DVB Logo
Home
မြန်မာသတင်း
ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး
DVB
·
June 29, 2015
ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်တပ်ကြားမှာရှိတဲ့ ရွာသားတွေကို ဒီကနေ့နောက်ဆုံးထား တိမ်းရှောင်သွားဖို့ အစိုးရတပ်က ခေါ်ယူသတိပေး ခဲ့ပါတယ်။

ဖားကန့်နဲ့ ကာမိုင်း ကြားက တံတားညီနောင်၊ ဂေါ်လူယန်၊ ခွန်ဇိုင်ဇွပ်၊ ဆိုင်းခါနဲ့ ကပ်မော် စတဲ့ ရွာ ၅ ရွာက ရွာသားတွေကို ရှောင်တိမ်းဖို့ နဲ့ ကေအိုင်အေ အဖွဲ့ဝင်တွေကိုလည်း ရွာထဲမှာ လက်ခံမထားဖို့ အစိုးရတပ်က ဇွန်လ ၂၈ ရက်နေ့ညက ခေါ်ပြောခဲ့တယ်လို့ ဆိုင်းခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက ခလရ ၄၂၁ တပ်ရင်းမှူးက ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရော၊ သင်းအုပ်ဆရာတွေရော ပျားအုံရွာမှာ ခေါ်ပြောတယ်။ အဲဒီရွာမှာ အစိုးရတပ်က လက်နက်ကြီးတွေနဲ့လည်း ချိန်ထားတယ်။ ဒီနေ့နောက်ဆုံးထားပြီး ရှောင်သွားဖို့ပေါ့၊ တိုက်ပွဲဖြစ်နိုင်တယ်ပေါ့။ အဲဒါ ဒီနေ့မှာ တချို့က ကားလမ်းအတွင်းပိုင်းဘက်ကို ထွက်သွားပြီ၊ တချို့က ပစ္စည်းတွေ သိမ်းနေကြတယ်။ ကျနော်လည်း ကျနော့်မိသားစုဝင်တွေရော ကျနော့်ရွာသားတွေရော ဘယ်ကိုခေါ်ထုတ်မလဲလို့ သင်းအုပ်ဆရာတွေနဲ့ တိုင်ပင်နေတယ်။ ဒီမှာ တောင်ယာလုပ်ချိန်၊ လယ်လုပ်ချိန်ဆိုတော့ အလုပ်တွေပစ်ထားရမှာ တအားဒုက္ခရောက်တယ်။ ကလေးတွေ ဘာတွေနဲ့။”

ဖားကန့်နဲ့ ၁၇ မိုင်လောက်ဝေးတဲ့ အဲဒီရွာတွေမှာ တောင်ဘက်မှာ အစိုးရတပ် နဲ့ မြောက်ဘက်က ကေအိုင်အေတပ်တွေ နေရာယူထားတာကြောင့် တိုက်ပွဲဖြစ်ရင် စစ်မြေပြင်လို ဖြစ်သွားမှာဖြစ်ပြီး ရွာ ၅ ရွာက လူတွေ ရာနဲ့ချီ ထွက်ပြေးရမယ်လို့ သူကဆက်ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ က တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်တန်ဆန်းကလည်း နယ်မြေထဲမှာ အစိုးရတပ်က ဗျူဟာမှူးကိုယ်တိုင် ကြပ်မတ်ကွပ်ကဲပြီး အင်အားဖြည့်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဖားကန့် ကာမိုင်းကြား လ၀ါးလမ်းခွဲနားမှာ အစိုးရတပ် လာချထားတယ်။ ဗျူဟာမှူးကိုယ်တိုင် ကွပ်ကဲတယ်လို့ ကြားတယ်။ ပြီးတော့ ပျားအုံရွာထဲမှာလည်း အစိုးရတပ်ရင်းတခု ရောက်လာတယ်။ အကုန်လုံး ၃၀၀ လောက်ရှိမယ်။ ကျနော်တို့ဘက်လည်း သတိအနေအထားပေါ့။ ဒီ စနေ၊ တနင်္ဂနွေ ၂ ရက်တော့ တိုက်ပွဲမရှိပါဘူး။ သောကြာနေ့ကတော့ မြစ်ကြီးနား နမ္မတီးဘက် ကေအိုင်အေ တပ်ရင်း ၁၁ ဘက်မှာရော၊ တပ်ရင်း ၁ တပ်မဟာ ၇ ဆွမ်ပရာဘွမ်ဘက်မှာ ပစ်ကြတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။”

ဖားကန့်ဒေသမှာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ နဲ့ အစိုးရတပ်ကြား ဒီလ ၁၅ ရက်နေ့ကစ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးတွေပါ အသုံးပြုတဲ့အတွက် ဆွတ်ငိုင်၊ ဆိုင်းဂျာ၊ အောင်လန်း စတဲ့ရွာက ရွာသားပေါင်း ၁၀၀ ကျော် ကေအိုင်အေတပ်ရင်း ၆ ဘက် ထွက်ပြေးလာခဲ့ပါသေးတယ်။

တပ်မတော်ထုတ် မြ၀တီသတင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ဇွန်လ ၂၈ ရက်နေ့ မနက်က ကေအိုင်အေတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် ထမင်းဆိုင်က မိန်းကလေးတဦး လက်နက်ထိမှန် ဒဏ်ရာရပြီး မော်တော်ကားနဲ့ အုတ်တံတိုင်းတွေ ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

ကေအိုင်အေဘက်ကတော့ အဲဒီဘက်မှာ တခြားလက်နက်ကိုင်အဖွဲ့တွေပါ ရှိနေပြီး အထောက်အထားမရှိဘဲ သူတို့အဖွဲ့ကို မစွပ်စွဲသင့်ဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။

လတ်တလော ထိတွေ့ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေး ကော်မတီက အစိုးရဘက်က ပဋိပက္ခညှိနှိုင်းရေး ကော်မတီဘက်ကို ပြီးခဲ့တဲ့အပတ်က အကြောင်းကြားထားပေမယ့် အကြောင်းပြန်ကြားချက် မရသေးကြောင်း၊ လွန်ခဲ့တဲ့ ၂ လကလည်း ဖားကန့်ဒေသ တိုက်ပွဲဖြစ်ရာနေရာကို ကွင်းဆင်းစစ်ဆေးဖို့ ကိစ္စမှာ အစိုးရဘက်က အဆင်မသင့်သေးတဲ့အတွက် နှစ်ဘက် ပူးတွဲပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကော်မတီဖွဲ့ထားပြီး အရာမရောက်ဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013