
စစ်ပွဲတွေနဲ့ နီးကပ်လာနေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ပါ်မှာ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ သံဃာတော်တွေကို ပင့်ဆောင်ပြီး အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲမှူး၊ တပ်ရင်းမှူးနဲ့ ဗိုလ်မှူးတွေ ဦးဆောင်ပြီး သံဃာတွေကို ပင့်ဖိတ်ကာ သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရုံးထဲမှာ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်နေတာလို့ ဆိုပါတယ်။
သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်ကောင်စီဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရတာ။ တိုင်းကို သူက ညွှန်ကြားတာ၊ တိုင်းကနေ တဆင့် ခရိုင်နဲ့ မြို့နယ်အထိ လုပ်ရတာ။ စစ်ရေးနဲ့ ဘေးအန္တရာယ်အပေါင်းကနေ ကင်းလွတ်စေဖို့ပေါ့နော်၊ အဲဒီသဘောနဲ့ လုပ်တာလို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီ ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်ပွဲကို ဌာနဆိုင်ရာရုံးဌာန အသီးသီးက ဝန်ထမ်း ၅ ယောက် အနည်းဆုံး တက်ရောက်ခိုင်းပြီး စစ်ကောင်စီတပ်သားတချို့နဲ့ ရဲတချို့လည်း ပရိတ်သဲ၊ ပရိတ်ဆန် ပရိတ်ကြိုးတွေနဲ့ ပရိတ်ရွတ်ဖတ်ပွဲကို လာတာတွေ့ရတယ်လို့ ဆိုပါတယ်။
သာပေါင်းမြို့ခံ ဝန်ထမ်းတယောက်က “စစ်သားတချို့ပါ ပရိတ်ကြိုးတွေ၊ ပရိတ်သဲတွေနဲ့ ပရိတ်တရားလာနာတာ တွေ့ရတယ်။ စစ်ကောင်စီက မကောင်းတာ အကုန်လုပ်ပြီး အခုတော့ ကြောက်ပြီပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ သာပေါင်းမြို့ပေါ်မှာလည်း ဒီရက်ပိုင်းအတွင်း မော်တော်ယာဉ်တွေ အသုံးပြုပြီး ပရိတ်၊ ပဋ္ဌာန်း လိုက်လံရွတ်ဖတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်နေတဲ့ စစ်ကောင်စီတပ်က သာပေါင်း၊ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ တောစပ်နေရာတွေမှာ လုံခြုံရေးယူထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။