DVB Logo
Home
Lead Story
လူတစုတပ်မတော်လုပ်မှာလား၊ လူထုတပ်မတော်လုပ်မှာလား
DVB
·
June 30, 2015
လူတစုတပ်မတော်လုပ်မှာလား၊ လူထုတပ်မတော်လုပ်မှာလား
Donate to DVB

ဇွန်လ ၂၃ ရက်နေ့ သတင်းထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) မှာပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်းမပြုသင့်ဘဲ မူလအတိုင်း ထားရှိဖို့  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က အဓိက ကန့်ကွက်ဆွေးနွေး ပြောကြားခဲ့တယ်လို့ ဖတ်လိုက်ရတယ်။  တောင်သူလယ်သမား၊ အလုပ်သမား၊ ဆင်းရဲသား လူထုအများစုကြီး အတွက်ကတော့ အလွန် ၀မ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ သတင်းဆိုးတပုဒ်ပါပဲ။ တနည်းအားဖြင့်ပြောရရင် ပွေ့ပိုက်ချင်လို့ လက်ကမ်းနေတဲ့ မိဘပြည်သူတွေရဲ့ အရှိုက်ကို သားဆိုးသားမိုက်တွေက ဖနောင့်နဲ့ ထပ်ကန်လိုက်တာပါပဲ။

မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဗမာ့တပ်မတော်ဟာ ပြည်သူလူထုဘက်က ရပ်တည် ကာကွယ်နိုင်ခွင့်တွေ အကြိမ်ကြိမ်ရခဲ့ပေမယ့် အဲ့ဒီ အခွင့်အလမ်းတွေကို အကျိုးရှိအောင် အသုံးမချခဲ့ကြဘူးဆိုတာ တိုင်းပြည် လက်ရှိရောက်နေတဲ့ အခြေအနေ အကျပ်အတည်းကြီးက အဖြေပေးပြီးသားပါ။

ကျနော်တို့ဟာ သမိုင်းကို လေ့လာရင်ပဲဖြစ်ဖြစ်၊ သမိုင်းထဲက သင်ခန်းစာ ထုတ်ယူတဲ့အခါဖြစ်ဖြစ် သမိုင်းဆိုင်ရာ အချက်အလက်တွေကို ထိမ်ချန်ဖုံးကွယ် ဖျောက်ဖျက်ဖို့ မသင့်တော်သလို ဘက်လိုက်အားနာမှု မပြတ်မသား သုံးသပ်မှုတွေ မလုပ်အပ်ပါဘူး။ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၂ ခုနှစ်တွေကနေ မျက်မှောက်ခေတ်ထိ ကြိမ်ဖန်များစွာ ဖြစ်ပွားနေခဲ့တဲ့ စစ်အာဏာရှင်နဲ့ ပြည်သူကြားက ပဋိပက္ခတွေမှာ တပ်မတော်ကသာ ကြားနေပြီး အာဏာရှင်ဘက်က မရပ်တည်ဘဲ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့မယ်ဆိုရင် သမိုင်းကြောင်းလည်းကောင်းပြီး အခုချိန်ဆို တပ်မတော်ဟာ တို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိရှိ နေရာယူနိုင်လို့ ပန်းကုံးစွပ်ခံရမယ့် ပြည်သူ့တပ်မတော် ဖြစ်နေခဲ့တာ ကြာပြီပေါ့။

အခုတော့ အာဏာရှင်ဘက်က ပြတ်ပြတ်သားသားရပ်တည်တဲ့၊ ပြည်သူကို အကြိမ်ကြိမ် သတ်ဖြတ်အနိုင်ကျင့်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကမ္ပည်းထိုးတဲ့ လက်နက်ကိုင် ကြေးစားတပ်ရယ်လို့ သမိုင်းတင်ခဲ့ရတာ မဟုတ်လား။ မိဘပြည်သူတွေအတွက်တော့ အလွန်ထိတ်လန့် နှလုံးကြေကွဲစရာတွေ ကြုံခဲ့ရတာပါ။ ကိုယ့်သားသမီးက ကိုယ်နဲ့ ကိုယ့်မိသားစုကို မညှာမတာ သတ်ဖြတ်မှု ကြုံရတဲ့ ဘယ်မိဘ မထိတ်လန့်ဘဲ ရှိလိမ့်မတုန်း။ ညီအစ်ကို မောင်နှမသားချင်း များစွာရှိတဲ့ အိမ်တအိမ်မှာ အကြီးဆုံး သြရဿ သားကြီးရှိတယ် ဆိုကြပါစို့။ သားကြီး အဖရာဆိုသလို အိမ်ထောင်စုကို ကာကွယ်စောင့်ရှောက်ရမှာ သူ့တာဝန်ဖြစ်သလို အိမ်နီးချင်း ပတ်ဝန်းကျင်က လေးစားခန့်ညားရအောင် ဗလငါးတန်နဲ့ ပြည့်စုံဖို့လိုတယ်။ ကာယဗလတင် အင်အားတောင့်တင်းနေရုံနဲ့ မပြည့်စုံဘူး၊ ဉာဏဗလ၊ စာရိတ္တဗလ မဖွံ့ဖြိုးဘဲ အိမ်ထောင်စုရဲ့ အကောင်းဆုံး အခွင့်အရေးတွေ သူပဲမောင်ပိုင်စီး ခွတုတ်၊ ညီငယ် နှမငယ်တွေအပေါ် မတရားသဖြင့် နှိပ်စက်ရိုက်ပုတ်၊ လုပ်ချင်တာ လုပ်နေရင် ဘယ်သူက လေးစားမလဲ၊ ဘယ်သူကကြိုက်မလဲ။ အဲဒီလို အစ်ကိုကြီးမျိုး အင်အားတောင့်တင်း၊ ဗလကြီးခြင်းဟာ ညီငယ် ညီမငယ်တွေ အတွက်တော့ အန္တရာယ်ပဲ။ အားလုံး ဒူးနဲ့မျက်ရည် သုတ်နေရမှာပေါ့။

