
ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့မှာ ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းမှူး နဲ့ အရာရှိတွေအပါအဝင် ၆၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက် မှ ဇွန် ၂ ရက်အထိ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေက ဖယ်ခုံမြို့ အနောက်ဘက် လွယ်ဟွဲရွာ နဲ့ လွယ်လုံရွာကို စစ်ကြောင်း ၁ ကြောင်း၊ ခေါင်းအိရွာနဲ့ စက်တော်ရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း၊ လတူးကျေးရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းမှူးနဲ့ အရာရှိများအပါအဝင် ၆၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ဗုံးကြဲချခဲ့တဲ့အပြင် ဖယ်ခုံ အခြေစိုက် စကခ ၇ နဲ့ ခမရ ၃၃၆ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးခဲ့တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။
တိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဖြစ်တဲ့ ဖယ်ခုံ PDF တပ်ရင်းအမှတ်-၁၀၀၂ ၊ KNDF ၊ PDF-Loikaw၊ DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF တပ်ရင်းတွေ၊ KRU၊ NPT-PDF တပ်ရင်းတွေ နဲ့ အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၃ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်ပြီး စစ်တပ်က အင်အားဖြည့်တင်းနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးဆီက သိရပါတယ်။