Home
မြန်မာသတင်း
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်အနှစ် ၂၀ ထပ်မံချမှတ်ခံရ၊ စုစုပေါင်း ထောင်ဒဏ် ၅၂ နှစ် ရှိလာ
DVB
·
May 19, 2023

ဖမ်းဆီးခံထားရတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို  စစ်ကောင်စီက နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀  ထပ်မံ ချမှတ်လိုက်တာကြောင့် ကျခံနေရတဲ့ စုစုပေါင်းထောင်ဒဏ်  ၅၂ နှစ်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုဝေမိုးနိုင်ကို ပုဒ်မ ၅၀၅-က နဲ့ စွဲထားတဲ့အမှု ၅ မှု ကထောင်ဒဏ်  ၁၀နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ နဲ့ ၂နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇ တို့နဲ့ အနှစ် ၂၀ ချမှတ်ခံထားရတာဖြစ်ပြီး အခု ပုဒ်မ ၁၂၂ နဲ့ အနှစ် ၂၀ ထပ်မံချမှတ်လိုက်ကာ မတရားစွပ်စွဲထားတဲ့ လူသတ်မှုကတော့ တရားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့ ကတည်းက မုံရွာမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်  ရဲနဲ့စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး သွားခဲ့တာပါ။

အဲဒီနောက် သူ့ကို ဖေဖော်ဝါရီလနဲ့ မတ်လတွေအတွင်း မုံရွာမြို့နယ် မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၄၊ ၃၀၂၊ ၃၂၅၊ ၃၄၂၊ ၃၉၅၊ ၅၀၅-ကတို့နဲ့ အမှုဖွင့်ထားခဲ့ပြီး  ဝေမိုးနိုင်ရဲ့ ထွက်ဆိုချက်တွေအရ  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇ (၁) ၊ ၁၂၄ ၊ ၅၁၁ တို့နဲ့လည်း ထိရောက်စွာ ဆက်လက်အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီအာဘော် မြဝတီ ရုပ်သံက နေ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဝေမိုးနိုင်ကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှာပါဝင်မှု၊ CRPHနဲ့ ဆက်သွယ်မှု၊ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းမှု၊   Defence Team အဖွဲ့ အား ဖွဲ့စည်းပေးမှု စတာတွေ စိစစ်တွေ့ရှိတယ်လို့လည်း စစ်တပ်အာဘော်သတင်းက ထုတ်လွှင့်ခဲ့ပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကတော့ ဖက်ဆစ်စစ်တပ် လက်အောက်ခံ တရားရုံးတွေကနေ နိုင်ငံရေး အကျဥ်းသားအားလုံးအပေါ် ခုလို မတရားစွပ်စွဲ အမိန့်ချမှတ် နေတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

"နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၂ ကို ဥပဒေ ရှုထောင့်အရ ဖြစ်စေ၊ နိုင်ငံရေး ရှုထောင့်အရ ဖြစ်စေ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ အမှန်တကယ် ဖောက် ဖျက်ကျူးလွန်သည်မှာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင်များသာဖြစ်သည်”လို့ သပိတ်ကော်မတီက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၅၂၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၄၈၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၁၈ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၁၆၉ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၉၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ် ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၉ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024