တို့တိုင်းပြည်က အာဏာသိမ်း တပ်မတော်ကလည်း အဲဒီလို အစ်ကိုကြီးမျိုး ဖြစ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာတွေ အကုန်ယူထားတယ်။ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဓနဥစ္စာတွေ မတရားသဖြင့် ယူထားတယ်။ မြေတွေ သိမ်းချင်သလိုသိမ်း၊ သယံဇာတတွေဆို အမေ့ထဘီတောင် ချွတ်ခိုင်းပြီး ပေါင်နှံ ရောင်းချသလိုမျိုး လုပ်ချင်ရာလုပ်ခဲ့တာ။ ဘယ်သူမှ မတိုင်ပင်ဘူး။ တိုင်းရင်းသား ညီအစ်ကို မောင်နှမသားချင်းတွေက ကိုယ့်အခွင့်အရေးလေး တောင်းရင်ကို ဘီလူးသဘက်လိုနှိပ်စက်၊ အင်အားသုံး အနိုင်ကျင့် သတ်ဖြတ်တော့တာပဲ မဟုတ်လား။ ပြည်သူကို ကာကွယ် စောင့်ရှောက်ရမယ့်အစား အာဏာရှင်အရေးနဲ့ သူတို့အရေး ဦးထိပ်ပန်နေတာ အခုချိန်ထိအောင်ပါပဲ။

စစ်သည်အင်အား ၅ သိန်းကျော်ရှိတဲ့ အထဲက ဘယ်တော့များမှ ပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ ထိထိရောက်ရောက် ရပ်တည်ကာကွယ်ပေးမယ့် ပြည်ချစ်စစ်သားတွေ ထွက်လာမှာလဲ။ မျက်မှောက်ချိန်ခါ သမယမှာ အခွင့်လမ်းကောင်း ကြုံနေရပြီ မဟုတ်လား။ လက်လွှတ်မခံဖို့လိုတယ်။ ညစ်နွမ်းနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်းကို ပြန်လည်အဖတ်ဆယ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ စံရည်စံညွှန်းအတိုင်း ပြင်ဆင်ဖို့၊ နိုင်ငံတော်အာဏာကို တပ်မတော်လက်ထဲကနေ ပြည်သူ့အစိုးရလက်အပ်ဖို့၊ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်အချိန် ရောက်နေပါပြီ။

အမှန်နဲ့အမှား ခွဲခြားတတ်တဲ့ အသိဉာဏ်နဲ့ စိတ်သတ္တိရှိဖို့ သိပ်အရေးကြီးပါတယ်။ တချို့ကျတော့ အမှန်နဲ့ အမှားကို သိပေမယ့် ကိုယ့်အတ္တအတွက်၊ ကိုယ့်လောဘအတွက် အမှန်တရားကို လျစ်လျူရှုတတ်ကြတယ်။ အများအကျိုးစီးပွားကို ထိခိုက်မှန်းသိပေမယ့် ကိုယ်ရနေတာလေး လက်လွှတ်ဆုံးရှုံးရမှာစိုးတဲ့ ဘယာဂတိတွေကြောင့် အမှန်တရားကို မျက်ကွယ်ပြုတတ်ကြတယ် မဟုတ်လား။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထိုင်ခုံ ၂၅ ရာခိုင်နှုန်း အနုကြမ်းစီးခံထားရတယ် မဟုတ်လား။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တပ်မတော်က မောင်ပိုင်စီးထားတာ မဟုတ်လား။ ပြည်သူတွေရဲ့ အနာဂတ်ကို လုယူထားတာ မဟုတ်လား။ တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေ၊ တောင်သူတွေရဲ့ လယ်မြေတွေ တရားမဲ့ အသိမ်းခံနေရတာ မဟုတ်လား။

၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံရည်စံညွှန်းတွေနဲ့ လုံးဝသွေဖည်နေတယ်။ ထို့အတူပဲ ပြည်သူရဲ့  ဆန္ဒသဘောထားတွေ၊ ခံယူချက်တွေကို ထင်ဟပ်ပြီးတော့ မဖော်ပြနိုင်ဘူး။ တရားမဝင်တဲ့ စစ်အစိုးရကနေ တရားဝင် စစ်အစိုးရဖြစ်အောင် ဖန်တီးလိုက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။

ပုဒ်မ (၄၃၆) အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ အာဏာနိုင်ငံရေး (ပါတီနိုင်ငံရေး) ကိစ္စ မဟုတ်ဘူး။ ပြည်ထောင်စုကြီးရဲ့အရေး၊ တမျိုးသားလုံးရဲ့အရေး၊ တတိုင်းတပြည်လုံးအရေး၊ အမျိုးသားနိုင်ငံရေးကိစ္စကြီး ဖြစ်တယ်။ ကျောင်းသားမှမဟုတ်ဘူး၊ ဖိုးဖိုးဖွားဖွားကစလို့ ဘုန်းဘုန်း၊ ဆရာလေး၊ မွေးကင်းစကလေးထိ သက်ဆိုင်တယ်။ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ တိုင်းရင်းသား၊ စစ်တပ်၊ ရဲ၊ ၀န်ထမ်း၊ ကယ်ပါ၊ ဒွန်းစဏ္ဍား ရှိရှိသမျှ ပြည်သူပြည်သားအားလုံးနဲ့ ဆိုင်တယ်။ အားလုံးရဲ့ အနာဂတ်ရေးကိစ္စကြီးဖြစ်တယ်။

ဒီနေရာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်က “အမျိုးသားရေး” ဆိုတဲ့ စကားလုံးဟာ မြန်မာလူမျိုး တမျိုးတည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာအတွက်သက်သက် မဟုတ်ပါဘူး။ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရခိုင်၊ ချင်း စတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအပြင် ဗမာပြည်ပေါက် အိန္ဒိယလူမျိုး၊ တရုတ်လူမျိုး စတဲ့ လူမျိုးအားလုံးရဲ့အရေး၊ ပြီးတော့ အဲ့ဒီ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကိုးကွယ်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်တဲ့ဘာသာ စတဲ့ ရှိရှိသမျှ ဘာသာအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း အတူတကွ ကြီးပွားချမ်းသာနိုင်ရေးပါ။ တနည်းအားဖြင့်ပြောရရင် အမျိုးသားနိုင်ငံရေးဆိုတာ ပြည်ထောင်စုအရေး၊ တတိုင်းတပြည်လုံး အရေးအရာ ကိစ္စကြီးပါ။ ထပ်ပြီး ရှင်းအောင်ပြောရရင် မိသားစုဝင် မြောက်မြားစွာရှိတဲ့ မိသားစုကြီးရဲ့ အရေးအရာ ကိစ္စကြီးပါ။

