DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲ တပြိုင်တည်း လုပ်မည်ဟု သူရဦးရွှေမန်း ပြော
DVB
·
July 1, 2015
ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲ တပြိုင်တည်း လုပ်မည်ဟု သူရဦးရွှေမန်း ပြော
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉-ဃ ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပူးတွဲပြုလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင် ၁ ရက် ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ သူက အချိန်၊ လုပ်အားနဲ့ ဘဏ္ဍာငွေကြေး ကုန်ကျမှုကို လျှော့ချနိုင်မှာဖြစ်လို့ ခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း လွှတ်တော်ထဲ ဖတ်ကြားခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုနှစ် ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပူးတွဲပြုလုပ်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်နာယကထံမှ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌထံသို့ အကြောင်းကြားစာပေးပို့၍ အဆိုပြု ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးကြေညာပါတယ်။”

ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(ဃ) ပါ “စစ်ရေး” အမြင် ရှိရမယ်ဆိုတဲ့နေရာမှာ “ကာကွယ်ရေး” အမြင် ရှိရမယ်လို့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဖို့ သိပ်မထူးလှတဲ့ ဒီ ၅၉(ဃ) ပုဒ်မ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရင် ပိုက်ဆံကုန်ပြီး ပြည်သူကလည်း စိတ်ဝင်စားမှုရှိမှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခု လွှတ်တော်နာယကရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လွှတ်တော်ကို စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့ရှေ့ဆောင်အဖွဲ့ခေါင်းဆောင် ဦးအေးကျော်က ရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲ သဘောသဘာဝ မတူတာကြောင့် ရှုပ်ထွေးသွားနိုင်တယ်လို့ ပြောပါတယ်။

“မဲပေးရတဲ့အကြိမ်တွေ များလာမယ်။ မဲထည့်ရတဲ့ သဘောသဘာဝကလည်း မတူဘူးဗျ။ ရွေးကောက်ပွဲ အတွက်ကျ ကိုယ်စားလှယ်တွေ အများကြီးထဲက တယောက်ကိုပဲ ရွေးရတာမျိုး၊ ဆန္ဒခံယူပွဲကျတော့ ထောက်ခံမှာလား၊ ကန့်ကွက်မှာလား ဆိုတာကို ဆန္ဒပြုရမှာ ဖြစ်တယ်။ နည်းနည်း ရှုပ်ထွေးသွားမယ့်သဘောရှိတယ်လို့ မြင်တယ်။”

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောထားပြီး ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ၃ လ ကြိုတင်ကြေညာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013