Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် ရခိုင်ဒေသခံ ၃၅,၀၀၀ ကျော်ကို UNDP က သီးနှံမျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေး
DVB
·
June 6, 2023

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ရခိုင်ပြည်နယ်တဝန်းက မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူတွေကို မျိုးစေ့မျိုးစုံ ဖြန့်ဖြူးပေးနေပြီး လတ်တလောမှာတော့ လူဦးရေ ၃၅,၀၀၀ ကျော်အထိ ရောက်ရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် မုတ်သုံရာသီမတိုင်မီ သူတို့ရဲ့ အိမ်ခြံတွေမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ပြီဖြစ်ကာ UNDP အနေနဲ့ ငါးဖမ်းသူတွေကို ကူညီဖို့အတွက်လည်း စက်ကိရိယာတွေ ဝယ်ယူနေပြီလို့ ဆိုပါတယ်။

အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုဒဏ်ခံရအပြီး အချိန်သီတင်း ၂ ပတ်ကျော် ကြာလာတဲ့တိုင်အောင် ရခိုင်ဒေသမှာ ထောက်ပံ့ကူညီမှုတွေ လက်လှမ်းမီရရှိဖို့ မသေချာတဲ့အပြင် နောက်ဆက်တွဲ ရောဂါကူးစက်ပြန့်ပွားမှုနဲ့ အဓိကစားနပ်ရိက္ခာ အကျပ်အတည်းက အမှန်တကယ် ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောထားပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ်အကူအညီတွေ အပြင်းအထန် လိုအပ်နေတာပါ။

ရခိုင်ပြည်နယ်မှာတော့ မုတ်သုံရာသီ ဝင်ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ စားနပ်ရိက္ခာတွေ ရရှိနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အရင်းအမြစ်တွေ ရရှိနိုင်ဖို့ အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ထိုက်တန် မစ်ထရာက ပြောပါတယ်။

ဆိုင်ကလုန်းမိုခါကြောင့် လယ်သမားတွေနဲ့ ငါးဖမ်းသူတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးခဲ့ရတာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာရရှိနိုင်မှုနဲ့ အစားအစာအတွက် စရိတ်တတ်နိုင်မှုတို့အပေါ် ထိခိုက်သက်ရောက်မှုတွေက ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ဆိုင်ကလုန်း ဝင်ရောက်ခဲ့ရာ လမ်းကြောင်းပေါ် နေထိုင်သူအများအပြားဟာ ရောက်ရှိဖို့ ခက်ခဲတဲ့ နေရာတွေမှာ ရှိနေတဲ့အပြင် ဝင်ငွေလည်းနည်းပါးကြပြီး UNDP က ပံ့ပိုးပေးအပ်လိုက်တဲ့ မျိုးစေ့မျိုးစုံက အဆိုပါဒေသခံတွေကို အာဟာရပြည့်ဝတဲ့ အစားအစာတွေ ထုတ်လုပ်စိုက်ပျိုးနိုင်စေဖို့နဲ့ စိုက်ပျိုးဖြစ်ထွန်းလာတဲ့ သီးနှံတွေကို ရောင်းချခြင်းကလည်း မိသားစုများစွာ အပိုဝင်ငွေ ရရှိနိုင်စေဖို့ ကူညီပေးနိုင်မယ်လို့ ဆိုပါတယ်။

လာမယ့်သီတင်းပတ်တွေထဲမှာတော့ လယ်သမားတွေနဲ့ ငါးဖမ်းသူတွေအတွက် စပါးမျိုးစေ့တွေ၊ ဓာတ်မြေဩဇာ၊ ဂဏန်းထောင်ချောက်တွေ၊ လှေတွေနဲ့ ငါးဖမ်းပိုက်တွေ အပါအဝင် သူတို့လုပ်ငန်းလည်ပတ်နိုင်ဖို့ အရေးတကြီးလိုအပ်တဲ့ ကိရိယာတွေကို ပံ့ပိုးပေးသွားမယ်လို့လည်း UNDP ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် စစ်ကောင်စီဆီကနေ အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ပြည်သူတွေကို ကူညီခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မိုခါ မုန်တိုင်းသင့်ဒေသတွေအတွက် လက်ရှိအချိန်ထိ မုန်တိုင်းဘေးသင့်လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းသင့် ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာတော့ လက်ရှိအချိန်ထိ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ အလုံအလောက် မရရှိသေးဘဲ စစ်ကောင်စီဘက်ကလည်း ထိရောက်တဲ့ထောက်ပံ့မှု မရှိသေးဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024