DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖမ်းဆီးပေးရန် မြန်မာတောင်းဆို
DVB
·
July 1, 2015
ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖမ်းဆီးပေးရန် မြန်မာတောင်းဆို
1 / 4
Donate to DVB

ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖမ်းဆီးပြီး မြန်မာဘက်ပြန်ပို့ပေးဖို့ ထိုင်း-မြန်မာ နယ်ခြားပူးတွဲကော်မတီအစည်းအဝေးမှာ မြန်မာဘက်က တောင်းဆိုလိုက်ပါတယ်။

ဇွန် ၃၀ ရက်နေ့က တာချီလိတ်ခရိုင် တာချီလိတ်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာနယ်ခြားပူးတွဲကော်မတီရဲ့ ၈၃ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တောင်းဆိုလိုက်တာလို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာဘက်က နယ်ခြားကော်မတီဥက္ကဋ္ဌ အမှတ် ၅၂၆ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး အောင်တင်နဲ့ ထိုင်းဘက်က နယ်ခြား ကော်မတီဥက္ကဋ္ဌ တပ်မဟာ ၃ သံချပ်ကာတပ် တပ်မဟာမှူး ဗိုလ်မှူးကြီး ပရဖတ် ဖုန်းဆုဝမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်းဘက်ခြမ်း မယ်ဆိုင်ထဲ ၀င်ရောက်ပြီး ကိုးကန့်တပ်ဖွဲ့အတွက် ရန်ပုံငွေလိုက်ရှာနေတဲ့ ခေါင်းဆောင် ဖုန်ကြားရှင်နဲ့ လူယုံ ကိုဒါကျူန်းတို့ကို ဖမ်းပေးဖို့နဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်းဘက်ခြမ်းမှာ မြန်မာနိုင်ငံသားတွေဆီက လက်နက်၊ စိတ်ကြွဆေး ၂ သန်းကျော်နဲ့ အိုက်စ် ၁၄ ကီလိုဂရမ် ဖမ်းဆီးရရှိမှု နောက်ဆက်တွဲအခြေအနေ သိရဖို့နဲ့ တောင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မေးမြန်းစုံစမ်းကြည့်ရာမှာ ဖုန်ကြားရှင်နဲ့ သူ့ရဲ့ လူယုံတို့ဟာ ချင်းရိုင်းခရိုင်ထဲမှာ  စီးပွားရေးလုပ်ငန်း တခုကို တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေပြီး သူရှိရာနေရာကို အတိ အကျသိရဖို့ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းနေတယ်လို့ ပြောပါတယ်။

အစည်းအဝေးမှာ ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖမ်းဆီးပြီး မြန်မာဘက်ပြန်ပို့ပေးဖို့ကိစ္စအပြင် ထိုင်းဘက်ကို ကျောင်းလာတက်ရင်း လူကုန်ကူးခံရဖွယ်ရှိသူတွေကိစ္စ၊ မယ်ဆိုင်ချောင်းရေ သန့်ရှင်းတည်တံ့ရေး၊ လွိုင်လန်းနယ်မြေကျူးကျော်မှု ပြဿ နာ၊ မြန်မာနဲ့ဝတပ်ဖွဲ့ တင်းမာမှု အခြေအနေ အစရှိတဲ့ နှစ်နိုင်ငံနယ်စပ်ဆိုင်ရာ ပြဿ     နာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနယ်နိမိတ် မိုင်းဆတ်ခရိုင် လွိုင်လန်းဒေသထဲ ၀င်ရောက်စခန်းချထားတဲ့ ထိုင်းစပ်တပ်စခန်း ၂၉ ခုကို ရုပ်သိမ်းပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့ပါတယ်။

ထိုင်းဘက်ကလည်း ထိုင်းနယ်နိမိတ် ချင်းမိုင်ခရိုင်က နေရာ ၇ ခုမှာ ၀ လက်နက်ကိုင်တပ်ဖွဲ့က ၀င်ရောက်စခန်းချနေတာကို နယ်စပ်ထိဆုတ်ခွာသွားဖို့ တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံသားတဦး တာချီလိတ်မြို့မှာ ဆောက်လုပ်ရေးကန်ထရိုက်ယူရင်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရတဲ့အမှုနဲ့ ပတ်သက်လို့ တရားခံတွေဖမ်းဆီးရမိရေး၊ ထိုင်းဘက်ခြမ်းမှာ မူးယစ်ဆေးကုန်ကူးပြီး ထိုင်းမူးယစ်ရဲအရာရှိတဦးကို ပစ်သတ်သွားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်။

နှစ်နိုင်ငံ နယ်ခြားကော်မတီဟာ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဘော်ဒါပတ်စ်လို့ ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ထိ သွားလာခွင့်ရဖို့နဲ့ အလားတူ ထိုင်းနိုင်ငံသားတွေကလည်း ဘော်ဒါပတ်စ်နဲ့ မြန်မာနိုင်ငံ ကျိုင်းတုံမြို့ထိ သွားလာခွင့်ရဖို့ ၂၀၀၇ ခုနှစ်ကတည်းက သဘောတူခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေဟာ  ချင်းမိုင်ကို သွားဖို့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ယာယီနိုင်ငံကူးလက်မှတ် လိုအပ်နေတုန်းပဲလို့ မြန်မာဘက်က ပြောပါတယ်။

ထိုင်းဘက်ကလည်း ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့နယ်ထဲကို စာလာသင်တဲ့ ကျောင်းသားနဲ့  မိဘအုပ်ထိန်းသူ စုစုပေါင်း လူ ၁၁၀၀ ဦး၊ မှန်လုံယာဉ် ၂၉ စီးကို နားလည်မှုနဲ့ ခွင့်ပြုပေးခဲ့ပေမယ့်လည်း မြန်မာပြည်ကို အကုန်ပြန်မလာကြောင်း၊ အဲဒီလူတွေဟာ လူကုန်ကူးမှုခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် နယ်စပ်ဂိတ်တွေ ပိုမိုတင်းကြပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

နှစ်ဘက်နယ်ခြားကော်မတီတွေဟာ မယ်ဆိုင်ချောင်းကို ပျက်စီးစေမယ့်  မြေတူးတာ၊ သဲတူးတာ၊ အဆောက်အဦ တိုးချဲ့ဆောက်လုပ်တာကို ဆန့်ကျင်ကြောင်း၊ ရေပိုက်လိုင်းတွေ ဖောက်ခြင်းတာ အနီးနားဝန်းကျင်ရှိ လယ်ယာမြေတွေ ပျက်စီးစေတာကြောင့် ကြိုတင်တားဆီးရေး၊ မယ်ဆိုင်ချောင်းကို ၁၅ ကီလိုမီတာအထိ ဆယ်ယူသန့်စင်ဖို့နဲ့ ရေကြီးသတိပေးကိရိယာ နေရာ ၃ ခုမှာ တပ်ဆင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013