DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ဘိုးကလေး တောပြုန်းသည့်ပြဿနာ ဒေသခံများကို ထိခိုက်နိုင်
DVB
·
April 24, 2011
Donate to DVB

ဧရာဝတီတိုင်း ဘိုကလေးနယ်မှာ သစ်တောတွေ တဖြည်းဖြည်း ပါးလာတဲ့အတွက် မကြာခင်မှာ အသက်မွေးမှုနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပြဿနာ ဆိုးဆိုးရွားရွား ကြုံလာနိုင်တာကို နယ်ခံတွေက စိုးရိမ်နေပါတယ်။

အရင်တုန်းက သစ်ပင်ကြီးတွေကို ဖြတ်တောက်ခွဲစိတ်ပြီး ထင်းအဖြစ် သုံးလာရာကနေ၊  အခုနောက်ပိုင်းမှာ အုန်းပင်၊ ကွမ်းသီးပင်တွေကိုတောင် ထင်းအဖြစ် သုံးလာတာ မြင်နေရတဲ့အတွက် ဒါကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ဘိုကလေးနယ်မြို့က အသက် ၇၀ အရွယ်၊ အငြိမ်းစား ကျောင်းဆရာကြီး ဦးလှမြင့်က ပြောပါတယ်၊၊

“ကျနော်တို့မြို့နယ်က တကယ်တော့ သစ်တောတွေ လွှမ်းမိုးတဲ့ မြို့ပဲ။ အခု ဆိုရင် သစ်တောတွေက လယ်တွေ ဖြစ်ကုန်ပြီ။ ဟိုလူ့အပြစ် ဒီလူ့အပြစ်လို့တော့ ကျနော် မပြောလိုတော့ဘူး။ လက်ရှိ ဖြစ်နေတဲ့ အနေအထားကတော့ လာမယ့် ၅ နှစ်လောက်ဆိုရင် ထင်းပြဿနာနဲ့ ပတ်သက်လို့ လောင်စာပြဿနာ အကြီးအကျယ် ဖြစ်မယ်။ အခု ထင်းဖြတ်နေတဲ့လူတွေက အများကြီး ရှိတယ်။ လမုပင်က တောထဲမှာ ပေါက်တာ မဟုတ်ဘူးဗျ ကမ်းစပ်မှာ ပေါက်တာ။ အဲဒါတွေ ဖြတ်တယ်။ အခု လမုပင်တောင်မှပဲ လည်လည်ပတ်ပတ် မရတော့တဲ့ အခါကျတော့ အခု အုန်းပင်တွေ လျှောက်ဝယ်ပြီးတော့ အုန်းပင်တွေ ရောင်းနေရတယ်။ အုန်းသီးတို့၊ ကွမ်းသီးပင်တို့ အဲဒါတွေ စပ်ပြီးတော့ ထင်းခွဲပြီး ရောင်းနေရတယ်။ ဒါက ကောင်းတဲ့ အလားအလာ မဟုတ်ဘူး တော်တော်ကို ကြောက်မတ်ဖွယ်ရာကောင်းတာ။”

သစ်တောတွေ ပြုန်းလာရတဲ့ အဓိကအကြောင်းကတော့ လူဦးရေ များလာတဲ့အတွက် အိမ်သုံးအဖြစ်၊ မရှိမဖြစ် ထင်း၊ သစ်တွေ အသုံးများလာတာ၊ လယ်မြေတွေ တိုးချဲ့လာတာ၊  လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သစ်တွေ၊ ၀ါးတွေကို ငါးဖမ်းတဲ့လုပ်ငန်းတွေမှာ အကြီးအကျယ် အသုံးပြုခဲ့တာက အကြောင်းရင်းတွေလို့ ဦးလှမြင့်က ပြောပါတယ်။

ဘိုကလေးနယ်ခံ တယောက်တော့ ဒီလို သစ်တောပြုန်းနေတာ သစ်တောဌာနရဲ့ လက်ချက်မကင်းဘူးလို့ ယူဆပါတယ်။

“အခု မိန်မလှကျွန်းထဲမှာတောင်မှ ဘယ်လိုဖြစ်နေလဲဆိုတော့ သစ်တော့ မရှိတော့ဘဲနဲ့ အဲဒီအထဲမှာ အခြားသစ်ပင်တွေပေါ့နော် သစ်ပင် ပင်လယ်နှမ်းလို့ ခေါ်တာ အဲဒီအပင်တွေတောင် စိုက်နေကြတာ ရာသီပင်တွေပေါ့။ သူတို့ကတော့ ဒါ export လိုင်း ပို့ကြတာပဲ။ နိုင်ငံခြားက ဝယ်တယ် ဘာတွေ လုပ်သလဲဆိုတာတော့ ကျနော်တို့လည်း အသေအချာ မသိဘူးပေါ့နော်။ ရွာသားတွေကနေပြီးတော့ သစ်တောကို ပိုက်ဆံပေးခုတ်တာပဲ ရှင်းရှင်းပြောရရင်။ ရွာသားက ခုတ်တာ မဟုတ်ဘူး သစ်တောက ခုတ်သလို ဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ သစ်တော့ ပိုက်ဆံပေးရင် ခုတ်လို့ ရတာကိုး။ လှေတစီးကို ၃ ထောင်ပေးရတယ်။ ၅ ထောင်ပေးရတယ်။ ကြီးရင် ကြီးသလိုပေါ့။ သောင်းနဲ့ချီပြီးတော့လည်း ပေးရတယ်။ နယ်ခံတွေပဲ အခြားမြို့နယ်တွေကလည်း လာပါတယ်။ မော်ကျွန်းက အုတ်ဖုတ်တဲ့လူတွေလည်း လာဝယ်တာပဲ အဲဒီမှာ။”

