Home
မြန်မာသတင်း
မုန်တိုင်းဘေးကူညီပေးနေစဉ် ဖမ်းဆီးခံရသည့် စာရေးဆရာ ဝေဟင်အောင်နှင့် အဖွဲ့ လွတ်မြောက်
DVB
·
May 24, 2023

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် ပရဟိတသမား ၅ ယောက်ကို မေ ၂၃ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့ မေ ၂၄ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝေဟင်အောင်နဲ့အဖွဲ့ဟာ ရွာလုံးကျွတ် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာကို သောက်ရေသန့်၊ ကော်ဖီ၊ အာလူးနဲ့ စားနပ်ရိက္ခာတွေ သွားလှူတာဖြစ်ပြီး ဆားငံရေဝင်သွားတဲ့ သောက်သုံးရေကန်တွေကို ရေစုပ်စက်တွေနဲ့ သန့်ရှင်းရေးလုပ်ဖို့ သွားတဲ့အချိန် မေ ၂၃ ရက် ညနေ ၃ နာရီလောက်က စစ်တွေမြို့နယ် အမြင့်ကျွန်း ဘုန်းကြီးကျောင်းနားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဝေဟင်အောင်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဝေဟင်အောင်နဲ့ သမီးဖြစ်သူ အပါအဝင် ၅ ယောက်ကို စရဖရုံးမှာ စစ်ဆေးခဲ့တယ်လို့ စုံစမ်းသိရပြီး ဒီနေ့ မေ ၂၄ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။

ဝေဟင်အောင်ရဲ့ သမီးဖြစ်သူ ၁၂ တန်းကျောင်းသူနဲ့ တပည့်ဖြစ်သူကိုတော့ ဒီနေ့ မေ ၂၄ ရက် မနက် ၇ နာရီလောက်မှာ လွှတ်ပေးခဲ့ပြီး ဝေဟင်အောင်နဲ့ ရန်ကုန်က ဘိုစိန်ပရဟိတအဖွဲ့က အဖွဲ့ဝင် ၂ ယောက်ကိုတော့ မနက် ၁၀ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အကူအညီပေးမယ့် အဖွဲ့တွေကို စစ်ကောင်စီက တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေလို့ ကျေးလက်ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေ အချိန်မီ မရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စာရေးဆရာဝေဟင်အောင် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒေသခံ ပရဟိတအဖွဲ့ဦးဆောင်နေသူတစ်ဦးကို ဒီဗွီဘီက မေလ ၂၃ရက်နေ့မှာ မေးမြန်းထားတာကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

မေး။ အခုလို ရခိုင်ပြည်နယ်အရေးကူညီတဲ့အခါမှာ ဒေသခံကူညီသူတွေက တခြားဒေသကလူတွေထက်ပိုပြီး ဘာသာစကားတတ်ကျွမ်းမှုအရသော်လည်းကောင်း၊ နယ်မြေ ကျွမ်းကျင်တဲ့အတွက်ကြောင့်သော်လည်းကောင်း ပိုပြီးထိရောက်ပါတယ်။ အခုလို အကူအညီတွေပေးနေတဲ့ စစ်တွေဒေသခံ စာရေးဆရာ ကိုဝေဟင်အောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့အပေါ်မှာ ဦးရီးတို့သိရတဲ့အခြေအနေတွေကို ပြောပြပေးပါရှင့်။

