Home
မြန်မာသတင်း
ထားဝယ်အရှေ့တောက နေအိမ် ၂၀ ခန့် မီးရှို့ခံရပြီး ၁ ဦး အသတ်ခံရ၊ ပုလောတွင် လက်နက်ကြီးကြောင့် ၁ ဦးသေဆုံး 
DVB
·
June 3, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို မေ ၂၈ ရက်ကနေ ဇွန် ၁ ရက်အထိ ၅ ရက်ကြာ စစ်တပ်က စစ်ကြောင်းထိုးလာစဉ်မှာ ရွာ ၃ ရွာက နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

မေ ၂၈ ရက်မှာ ရေဝိုင်းရွာဘက်ကနေ  စစ်ကြောင်း စတင်ဝင်ရောက်ကာ နေအိမ် ၅ လုံး မီးရှို့ခဲ့ပြီး မေ ၃၁ ရက်မှာ သင်္ကန်းတုံးရွာကို  ဝင်ရောက်ကာ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ရွာသားတချို့ ဖမ်းဆီးခဲ့တဲ့အနက် ဝကုန်းရွာသား ကိုကျော်မင်းခန့်ကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုကျော်မင်းခန့် သေဆုံးမှုနဲ့ပတ်သက်ပြီး  ထားဝယ် ပကဖ တခုဖြစ်တဲ့ Fighting for Freedom Force (FFFF) ရဲ့ ရဲဘော်တဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးပစ်သတ်နိုင်ခဲ့တယ်လို့ စစ်တပ် တယ်လီဂရမ်တွေမှာ ဖော်ပြပါတယ်။

FFFF အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်တဦးကတော့ "သေဆုံးသွားတာက ဝကုန်းရွာသား အရပ်သားပါ။ ကျနော်တို့ အဖွဲ့ကလည်း မဟုတ်သလို အဲဒီနေ့ကတည်းက လူပြန်စစ်တာ အဖွဲ့သားတွေလည်း အားလုံး အစုံအလင် ရှိပါတယ်။ ဓာတ်ပုံကတော့ ပြောက်ကျားဝတ်စုံဆင်ပြီး ရိုက်ထားပြီး ဝါဒဖြန့်တာပါ" လို့ ပြောပါတယ်။

ဥယျာဉ်ကြီးကျေးရွာမှာလည်း နေအိမ် ၃ လုံး ထပ်မီးရှို့ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက "မီးရှို့ခဲ့တာ အားလုံး ၁၇ လုံး ပါ။ လုံးဝပျက်စီးသွားတာက သင်္ကန်းတုံးရွာမှာ ၈ လုံး။ ကျန်တဲ့အိမ်တွေက ဆိုင်ကယ်တွေ အိမ်မှာရှိတဲ့ပစ္စည်းတွေကို စုပုံမီးရှို့ပြီး အစွန်းအဖျားလောင်တဲ့အိမ်တွေလည်းရှိပါတယ်။  ဇွန် ၁ ရက်မှာ နယ်မြေရှင်းလင်း ပြီးပါပြီ။ စစ်ကြောင်းလည်း သင်္ကန်းတုံးရွာတဝိုက်မှာတော့ မရှိတော့ပါဘူး။ အဖမ်းခံထားရတဲ့ ရွာသားတွေလည်း ပြန်လွတ်လာပါပြီ" လို့  ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ဖို့ စီစဉ်ထားပေမဲ့ ရွာသားတွေကို ဖမ်းဆီးထားတာကြောင့် စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

မေလအတွင်း ထားဝယ်စုပေါင်းစစ်ကြောင်းနဲ စစ်ကောင်စီတပ် ထိတွေ့တိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ပြီး စစ်တပ်က ၅ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းရဲ့ စစ်ရေးမှတ်တမ်းအရ သိရပါတယ်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာမှာတော့ ဇွန် ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က လက်နက်ကြီးကျတာကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးကာ ၁၅ နှစ်အရွယ်ကလေးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဝတ်ကုန်းစခန်းကနေ စစ်တပ် မင်းထိန်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သေဆုံးသူ အသက် ၅၀ အရွယ် ဒေါ်ငွေရှင်မှာ မင်းထိန်ရွာသူဖြစ်ပြီး အိမ်နားမှာ လက်နက်ကြီးကျပြီး သေဆုံးခဲ့တာကို မြင်ခဲ့တဲ့ မိခင်ဖြစ်သူ အသက် ၁၀၃ နှစ်အရွယ် ဒေါ်မိကြည်ဟာ ပုလောဆေးရုံမှာ နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ်ကလေးကတော့ ပေါင်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။ 

မြိတ်မြို့၊ ကလွင်‌ကျေးရွာအုပ်စုရှိ ကွမ်ရင်စီကျောင်းအနောက်ဘက်နားမှာ ဇွန် ၂ ရက်က ပေါက်ကွဲမှု ၁ ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မွန်းတည် ၃ နာရီကျော်အချိန်လောက်မှာဖြစ်တာလို့သိရပြီး ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။ 

"ပေါက်ကွဲပြီးတော့သိပ်မကြာဘူး။ စစ်သားတွေ အခင်းဖြစ်နေရာမှာ အများကြီး ရောက်လာတယ်။ လမ်းတွေမှာလည်း အများကြီးပဲ။" 

ဧပြီလတုန်းကလည်း မြိတ်မြို့ လမ်းမပေါ်မှာမောင်းနှင်းလာတဲ့ ကား ၁ စီး ဗုံးပေါက်ကွဲခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါ‌တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024