
ဒေသသုံးမိခင်ဘာသာစကားကို ကျောင်းတွေမှာ ဦးစားပေးသင်ကြားပြီး နိုင်ငံသုံးဘာသာစကား မြန်မာစာကို ဒုတိယဦးစားပေးသင်ကြားဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က အတည်ပြု လိုက်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-Education) က ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒ ပထမမူကြမ်းအပေါ်မှာ ပညာရေးဆိုင်ရာ လုပ်နေကြတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပြင်ဆင်ဖြည့်စွက်ချက်၊ အကြံပြုချက်တွေကို ပေါင်းထည့်ပြင်ဆင်ထားပြီး တင်သွင်းလာတဲ့ ဒုတိယမူကြမ်းကို မေ ၈ ရက်နေ့မှာ ဆွေးနွေးအတည်ပြုထုတ်ပြန်လိုက်တာပါ။
ခေါင်းစဉ် ၁၈ ခုပါဝင်တဲ့ အဲဒီမူဝါဒမှာ ကျောင်းသုံးဘာသာစကားနဲ့ပတ်သက်လို့ ကျောင်းသားတွေရဲ့မိခင်ဘာသာစကားကို ကနဦးစာတတ်မြောက်ရေးနဲ့ စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုမယ်လို့ဆိုပါတယ်။
မိခင်ဘာသာစကားနဲ့ရေးထားတဲ့ ကျောင်းသုံးစာအုပ်တွေ၊ နားမကြားသူတွေအတွက် လက်သင်္ကေတပြဘာသာစကားကိုလည်း ရုံးသုံး နိုင်ငံသုံးဘာသာစကားနဲ့ တွဲဖက် သုံးမယ်လို့ ဆိုပါတယ်။
နိုင်ငံသုံးဘာသာစကားဖြစ်တဲ့ မြန်မာဘာသာစကားကို ကလေးတိုင်း သင်ယူတတ်မြောက်နိုင်စေဖို့လည်း ကြိုးပမ်းမှာဖြစ်ပြီး ဒုတိယဘာသာစကားအဖြစ် သင်ကြားနည်းစနစ်တွေကို ဆရာအတတ်သင်ကျောင်းတွေမှာ သင်ပေးမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားကိုလည်း အတူသင်ကြားမှာဖြစ်ပြီး နယ်စပ်ဒေသက ကျောင်းတွေမှာတော့ သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးကောင်စီတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ထိစပ်နိုင်ငံတွေရဲ့ ဘာသာစကားသင်ယူနိုင်မယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ မွေးကင်းစကနေ အသက် ၈ နှစ်အရွယ်အထိ ရှေးဦးကလေးသူငယ်ပညာရေးနဲ့ စောင့်ရှောက်မှုစနစ်နဲ့သွားမှာဖြစ်ပြီး မူလတန်းကြို တနှစ်တက်ပြီးရင် အသက် ၆ နှစ်အရွယ်မှာ မူလတန်းပညာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
မူလတန်းကြိုကနေ အလယ်တန်းပညာ ၉ တန်းပြီးတဲ့အထိ မသင်မနေရဖြစ်ပြီး အဲဒီနောက် အသက်မွေးဝမ်းကျောင်းပညာအထက်တန်းကျောင်းတွေနဲ့ အခြေခံပညာ အထက်တန်းကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ပြည်နယ်တခုမှာရှိတဲ့ မြို့နယ်အသီးသီး၊ လူမျိုးစုဒေသအသီးသီးတို့ဟာ ပြည်နယ်အခြေခံ သင်ရိုးကို အခြေခံပြီး သက်ဆိုင်ရာ မြို့နယ် လူမျိုးစုဒေသတွေနဲ့ကိုက်ညီတဲ့ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲခွင့်ပြုထားပါတယ်။
သင်ရိုးညွှန်းတမ်းမှာ ပြည်ထောင်စုသားတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းဖော်ပြပြီး ကျောင်းသားတွေကိုလည်း ပြည်ထောင်စုသားအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားအောင် သင်ကြားပေးမယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ဖွင့်ခဲ့တဲ့ ကျောင်းတွေ၊ တိုင်းရင်းသားအခြေပြုကျောင်းကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အခြေပြုနဲ့ တခြားဘာသာရေး အသင်းအဖွဲ့တွေက ဖွင့်တဲ့ကျောင်းတွေ၊ ဒေသန္တရ အဖွဲ့အစည်းပိုင်ကျောင်းတွေ၊ ရွှေ့ပြောင်းဒေသကျောင်းတွေ၊ ရပ်ရွာအခြေပြုကျောင်းတွေနဲ့ နွေဦးတော်လှန်ရေးကာလဖွင့်တဲ့ကျောင်းတွေအားလုံးကို အကျုံးဝင်လက်ခံထားပါတယ်။