ဖြေ။ "အဓိကကတော့ ကိုဝေဟင်အောင်ရယ်၊ သူ့သမီးလေးရယ်၊ သူ့တပည့်လေးတယောက်ရယ်၊ နောက် ရန်ကုန်တိုင်းတောင်ဥက္ကလာပက ထင်ပါတယ်၊ သူက ဘိုစိန်ဆိုတဲ့တယောက်ရယ်၊ သူ့တပည့်လေးတယောက်ရယ်ပါပါတယ်။ သူတို့ကအ စောပိုင်းတုန်းက ကိုဝေဠုကျော်နဲ့အတူတူပေါ့နာ်။ လုပ်ကြတာပေါ့။ ရခိုင်ဘက်မှာဆိုလည်း ကူညီမှုတွေ လုပ်ကြတာပေါ့နော်။ ဘူးသီးတောင်၊ မောင်တောဘက်မှာပေါ့နော်။ အခုကျတော့ ဘိုစိန်ကားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုသွားတယ်လို့ သိရပါတယ်။ ဒီကျောက်တန်းဂိတ်ပေါ့။ အဲ့မှာ စစ်တပ်ရော၊ ရဲရော၊ လဝကတွေရောရှိတာပေါ့လေ။ အဲ့ဒီဂိတ်က နေ ကျော်သွားပြီး မှ အမြင့်ကျွန်းကိုရောက်တဲ့အချိန်မှာ အဲ့ဒီ ကျောက်တန်းဂိတ်ကနေ သွားလို့ရှိရင် ပုဏ္ဏားကျွန်းမြို့နယ်ကိုသွားတဲ့ဘက်မှာ အမြင့် ကျွန်းဘုန်းကြီးကျောင်း ကိုရောက်တဲ့အခါမှာ စစ်တပ်ကအရာရှိတစ်ယောက်လာပြီးတော့ ခေါ် သွားတာပေါ့နော်။ အဲ့လိုသိရပါတယ်။"

မေး။ ခုနပြောတဲ့ကျောက်တန်းဂိတ်ကတော့ စစ်တွေအပိုင်ထဲမှာ ရှိသေးတာပေါ့နော်။

ဖြေ။ "ဟုတ်ကဲ့။ အမြင့်ကျွန်းဆိုတာကလည်း စစ်တွေအပိုင်ထဲမှာပါပဲ။"

မေး။ ကိုဝေဟင်အောင်နဲ့ပတ်သက်ပြီးတော့ သူကစစ်တွေဒေသခံတစ်ဦးလည်း ဖြစ်တယ်။ သူ့ရဲ့ ကိုယ့်ရပ်ရွာဒေသခံတွေပေါ်မှာ အကူအညီပေးတဲ့ကိစ္စတွေကိုဘယ်လို မြင်ပါသလဲရှင့်။

ဖြေ။ "အဓိကကတော့ သူတို့ကတော့ စစ်ဆေးဖို့ခေါ်သွားတယ်လို့ပြောတာပေါ့နော်။ ဒါပေမဲ့ စစ်ဆေးဖို့ခေါ်သွားတာဆိုရင်လည်း ဘာအကြောင်း စစ်ဆေးတယ်ဆိုတာကို ပြောသင့်တယ်လို့မြင်တယ်။ နောက်ပြီးတော့ သူ့မိသားစုတွေကိုလည်းအကြောင်းကြားသင့်တယ်။ ဒါပေမဲ့ အခုဟာက ကိုဝေဟင်အောင်ကို ဖမ်းတယ်၊ ထိန်းသိမ်းတယ်ဆိုတာထက် ဘိုစိန်၊ သူတို့နဲ့ဆက်စပ်နေတယ်ပေါ့။ ဘိုစိန်ကလည်း ရန်ကုန်မှာ ပရဟိတလုပ်နေတဲ့သူတယောက်ဆိုတော့ ဘယ်သူ့ကိုဘာကြောင့်ခေါ် တယ်ဆိုတာတော့ ပြောရခက်တယ်။ ဒါပေမဲ့ ဘယ်လိုပဲခေါ်ခေါ်ပါ ကိုဝေဟင်အောင်ရဲ့ သမီးလေးက ကိုးတန်းဆိုတာတော့ သူ့မိသားစုဆီကို ပြန်ပို့သင့်တာပေါ့နော်။ နောက် ကလေးတစ်ယောက်၊ နှစ်ယောက်ပါတာပေါ့လေ။ သူတို့ကိုတော့ဘာမှ အပြစ်လည်း မရှိဘူးဆိုတဲ့အခါကကျတော့ လူကြီးတွေကို စိစစ်မယ်ဆိုရင် ကိုဝေဟင်အောင်နဲ့ ဘိုစိန်ပေါ့၊ သူတို့ကို လူကြီးတွေမို့လို့ စစ်ဆေးစရာရှိတယ်ဆိုရင်လည်း စိစစ်လို့ရတာပေါ့။ စစ်ဆေးလို့လည်းရတာပေါ့။ ဒါပေမဲ့ ကိုးတန်းကလေးနဲ့ နောက် တပည့်နှစ်ယောက်ပါတာပေါ့လေ။ အဲ့ကလေးတွေကိုတော့ မိသားစုနဲ့ လွှတ်ပေးသင့်တယ်လို့ မြင်တာပေါ့။"

