
မြန်မာဘက်က တရားဝင်တင်သွင်းလာတဲ့ ကုန်စည်တွေအနက် ဘင်္ဂလားဒေ့ရှ်အစိုးရ သတ်မှတ်ထားတဲ့ ကုန်တွေကိုသာ ကမ်းပေါ်တင်ခွင့်ရတာကြောင့် မြန်မာဘက်က ကုန်တင်သင်္ဘောတွေနဲ့ စက်လှေတွေရာချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှာ ပိတ်မိနေကြတယ်လို့ နယ်စပ်ကုန်သွယ်ရေးမှ တရားဝင်ကုန်တင်ပို့နေကြတဲ့ ကုန်သည်ကြီးတွေထံက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက တင်သွင်းခွင့်ပြုတဲ့ ကုန်စည်တွေကတော့ ချင်းစိမ်း၊ ကြက်သွန်နီ၊ ငါးမြစ်ချင်းနဲ့ ကုန်စိမ်းတွေ ဖြစ်ပါတယ်။
ဘင်္ဂလားကုန်သည်ကြီးတွေရဲ့ မှာယူမှုတွေကြောင့် မြန်မာဘက်မှ တင်ပို့လာကြတဲ့ ကွမ်းသီး၊ အုန်းသီး၊ ဆီးယို၊ မန်ကျည်းသီးခြောက် စတဲ့ ကုန်စည်တွေကတော့ ကမ်းပေါ်တင်ခွင့် မရကြတာကြောင့် သင်္ဘောတွေ၊ မော်တောဘုတ်တွေမှာသာ ထားရှိနေကြရပြီး ဘင်ဒရော်ဘင်ကမ်းမှာ သောင်တင်နေတာ လချီ ကြာမြင့်နေကြပြီလို့ ကုန်သည်ကြီးတွေထံက သိရပါတယ်။
ကုန်သည်တဦးက “ကျနော်တို့က ဘင်္ဂလားဘက်က ကုန်သည်တွေမှာယူတဲ့ ကုန်ပစ္စည်းတွေမှန်သမျှကို တရားဝင် အခွန်ဆောင်ပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းက တရားဝင် တင်ပို့နေကြတာ။ အခုဖြစ်နေတာက ဘင်္ဂလားအစိုးရက ခွင့်ပြုတဲ့ ကုန်စည်တွေကိုသာ ကမ်းပေါ်တင်ခွင့်ရတယ်။ နောက်ပါလာတဲ့ ကုန်စည်တွေကိုကျတော့ တင်ခွင့်မပေးဘူး။ ဘင်္ဂလားက ဘင်ဒရော်ဘင် ဆိပ်ကမ်းမှာ သင်္ဘောကြီးတွေနဲ့ မော်တော်ဘုတ်တွေ ရာချီပိတ်မိနေကြရတယ်” လို့ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ AB Bank နဲ့ Sonali Bank တွေမှာ အမေရိကန်ဒေါ်လာ နည်းပါးလာမှုကို အကြောင်းပြပြီး ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်ကစလို့ အမေရိကန်ဒေါ်လာ bank draft ပေးချေတဲ့ လုပ်ငန်းတွေ ရပ်တန့်ထားခဲ့တာပါ။
လက်ရှိ အဲဒီ AB Bank နဲ့ Sonali Bank တွေမှာ ဘင်္ဂလားအစိုးရ ခွင့်ပြုထားတဲ့ ကုန်စည်တွေအတွက်သာ အမေရိကန်ဒေါ်လာ bank draft ပေးချေတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီး တခြားကုန်စည်တွေအတွက် ပေးချေတဲ့လုပ်ငန်းတွေ ဆောက်ရွက်ပေးခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကုန်သည်ကြီးတဦးက ဆိုပါတယ်။
“အစိုးရခွင့်ပြုထားတဲ့ ကုန်တွေအတွက်သာ AB Bank နဲ့ Sonali Bank က အမေရိကန်ဒေါ်လာ bank draft ပေးချေခြင်းကို လုပ်ဆောင်ပေးတယ်။ တခြားကုန်တွေအတွက် လုံးဝလုပ်မပေးဘူး။ ကျနော်တို့ မှာထားတဲ့ ကုန်တွေက သင်္ဘောပေါ်မှာရှိနေတုန်းပဲ၊ ကမ်းပေါ်တင်ခွင့် မရကြသေးဘူး။ လချီကြာနေပြီ။ bank draft ပြနိုင်တဲ့ ကုန်တွေသာ တင်ခွင့်ရတာ။”
ဘင်္ဂလားအစိုးရက အခုလို သူတို့လိုအပ်တဲ့ ကုန်စည်တွေကိုသာ တင်ခွင့်ပေးတာနဲ့ပတ်သက်ပြီး မြန်မာဘက်က ကုန်သည်တွေက စီပွားကူးသန်း ဝန်ကြီးဌာနကို တင်ပြထားကြပေမဲ့ တာဝန်ယူမှု တာဝန်ခံမှု ဘာမှမရှိဘူးလို့ ကုန်သည်တွေထံက သိရပါတယ်။