်ဆိုပြီး အင်အားသုံး အပြင်းအထန် တိုက်ခိုက်နေပါတယ်။ ဒါပေမယ့် ဒီတပ်ဖွဲ့ငယ်လေးကို တိုက်ခိုက်နိုင်လောက်အောင်ကို စစ်အစိုးရတပ်တွေ အခြေအနေမကောင်းပါဘူး။ ဒါကြောင့် ဒီလို အခြေအနေမျိုးနဲ့သာဆို အင်အားပိုမိုကြီးမားတဲ့ ၀ နဲ့ အခြားလူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်အနိုင်ယူဖို့ ဆိုတာဟာ ဘယ်လိုမှ မဖြစ်နိုင်မှန်း စစ်အာဏာရှင်တွေ ကောင်းကောင်း သိထားကြပါတယ်။

ဒီအတွက် စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးအကြံအစည်ကတော့ ခုသတင်းဖြစ်ပေါ်နေတဲ့ ‘ပြည်သူ့စစ်မှုထမ်း ဥပဒေ’ ကို တိတ်တဆိတ် ပြဋ္ဌာန်းလိုက်ခြင်းပါပဲ။ ဒီ ဥပဒေသာ အတည်ဖြစ်ပြီး အကောင်အထည်ဖော်မယ်ဆိုရင် စစ်အစိုးရဟာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘဲ ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့သူကို စစ်သားအဖြစ် တရားဝင် အဓမ္မ စုဆောင်းနိုင်တော့မှာ ဖြစ်ပါတယ်။ စစ်သားအဖြစ် စုဆောင်းထားသူတွေကို စစ်သားလိုပဲ တာဝန်ပေးရမယ်လို့ ဥပဒေမှာ တိတိကျကျ ဖော်ပြမထားတဲ့အတွက် လက်နက်မဲ့ စစ်သင်တန်းပေးပြီး ရှေ့တန်းတိုက်ပွဲတွေအတွက် ပေါ်တာအထမ်းသမားတွေ အဖြစ်လည်း အသုံးပြုလိုက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စစ်အစိုးရက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ လာမယ့်အချိန် စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဌာန်ပြောင်းသွားမှာ ဖြစ်ပေမယ့် ဒီဥပဒေကြောင့် တိုင်းသူပြည်သားတွေဟာ စစ်တပ်ကို နေရာတိုင်းမှာ စိုးရိမ်ကြောက်ရွံ့နေကြရတော့မယ် ဖြစ်ပါတယ်။

ဒီဥပဒေကို အသက်သွင်း၊ စစ်တပ်ကို အင်အား ဖြည့်တင်းပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ပွဲကြီးတွေ ဆင်နွှဲလာမယ့် ပြဿနာကြီးကလည်း ရှိနေပြန်ပါသေးတယ်။ တဖက်မှာလည်း လက်ရှိ အတည်ဖြစ်သွားပြီဖြစ်တဲ့ ဒီဥပဒေကို လာမယ့် လွှတ်တော်ထဲမှာ ပြန်လည်ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲသွားပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံဟာ ဒီစစ်မှုထမ်းဥပဒေကြောင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ထက် မြောက်ကိုရီးယားလို စစ်တပ်နိုင်ငံတခုအဖြစ်ကို ဦးတည်နေပြီလို့  ပြောရပါလိမ့်မယ်။  ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013