

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့တော် မြူနီစီပယ်နယ်မြေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် မကြာသေးခင်ရက်ပိုင်းတွေအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ချုံချင်းမြို့တော် မြူနီစီပယ်နယ်မြေရှိ ပေါင်းလောင်းမြို့မှာ တနင်္လာနေ့ကတည်းက နောက်ဆုံးအကြိမ် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရွာသား ၅၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ပါတယ်။
အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ၃ လုံး ပြိုကျပြီး လမ်းတွေလည်း ပျက်စီးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတွေဟာ ချုံချင်းမြို့တော်အတွက် အပါအဝင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် ယွမ်သန်း ၃၂၀ ကို ကြေညာခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က လူတွေနဲ့ ပစ္စည်းဥစ္စာတွေ ဘေးကင်းလုံခြုံမှု ရှိစေဖို့နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သတိပေးချက်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ ရှင်းဟွာသတင်းမှာ ဖော်ပြပါတယ်။
ဘေးလွတ်ရာမှာ သွားရောက်ခိုလှုံပြီး နေရပ်ကို ရွာသားအများစု ပြန်လာကြတဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းကတည်းက မြို့လေးမှာ ပြန်လှုပ်ရှားလည်ပတ်နေကြပါတယ်။
ရေကြီးမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၅ စုက ရွာသား ၁၇ ဦးကို ဒေသတွင်း ဟိုတယ်တခုမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားကြောင်း သိရပါတယ်။
Source - Reuters