DVB Logo
Home
မြန်မာသတင်း
ရခိုင် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်၊ ရေကြီး၊ မြေပြိုအန္တရာယ် သတိပေး
DVB
·
May 15, 2023
ရခိုင် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်၊ ရေကြီး၊ မြေပြိုအန္တရာယ် သတိပေး
Donate to DVB

အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့လို့ တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ စစ်တွေအပါအဝင်  ရခိုင်ပြည်နယ်က မြိုနယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက  ဒီနေ့ မေ ၁၅ ရက်မှာ ကြေညာပါတယ်။

ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၁၁ အရ သတ်မှတ်ခဲ့တာ လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မေ ၁၄ ရက်မှာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ကနေ ဖြတ်ဝင်ခဲ့တဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့လို့ အခုလို ကြေညာတာလို့ သိရပါ တယ်။

မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်သွားပြီးပေမဲ့ အဆက်အသွယ်တွေ ပြတ်တောက်နေတာကြောင့် ရခိုင် ပြည်နယ်ထဲက အခြေအနေတွေကို အသေးစိတ် မသိရသေးဘူးလို့ စစ်တွေနဲ့နီးတဲ့မြို့တွေက ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းနဲ့အနီးဆုံးဖြစ်တဲ့ စစ်တွေမြို့မှာ မနေ့ညပိုင်းကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ကုန်ပြီး  ဒီမနက်မှာတော့ တချို့အင်တာနက်လိုင်းတွေ ပြန်ရလာပေမဲ့ ဖုန်းလိုင်းကတော့ NGO အဖွဲ့ တချို့ပဲ ရနေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒေသခံတဦးက “စစ်တွေမြို့မှာ အပျက်အစီးတော်တော်များပေမဲ့ လူအသေအပျောက် မရှိ သလောက် ဖြစ်ပါတယ်။  လူ ၂ ယောက်သေဆုံးတယ်လို့ပဲ သိရတယ်။ မသေချာသေးဘူး”လို့ ဆိုပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း  မေ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်ကစပြီး  လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက  ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ အနည်းဆုံး  ၅ ဦး ရှိနေတယ်လို့ သတင်းဌာနတွေက ဖော်ပြပေမဲ့ လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးတဲ့အခြေအနေ အသေးစိတ်ကို တော့ မေ ၁၅ ရက်အထိ စစ်ကောင်စီက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဆိုင်ကလုန်း “မိုခါ”(MOCHA) ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နားကနေ အရှေ့-အရှေ့မြောက်ယွန်းယွန်းဆီ ရွေ့လျားခဲ့ပြီး တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ် (Depression) အဖြစ် အားလျော့သွားခဲပေမဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် လေပြင်း တိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာတွေနဲ့အတူ မြေပြိုတာတွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင် သတိပြုနေထိုင်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။

မေ ၁၅ ရက် ဒီကနေ့ မနက် ၁၁ နာရီအချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပြီး ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့လည်း အကြံပြုထား ပါတယ်။

လတ်တလော အစိမ်းရောင်အဆင့်လို့ သတ်မှတ်ထားပေမယ့် မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့ မနက်ကနေ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားနဲ့ တချို့ဒေသတွေမှာတော့ ဒေသအလိုက်နဲ့ နေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင်မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါ တရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက် လေပြင်းကျချိန် ရေပြင်/ မြေပြင် လေဟာ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်လောက်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၂ ပေလောက်ထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013