မေး။ ဆိုတော့လေ ကိုဝေဟင်အောင်ရဲ့ ကိုယ့်ရပ်ရေးရွာရေးအကူအညီပေးနေတဲ့လုပ်ငန်းတွေအပေါ်မှာရော ဦးရီးတို့ဒေသခံတွေ အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ "တကယ်တမ်းကျရင်တော့ ကိုဝေဟင်အောင်ကတော့ ပရဟိတလုပ်နေတဲ့ လူတစ်ယောက်ဖြစ်တာပေါ့လေ။ ရခိုင်ဒေသမှာ မီးဘေး၊ ရေဘေး၊ လေဘေးစသည်အားဖြင့် ဘေးဒုက္ခ တခုခုဖြစ်နေရင် ပြည်သူတွေအတွက်ဦးထိပ်ထားပြီး အလုပ်လုပ်နေတဲ့သူတယောက်ဖြစ်တယ်။ ပြီးတော့ သူကမကြာခင်ကမှ စာပေဟောပြောပွဲလုပ်ရင်းနဲ့ မကြာခင်ကမှ အကျဉ်းထောင်ထဲ က လွတ်မြောက်လာသူ တယောက် ဖြစ်ပါတယ်။ အဲ့တော့သူက ဒီတခြားသောပြစ်မှု ဆိုင်ရာတွေနဲ့လည်း ကင်းကင်းရှင်းရှင်းနေတဲ့သူတစ်ယောက်ဖြစ်တယ်။ အဲ့တော့ အဲ့လို လူတစ်ယောက်ကို ဒီလိုဖမ်းတဲ့ အခါကျတော့ ဒီလိုပဲ ပရဟိတလုပ်နေတဲ့သူတွေအနေနဲ့ကလည်းသတိထားစရာအချက်လည်း ဖြစ်တာပေါ့လေ။ ဒါမျိုးကလည်း တခါတလေဖြစ်တတ်ပါတယ်။ ဥပမာ ၂၀၀၈ နာဂစ်တုန်းက ဆိုရင် ကိုဇာဂနာတို့ကိုဖမ်းဆီးတာတွေရှိတာပေါ့လေ။ ဒါပေမဲ့ ကိုဝေဟင်အောင်က ဒီမုန်တိုင်းမှာတော့ သူ့ဟာနဲ့သူ သူ့ရဲ့လူမှုစာမျက်နှာမှာတင်တာတွေကအစ အစိုးရကိုသိက္ခာကျအောင်၊ ညှိုးနွမ်းအောင်လုပ်တာ ဘာမှမတွေ့ရဘူးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ်သူ့ကိုတော့ ပြန်လွှတ်လိမ့်မယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်ခင်ဗျ။"

မေး။ တခြားဖြည်စွက် ပြောပြစရာရှိလည်းပြောပြစေချင်ပါတယ်။

ဖြေ။ "ဟုတ်ကဲ့။ အဓိကကတော့ ဒီလူတစ်ယောက်ကိုအပြစ်ရှိတယ်လို့ သံသယနဲ့ဖမ်းရင် လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တာပေါ့။ အဲ့ဒါကြောင့် ဒီလိုမျိုးတွေ ကိုမဖမ်းဆီးဖို့ ဒီစကစအနေနဲ့ သတိထားသင့်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့။ နောက်ပြီးတော့ အထူးသဖြင့် ဒီလိုပရဟိတ ပြည်သူ့အရေးလုပ်နေတာဖြစ်တယ်၊ တခါတလေမှာ အစိုးရမသွားနိုင်တဲ့နေရာတွေ၊ မရောက်နိုင်တဲ့နေရာတွေမှာဒီလို ပရဟိတလုပ်နေတဲ့လူတွေက သွားလာလှုပ်ရှားနေကြတာပေါ့။ ဒါကလည်း လူသားအကျိုးပြုလုပ်နေတဲ့လူ တယောက်ဖြစ်တယ်ပေါ့။ အဲ့လိုလူမျိုးတွေကို ဒီလိုဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်တာကတော့ ဒါမလုပ်သင့်တဲ့ အရာတခုလို့ မြင်တယ်လို့ပြောချင်ပါတယ်ခင်ဗျ။"

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024