နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်အုပ်စုက ထောင်ပြောင်းမယ်ဆိုကာ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ၃၇ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၃၇ ယောက်ကတော့ ဒိုက်ဦး (ကျိုက်ဇကော) ထောင်ကနေ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က ထောင်ပြောင်းရွှေ့မယ်ဆိုကာ စစ်တပ်ကနေ ခေါ်ထုတ်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး သူတို့ရဲ့မိသားစုတွေက စုံစမ်းရာမှာလည်း ဒိုက်ဦးထောင် တာဝန်ရှိသူတွေက အကြိမ်ကြိမ် ငြင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာတော့ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ရာ လမ်းခရီးမှာ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ချိန်မှာ နိုင်ငံရေးအကျဉ်းသား ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းတို့ သေဆုံးသွားကြောင်းကို သူတို့ရဲ့မိသားစုတွေဆီ ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ ဦးကျော်ဇေယျက လက်မှတ်ထိုးပြီး အကြောင်းကြားစာ ပို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစာက ဇွန် ၂၉ ရက်လို့ ရက်စွဲတပ်ထားပေမဲ့ မိသားစု ၂ စုဆီ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေကမှ ရောက်ရှိခဲ့တာဖြစ်ပြီး အတွင်းစာမှာ ကိုပြည့်ဖြိုးဟိန်းရဲ့ ဇနီးဆီ လိပ်မူထားပေမဲ့ စာအိတ်အဖုံးမှာတော့ ပျောက်ဆုံးနေတဲ့ ကိုအောင်မျိုးသူရဲ့ ဇနီးနာမည်နဲ့ လိပ်စာတပ်ထားပြီး ကိုအောင်မျိုးသူရဲ့ဇနီး မခင်မိုးမိုးဆီ ရောက်ရှိသွားခဲ့တာဖြစ်ကာ အဆိုပါ ဖြစ်စဉ်အရ ကိုအောင်မျိုးသူရဲ့ အသက်အန္တရာယ်ဟာလည်း စိုးရိမ်စရာဖြစ်နေတယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ ဦးစိန်ဝင်းရဲ့ မိသားစုဆီ ဦးစိန်ဝင်းဟာ မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်ပြီးတော့ သေဆုံးသွားတယ်လို့ အကြောင်းကြားခဲ့ပေမဲ့ အကျဉ်းထောင်အသိုင်းအဝိုင်းက ဦးစိန်ဝင်းကို ထောင်ပြင်ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာမှာ ပါဝင်ခဲ့တယ်လို့ ထောင်တွင်း အကျဉ်းသားတွေဆီက သိရှိရကာ သေဆုံးချိန်မှာ အညိုအမည်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ မိသားစုဝင်တွေက သိရှိရကြောင်း ဆိုပါတယ်။
ဇွန် ၇ ရက်တုန်းကလည်း နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်ရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ကို ပျူစောထီးတွေက နေအိမ်မှာ လာရောက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၆ ရက်က ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ဖော်ထုတ်ရေးသားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ခုလို လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေတဲ့ လုပ်ရပ်ဟာ ပြည်တွင်းဥပဒေတွေကိုသာမက နိုင်ငံတကာဥပဒေတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပြီးတော့ ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေကို ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဖက်ဆစ်နာဇီတို့ရဲ့ လုပ်ရပ်တွေနဲ့ ထပ်တူဖြစ်နေတယ်လို့ အေအေပီပီက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်ကစလို့ တရားဥပဒေစိုးမိုးရေး ပျက်ပြယ်သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု အမာခံထောက်တိုင်တွေဖြစ်ကြတဲ့ တရားသူကြီးတွေ၊ စစ်သားတွေ၊ ရဲတွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးတာ၊ ဥပဒေမဲ့ မတရားပြစ်ဒဏ်ချမှတ်တာ၊ အကျဉ်းထောင် အသီးသီးမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဥပဒေမဲ့သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အနိုင်ကျင့် စော်ကားတာတွေကို ပြုလုပ်နေကြတာပါ။
အဲဒီလို ဥပဒေမဲ့ မတရားသတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေအပေါ် အေအေပီပီအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး မတရားကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး တရားမျှတမှု ရရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကာ အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ အမိန့်ပေးစေခိုင်းသူ၊ ကိုယ်တိုင်ကျူးလွန်သူတွေ အားလုံးအနေနဲ့ တာဝန်ခံရမယ်လို့လည်း ပြောပါတယ်။
အေအေပီပီက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း ၃,၇၅၇ ယောက် ရှိပြီဖြစ်ကာ အကျဉ်းထောင်တွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာ၊ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေ၊ စစ်ကြောရေးစခန်းတွေမှာ မတရား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူ အယောက် ၁၅၀ ထိ ရှိခဲ့ပြီလို့ ဆိုပါတယ်။