သစ်တိုက်လောက်အောင်ကြီးတဲ့ အပင်တွေလည်း မရှိတော့ဘူးလို့ ဘိုကလေးသားက  ပြောပါတယ်။

“သင့်တင့်လောက်အောင် အပင်မရှိတော့ဘူး။ အုန်းပင်ကို တိုက်မှပဲ ဒီသစ်ဆိုတာကို ရတယ်။ ၃ x ၁ ခွဲ၊ ၄ x ၂ တို့ အဲဒါမျိုးတွေ တိုက်တာ။ ထင်းတောင်မှ အလုံးသေးတွေပါ မျောလေးတွေ ပုံစမျိုး လှီးပြီးတော့ ရောင်းတာပါပဲ။ ဟိုးတုန်းကလို အပင်ကြီးတွေကို ခွဲပြီးတော့ ပေါက်ခြမ်းလုပ်ရောင်းတာတို့ ဘာတို့လည်း မရှိတော့ဘူး။  အဲဒီလောက် လုပ်စရာလည်း အပင်မရှိတော့ဘူး။ အုန်းပင် တချို့ကျတော့ အုန်းပင်ကို ဘေးပါးပုတ်တာပေါ့ ပုန်ပြီးတော့ အဲဒီက ထွက်လာတဲ့ အစကို ထင်းလုပ်ရောင်းတာလည်း ရှိတယ်။ ဧရာမှာ အဲဒီ အုန်းသားကို ထင်းလုပ်ရောင်းတာ။ နောက် ၅ နှစ်လောက်ဆိုရင် လုံးလုံးကုန်သွားမှာ ဒီပုံစံအတိုင်း သွားမယ်ဆိုရင်ပေါ့နော်။”

ဘိုကလေးနယ်မှာ မြန်မာပြည်တခြားဒေသတွေမှာလိုပဲ မီးဖိုချောင်သုံး လောင်စာအဖြစ် ထင်းတမျိုးတည်းကို အဓိက အားထားအသုံးပြုတာ ဖြစ်ပါတယ်။ ဘိုကလေးက ထွက်တဲ့ မီးသွေးကလည်း အနယ်နယ်အရပ်ရပ်ကို ဘိုကလေး မီးသွေးဆိုပြီးတော့လည်း ပို့တဲ့အတွက် လူသိများပါတယ်။

ကျောင်းဆရာဟောင်း  ဦးလှမြင့်ကတော့ သစ်တောတွေပြုန်းတီးရာကနေ လောင်စာပြဿနာသာမက ရာသီဥတုပြဿနာတွေ ကြုံရတော့မှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

“ထင်းလုပ်နေတဲ့ အတန်းတွေ၊ အဲဒီရွာတွေ ကျနော် ရောက်တယ်။ ကျုပ်ကတော့ ပြောပါတယ်။ ကျုပ်တော့ ရူးနေပြီလို့။ ဘာလို့ ကျုပ်က ရူးနေပြီလဲဆိုရင် ငါတို့ နိုင်ငံတော့ ဒုက္ခရောက်တော့မယ် ကျုပ်က အမြဲပြောတယ်။ ရာသီဥတုကတော့ အကြီးအကျယ် ပျက်ဆီးနေပြီ။ ပျက်ဆီးတာ သစ်တောတွေ အပေါ်မှာ အခြေစိုက်တယ်ပေါ့နော်။ နောက်တချက်က တခါ ကျန်းမာရေး ပြန်ကြည့်လို့ရှိရင်လည်း ဒီသစ်တောတွေကမှ အောက်ဆီဂျင် ပြန်မထုတ်နိုင်လို့ရှိရင် ဘယ်လို လုပ်ပြီး လူတွေ အသက်ရှုဝနိုင်မလဲ တချက်ပေါ့ဗျာ။ လောင်စာ ပြဿနာ အကြီးအကျယ်၊ ရာသီဥတုပြဿနာ အကြီးအကျယ် တက်တော့မှာ။ သစ်တောလည်း ကျနော် ပြောထားတယ်။ သစ်စေ့တွေ ကျနော် စုခိုင်းထားတယ် အဲဒါတွေ ကျနော် ဒီမိုးမှာ ပျိုးမယ်။ တရွာကို ၅ ထောင်လောက် ကျနော် စိုက်စေချင်တယ်။ ရွာပေါင်း ၅၀၀ ကျော် ရှိတယ်ဗျာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013