ဒါကြောင့် မြန်မာနိုင်ငံသားမှန်ရင်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ စစ်သားမှန်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီပုဒ်မ ၄၃၆ ကို ထိထိရောက်ရောက် ပြင်ဆင်နိုင်အောင် လူတိုင်းလူတိုင်း ရှိရှိသမျှ စွမ်းအားအပြည့်နဲ့ ၀ိုင်းဝန်းထောက်ခံ ကူညီကြဖို့လိုတယ်။ အားလုံးရဲ့ အနာဂတ်ကောင်းဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ဖို့ စစ်အာဏာရှင် အရိပ်မိုးတဲ့ ဖွဲ့စည်းပုံဥပဒေဆိုးကို အမြစ်လှန် တူးထုတ်ပစ်ရေးဟာ နိုင်ငံသားတိုင်းရဲ့ အမျိုးသားရေးတာဝန်ကြီး ဖြစ်တယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်ပါ။ နိုင်ငံသားတိုင်းအတွက် ဘ၀လုံခြုံမှု၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မှု၊ လွတ်လပ်မှု၊ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု ရှိပြီးတော့ အခြေခံလူ့အခွင့်အရေးတွေ အာမခံ ကာကွယ်ပေးထားတဲ့ ခိုင်ခန့်တဲ့ အိမ်ကြီးတလုံးနဲ့ တူဖို့လိုပါတယ်။ တိုင်းပြည်တပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဲ့ဒီ တိုင်းပြည်က နိုင်သားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ နိုင်ငံရေး အသိအမြင် အနိမ့်အမြင့်ကို ဖော်ပြနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မခိုင်မာတဲ့အုတ်မြစ်ပေါ် တည်ထားတဲ့ နံရံတွေဆွေး၊ ကြမ်းတွေဆွေးပြီး ခေါင်မိုးမလုံတဲ့၊ အချိန်မရွေး ပြိုကျနိုင်တဲ့ အိမ်အိုဟောင်းကြီးတလုံးနဲ့ တူပါတယ်။ လက်ရှိ ရာထူးအာဏာရှိလို့ပဲဖြစ်ဖြစ်၊ အခွင့်ထူးတွေ ခံစားနေရလို့ဖြစ်ဖြစ် လောလောဆယ် အဆင်ပြေနေတဲ့၊ အခြေကျနေတဲ့ ရာထူးဌာနန္တရ၊ စီးပွားရေးဘ၀၊ လူမှုရေးဘ၀တွေ အရှိန်မပျက်စေချင်လို့ပဲဖြစ်ဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုတဲ့ သူတွေဟာ အန္တရာယ်ကြီးပြီး မခိုင်မာတဲ့ အိမ်အိုဆွေးကြီးထဲမှာ နောက်ဆုံးပေါ် ခေတ်မီအသုံးအဆောင်တွေနဲ့ အခန်းဖွဲ့ နေသူတွေနဲ့ တူပါတယ်။ သူတို့အခန်း ဘယ်လောက်ခိုင်ခိုင်၊ ဘယ်လောက်ကောင်းကောင်း အိမ်အိုကြီး ပြိုကျရင်တော့ အတူတူ ပြိုကျတဲ့အထဲ ပါသွားမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဘယ်သူ့ရဲ့ဘ၀မှ မလုံခြုံပါဘူး။

ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိထိရောက်ရောက် မပြင်နိုင်ရင် စစ်ညွန်ထဲမှာ အားလုံးရဲ့ဘ၀တွေ၊ အနာဂတ်တွေ ဆက်ပြီး အညွန့်တုံးကြရဦးမယ်။ ဥပဒေရဲ့အထက်မှာ ဗိုလ်ကျနေရာလုထားတဲ့ စစ်အာဏာရှင် အပေါင်းအပါ အသိုင်းအ၀ိုင်းတွေရဲ့ လူလည်ကျ၊ ခေါင်းပုံဖြတ်၊ လူညွှန့် ခူးတာ ဆက်ခံနေရဦးမှာပါ။ တရားဥပဒေ မစိုးမိုးခြင်းရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အချိန်ဆွဲခြင်းဟာ တစက္ကန့် တမိနစ် နောက်ကျရင် နောက်ကျသလောက် ပြည်တွင်းစစ်မီးတောက်အောက်မှာ စစ်ဂျပိုး လူဂျပိုးတွေရဲ့ လက်အောက်မှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ အဖမ်းခံရမှု၊ အသတ်ခံရမှု၊ တပ်မတော်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှု၊ နိုင်ငံအနှံ့ လူသတ်၊ မုဒိမ်း၊ မြေသိမ်းမှုတွေ၊ မတရားပုဒ်မတွေနဲ့ မမျှမတ တရားစီရင်ခံရမှုတွေ ဆက်ဖြစ်နေဦးမှာပါ။ ဒါပေမယ့် ပြည်သူပြည်သားတွေ လက်မခံတဲ့ ဘယ်အုပ်ချုပ်မှု စနစ်မဆို နိဂုံးကောင်းနဲ့ အဆုံးသတ်ရိုးထုံးစံ မရှိပါဘူး။

ဒီတော့ တပ်မတော်သား အားလုံးကို မေးပါရစေ၊ လိပ်ပြာသန့်သန့်၊ ရဲရဲရင့်ရင့် ဖြေကြည့်လိုက်ပါ။ ဗမာ့တပ်မတော်ဟာ ဘယ်သူ့တပ်မတော်လဲ၊ လူတစုတပ်မတော် လုပ်မှာလား၊ လူထုတပ်မတော် လုပ်မှာလား။

ကိုယ်ကြိုက်တာကိုယ်ရွေး ... ကိုယ့်သမိုင်းကိုယ်ရေး

ရွေးသင့်တာရွေး … ပေးသင့်တာပေး

ပြေးခြင်လည်းပြေး … သံသရာက … မဝေးလှပါဘူး။            ။

မင်းကောင်းချစ်

ဇွန်လ (၂၄) ရက်၂၀၁၅ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013