DVB Logo
Home
မြန်မာသတင်း
အမ်းမြို့ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်၊ လူ ၅ ဦးထက်မနည်း သေဆုံး
DVB
·
June 29, 2015
အမ်းမြို့ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်၊ လူ ၅ ဦးထက်မနည်း သေဆုံး
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့မှာ မိုးများပြီး အရှိန်ပြင်းထန်တဲ့ တောင်ကျရေကြောင့် ၅ ဦးထက်မနည်း သေဆုံးခဲ့သလို နေအိမ်တွေ ရေနဲ့မျောပါတဲ့အထိ ဖြစ်ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။

ဇွန်လ ၂၇ - ၂၈ ရက်တွေမှာ မြို့ပေါ် ရေလျှံတဲ့အတွက် တမြို့လုံးနီးပါးက အိမ်တွေ ရေမြုပ်ခဲ့တယ်လို့ အမ်းမြို့ခံ ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

“ထိခိုက်သေဆုံးမှုတွေကတော့ ကျမတို့ တမြို့နယ်လုံး စာရင်းကိုအတိအကျတော့ မသိရသေးပါ ဘူး။ ဒါပေမယ့် ခန့်မှန်းခြေကတော့ ၁၀ ယောက်လောက်တောင်ရှိမယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ ၅ လောင်းလောက် မြှုပ်ပြီးပါပြီ။ ပထမဆုံး သေတဲ့ ကောင်လေးဆိုရင် သောကြာနေ့ညနေမှာ ဘုန်းကြီးကျောင်းမှာနေပြီး ညီအကိုနှစ်ယောက် ကျောင်းတက်ပါတယ်။ မိုးကြီးလာတော့ အိမ်ကိုပြန်မယ်ဆိုပြီး ဆရာတော်ကိုလျှေက်ပြီး ပြန်ကြပါတယ်။ ပြန်တဲ့အချိန် လုံးတံတားနားမှာ ဖြတ်တော့ ဆိုင်ကယ်ရော ကလေးရော ပါသွားတယ်။ ညီလေးက အသက်ရှင်ကျန်ခဲ့တယ်။ အကိုကတော့ ၉ တန်း ဆုံးသွားတယ်။”

အမ်းမြို့အမြောက်တပ်သားတဦးလည်း လမ်းဖြတ်ကူးချိန် တောင်ကျရေကို မရှောင်တိမ်းနိုင်ဘဲ ရေထဲမျောပါ သေဆုံးသွားတယ်လို့ဆိုပါတယ်။ တောင်ပေါ်မြို့လေးဖြစ်ပေမယ့် အမ်းချောင်းနဲ့ သရုချောင်းရေတက်ပြီး အခုလို ရေနစ်မြုပ်ကုန်တာလို့ ဆိုပါတယ်။

တရှိန်ထိုးတက်တဲ့ ရေကြောင့် မြို့ခံတွေ ကိုယ်လွတ်ရုန်းထွက်ပြေးကြရပြီး နစ်နာဆုံးရှုံးမှု များပြားပုံကို ဒေါ်သွယ်သွယ်စိုးက
“အပျက်အစီးတွေကတော့ တော်တော်များပါတယ်။ မြို့ပေါ် ဆိုင်တွေတော်တော် ဆုံးရှုံးပါတယ်။ တချို့ဆိုရင် သိန်း ၂၀၀-၃၀၀ တောင် ပျက်စီးတယ်။ ဆန်ကုန်သည်တို့၊ ဘိလပ်မြေတို့ ဆိုင်အကုန်လုံးလိုလို တော်တော်ဆုံးရှုံးကြပါတယ်။ ရေက တရှိန်တည်း တိုးလာတော့ လူတွေက ဘာမှမရဘဲနဲ့ ကိုယ်လွတ်ရုန်းပြီးပြေးရတာပေါ့။ တခုမှမသယ်နိုင်ဘူး။ အိမ်အလုံးလိုက်မြုပ်ပြီး ခေါင်မိုးတောင်မမြင်ရတဲ့အိမ်တွေ။ အိမ်အလုံးလိုက် ပါသွားတဲ့အိမ်တွေ တော်တော်များပါတယ်။” လို့ ပြောပါတယ်။

မြို့ပေါ် အမှတ် (၃) ရပ်ကွက်မှာ အိမ်အလုံး ၂၀ လောက်ရေ ထဲမျောပါပြီး နှစ်ထပ်တိုက်အိမ်တချို့ ယိမ်းယိုင်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်မှုနဲ့အတူ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့လည်း ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေးက ကျမတို့ တပ်တောင်ကိုလည်း ဆင်းလို့မရသေးပါဘူး။ လမ်းမှာက အပြတ်ပြတ် ပြတ်နေပါတယ်။ လမ်းတွေကိုက ပိုင်းပါသွားပါတယ်။ ပေ ၂၀ လောက်ပိုင်းပြီး ကျိုးကျသွားတယ်။ နောက် စစ်တွေ၊ ရန်ကုန်လမ်းမှာလည်း သွားလို့မရသေးပါဘူး။ ကတ္တရာ လမ်းက ပေ ၂၀ လောက်ကို နိမ့်ကျသွားတယ်။ နောက် တံတားတွေလည်း ကျိုးတော့ ကျမတို့ အဆက်အသွယ်လည်း ပြတ်တောက်ကုန်တယ်။ ကုန်းစီးဆင်းမှု မရှိတော့ဘူး။ ဆိုတော့ ကျမတို့မှာ ကုန်ဈေးနှုန်းက တရိပ်ရိပ်တက်လာတယ်။ အခါတိုင်း ဆီတဘူးကို ၁၃၀၀ ပေးရတယ်ဆိုရင် အခုက ၁၈၀၀-၂၀၀၀ ပေးရတယ်။ ဆန်ဈေးတွေ တက်လာတယ်။ အသီးအနှံဈေးတွေ တက်လာတယ်။”

ဒီနေ့ရေတွေပြန်ကျသွားပေမယ့် တမြို့လုံး ရွှံ့တွေ နုန်းတွေ တင်ကျန်တဲ့အတွက် ကျောင်းတွေ၊ ရုံးတွေ ပိတ်ထားပြီး သန့်ရှင်းရေးလုပ်ဆောင်နေကြပါတယ်။ ရေတွင်းအားလုံး မြုပ်တဲ့အတွက် ရေကောင်းရေသန့်ရဖို့ ခက်ခဲနေပြီး ၀မ်းလျှောဝမ်းပျက် ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ အခက်အခဲပေါင်းစုံ ရှိနေပေမယ့် အုပ်ချုပ်ရေးပိုင်းကရော၊ လူမှုအဖွဲ့တွေရော လာရောက်ကူညီတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်ကလည်း သံတွဲမြို့မှာ အလားတူ ရေကြီးရေလျှံတဲ့အတွက် အိမ်တွေ ရေမျောပါသွားတာ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာရှိတယ်လို့ မြို့ခံဦးစိန်ချစ်က ပြောဆိုပြီး ဒီကနေ့ ရေပြန်ကျလို့ အိမ်တိုင်း သန့်ရှင်းရေး လုပ်ဆောင်နေကြတယ်လို့ သူက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက် မိုးကြီးမယ့် သတိပေးချက် ထုတ်ပြန်ပြီးနောက် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013