ငွေကြေးဈေးကွက် တည်ငြိမ်ဖို့ ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြားငွေ တိုးမြှင့် ရောင်းချပေးမယ်လို့ ဗဟိုဘဏ် ကြေညာလိုက်ပြီးနောက် ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်မှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း အနည်းငယ်ပြန် ကျဆင်းလာပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် ပြည်ပကို ပညာသင်သွားမယ့်သူတွေ၊ ဆေးကုသဖို့သွားမယ့်သူတွေနဲ့ အလုပ်သွားလုပ်မယ့်သူတွေအတွက် ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ အသေးသုံး နိုင်ငံခြားငွေတွေ တိုးမြှင့်ရောင်းချပေးမယ့်အပြင် နိုင်ငံတကားသုံး ငွေပေးချေကတ်တွေနဲ့ သတ်မှတ်ပမာဏအတွင်း ရောင်းချဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က အသိပေးချက် ထုတ်ပြန်ခဲ့တာပါ။
အဲဒီလို အသိပေးချက် ထုတ်ပြန်ပြီးတဲ့နောက် ငွေကြေးဈေးကွက်ထဲမှာ တစ်ဒေါ်လာ ၂၉၅၀ ကျော်အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ၂၉၃၅ ကျပ်ကို ပြန်ကျဆင်းသွားပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်လာရတာက ဝိသမလောဘသမား ဈေးကစားသူတွေက ကောလာဟလလွှင့်ပြီး ဈေးတက်အောင် လုပ်နေတာကြောင့်ဖြစ်တယ်လို့ စွပ်စွဲထားပြီး နိုင်ငံခြားငွေ စုဆောင်း ဝယ်ယူသူတွေ၊ ဈေးကစားသူတွေကို အရေးယူမယ်လို့ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ငွေကြေးစနစ် မတည်ငြိမ်အောင် လုပ်ဆောင်မှုတွေထဲ ပြည်တွင်းဘဏ်တွေ ပါဝင်ပတ်သက်မှု ရှိရင်လည်း အရေးယူမယ်လို့ သတိပေးထားပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းထားနဲ့ မဖြစ်မနေ ရောင်းချခိုင်းနေတဲ့ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက်နေတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအကြား ဒေါ်လာငွေနဲ့ မြန်မာကျပ်ငွေ လိုအပ်ချက်မြင့်တက်မှုကို လျှော့ချနိုင်ခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေနေတယ်လို့ မေ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။