
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက သာစည်ရွာနဲ့ မှန်တောရွာက ဒေသခံနေအိမ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကလေးမြို့နဲ့ မိုင် ၃၀ ကျော် ဝေးတဲ့ မှန်တောရွာနဲ့ ၃ မိုင်ခန့်ကွာဝေးတဲ့ သာစည်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။
မှန်တောရွာအနီးမှ ဒေသခံတဦးက “ဂန့်ဂေါဘက်ကနေ စစ်ကြောင်းထိုးခဲ့ကြတာ။ ရွာအနီးမှာလည်း ပျူရွာတွေရှိတယ်လေ။ ရွာသားတွေကတော့ စစ်သားတွေကြောက်လို့ ရွာမှာမနေတာ ၁ နှစ်ကျော်ပြီ။ ရွာက ကတ္တရာလမ်းဘေးက ၁၃ အိမ် မီးရှို့သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရွာအနီးမှာ တိုက်ပွဲမဖြစ်ပွားဘဲ ကျေးရွာက နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ပြောပါတယ်။
သာစည်ရွာ ဒေသခံတဦးက “ရွာလမ်းဘေးက နေအိမ် ၆ လုံးနဲ့ ဆိုင်ခန်း ၁ ခန်း မီးရှို့သွားတာ။ ရွာကနေ မီးရှို့ထွက်ခါမှ တိုက်ပွဲဖြစ်တာ။ စစ်သားတွေ ရွာကနေထွက်ပြီးခါမှ ရွာထဲကို ဝင်လို့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ကျေးရွာကထွက်သွားမှ ရွာထဲကို ပြန်ဝင်လို့ရခဲ့တာလို့ဆိုပြီး လက်ရှိမှာတော့ တိမ်းရှောင်နေကြတဲ့ ဒေသခံတွေအနေနဲ့ ကျေးရွာအတွင်းမှာ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နတ်ချောင်းအုပ်စုနဲ့ တင်သားအုပ်စုက ကျေးရွာတွေ အပါအဝင် နေအိမ်ပေါင်း ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပါတယ်။