

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၊ ဝရုဏာ ၇ လမ်းရှိ ၄လွှာတိုက်ခန်းမှာ ဇွန်လ ၂၀ ရက် နေ့လယ်ပိုင်းက ဝါယာရှော့ဖြစ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နေ့လယ် ၁၂ နာရီခန့်က မီးလောင်မှုသတင်းရရှိတာကြောင့် တောင်ဥက္ကလာပမီးသတ်တပ်ဖွဲ့နဲ့ အရပ်ဖက်ကယ်ဆယ်ရေးအသင်းတွေက သွားရောက်ငြှိမ်းသတ်ခဲ့ကြတာပါ။
ရွှေရုပ်လွှာ လူမှုကူညီရေးအသင်းတာဝန်ခံက “ ဝရုဏာ ၇လမ်းမှာပါ၊ ၅ ထပ်တိုက်ရဲ့ ၄ လွှာ အခန်းထဲမှာ လောင်တာ၊ ဒဏ်ရာရသူ မရှိပါဘူး၊ အိမ်ခန်းအတွင်း အသုံးအဆောင်တွေတော့ လောင်သွားတယ်၊ တောင်ဥက္ကလာမီးသတ်က ဖိုက်တာ ၂ စီး၊ ရေသယ်ယာဉ် ၁ စီးထွက်တယ်၊ ကယ်ဆယ်ရေးအသင်းတွေတော့ များတယ် " လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ တိုက်ခန်းမှာ လင်မယား ၂ ဦးသာ နေထိုင်တာလို့ သိရပြီး အပြင်သွားချိန်မှာ အိပ်ခန်းတွင်း ဝါယာကြိုးတွေကနေ ရှော့ဖြစ်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်မှုကြောင့် နေအိမ်အတွင်းပစ္စည်းတွေနဲ့ အခန်း ၂ ခန်း ပျက်စီးသွားကာ ဆုံးရှုံးမှုတန်ဖိုးကို တောင်ဥက္ကလာပမီးသတ်တပ်ဖွဲ့က စီစစ်နေဆဲဖြစ်တယ်လို့ သိရပြီး လူထိခိုက်မှု မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်၊ ညပိုင်းက မင်္ဂလာတောင်ညွန့်ကန်တော်ကြီးအနောက်ရပ်ကွက်ရှိ ၈ထပ်တိုက်ခန်း မီးလောင်ခဲ့ပြီး ဇွန်လ ၁၆ရက်၊ ညပိုင်းကလည်း အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းဝန်းမှာ CB ဘဏ်အပါအဝင် အဆောက်အဦ ၃ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ [ ရွှေရုပ်လွှာ ]