Home
ဆောင်းပါး
သွားရည်စည်သူ ပလပ်ကျွတ် (သရော်စာ)
DVB
·
May 7, 2023

အဘစိမ်းမောင်တို့ အမြဲစိမ်းအုပ်စုနဲ့ စိမ်းသရဖူစိမ်းဆရာတော့်ကျောင်းမှာ ဆုံကြရပြန်ပါသဗျ။ မိုးမကျမီ ကျောင်းထဲက အမှိုက်သရိုက်တွေရှင်းတန်တာရှင်း၊ မီးရှို့တန်တာရှို့ ဘာညာပေါ့ ခင်ဗျာ။ တက်ညီလက်ညီပါ။

အရောင်စုံ အကြိုက်စုံလူတွေ ညီညာဖြဖြ လုပ်အားဒါနပြုနေကြတာမြင်ရတော့ အားရစရာ။ ဒီလူတွေအားလုံး ' ဓမ္မ ' ဘက်မှာ ရပ်တည်ကြရင်တော့ ရပ်ရွာအတွက်သာမက နိုင်ငံအတွက်ပါ အပေါင်းလက္ခဏာပေါ့ကွာလို့ အဘစောမူးသာက ခပ်ဆဆ ပြောပါတယ်။

ခုထက်ထိ စုံလုံးကန်းပြီး ' အစွန်းရောက် ' နေကြတဲ့အုပ်စုတွေ ' တရားတဲ့ဘက် ' ကိုရောက်ရှိလာရင်တော့ ' ပွဲ ' ဟာ မြန်မြန်ပြီးမှာပေါ့ဟာလို့လည်း အဘလုံးတုံးက ချိန်ချိန်ဆဆ ဝင်ပြောပါသဗျ။

တံမြက်စီးလှည်းတဲ့သူကလှည်း၊ ကျုံးတဲ့သူကကျုံးနဲ့ မခိုမကပ် တက်ညီလက်ညီလုပ်ကြရင်း လက်စသတ်ပြီးတဲ့အခါ အဘစောမူးသာနဲ့ အဘလုံးတုံးတို့ကတောင် ကျောင်းဝင်းထဲက စေတီလေးမှာ ဘုရားဝတ်ပြုရင်းနဲ့ တရားထိုင်နေကြပါတယ်။ ဖေကြီးလည်း အဘတွေနဲ့ မနီးမဝေးမှာထိုင်ရင်း စောင့်နေပါတယ်။

ခဏနေတော့ အဲသည်အနားကို စိမ်းသရဖူစိမ်းဆရာတော်နဲ့ စိမ်းဆိုမှစိမ်း ဒကာတော်တချို့ ရောက်လာကာ ဟိုအဘနှစ်ဦးကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြပါတယ်။ ခဏအကြာမှာပဲ အဘစောမူးသာနဲ့ အဘလုံးတုံးတို့ တရားထိုင်နေတာ ပြီးဆုံးလို့ မျက်လုံးဖွင့်ကြတဲ့အခါ အစိမ်း အုပ်စုကို မြင်လိုက်ရပါတော့တယ်။

" အမယ် . . မူးသာနဲ့ လုံးတုံးတို့ . . 'တရား 'တွေဘာတွေ ထိုင်လို့ပါလားကွ . . ဟ ဟ "

" တင်ပါ့ဘုရား . . . အခုအချိန်မှာ အားကိုးစရာဆိုလို့ ' တရား ' ပဲ ရှိတာမို့ ' တရားပဲအား ထုတ်' နေခြင်းသာ အကောင်းဆုံးမဟုတ်လား"

" အိမ်း . . . အချိန်ပြည့် ' တရားအားထုတ်' နိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ "

"တင်ပါ့ဘုရား . . . တပည့်တော်တို့ကတော့ အချိန်ပြည့် ' တရားအားထုတ် ' နိုင်တဲ့လူတွေ မဟုတ်ပါဘူး။"

"အချိန်ပြည့်အားထုတ်နိုင်အောင် ကြိုးစားရမှာပေါ့ကွာ . . . "

" တင်ပါ့. . . အချိန်ပြည့် ' တရားအားထုတ်' ခဲ့တဲ့၊ ခုထက်ထိလည်း ' တရားအားထုတ် ' နေတဲ့ စစ်ခေါင်းဆောင်တွေကို ချီးကျူးပါတယ် ဘုရား "

" ဟေ . . . . . . "

ဖေကြီးတို့သုံးဦးသား ကြိတ်ပြုံးနေကြချိန်မှာ အစွန်းရောက်အစိမ်းအုပ်စုကား မျက်နှာတည်တည် ရုပ်တည်တည်နဲ့ မသိသလို ဟန်ဆောင်ကာမူပို လုပ်နေကြပါလေတော့၏။

(ခ)

ရေနွေးကြမ်းဝိုင်းမှာ ထိုင်ကြတော့ အဘစောမူးသာနဲ့ အဘလုံးတုံးတို့ကား ' တရားအားထုတ်ခြင်း ' ကိစ္စကို ဆက်ရန်ကြံနေကြပုံရပါ၏။ အစိမ်းအုပ်စုကလည်း ဖာထေးလို့ ' ချေပဖို့ ' ကြံစည်နေကြတဲ့ပုံပါလေ။

သို့ဖြင့် တရုတ် နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဆိုသူ မြန်မာပြည်ကိုရောက်ရှိလာပြီး သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တွေ့ပုံ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံကြပုံတွေကို အဘစိမ်းမောင်တို့က မစားရဝခမန်း အားရပါးရ ပြောကြားလာပါ၏။

" ' မိတ်ဆွေပေါက်ဖော် ' ဆိုတဲ့အတိုင်း ငါ တို့နိုင်ငံကို အမြဲတမ်းကူညီနေခဲ့တာကွ "

" အင်း . . . . ဆက်ပါအုံး စိမ်းမောင်ရ "

အဘစောမူးသာက ထောက်ပေးတော့ အဘစိမ်းမောင်က ပို၍တက်ကြွသွားကာ ပို၍ ' အားပါ ' လာပါလေတော့၏။

" အခု ' နိုင်ငံရေးအကျပ်အတည်း ' ကို ကူညီဖို့ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို တွေ့ပြီး ဂါရဝပြုကာ တိုက်တွန်းတာ ဖြစ်လိမ့်မယ် "

" ဟားဟား ဟားဟား ဟားဟား . . . . . "

" ဘာ ထရယ်တာလဲ မူးသာ . . . "

" သဘောကျလို့ပါ စိမ်းမောင်ရာ "

ပြီးတော့ အဘစောမူးသာက စကားဆက်ပါ၏။ ရပ်ရွာလူထုက ရွေးချယ်တင်မြှောက်ထားတဲ့သူကြီး၊ ရပ်ရွာကိုချစ်ပြီး ရပ်ရွာကချစ်တဲ့သူကြီး၊ ရပ်ရွာအကျိုးကို  အချိန်ပြည့်သယ်ပိုးထမ်းရွက်နေတဲ့သူကြီးကို မတရားဖမ်းဆီးချုပ်နှောင်ထားပြီး  ' တရားမဝင်သူကြီး ' တက်လုပ်နေတဲ့ ကောင်ကို တစ်ရွာလုံးက တွန်းလှန်နေကြလို့' ထွက်ပေါက် ' ပိတ်နေပြီဖြစ်တဲ့အချိန်မှာ အဲသည် ' တရားမဝင်သူကြီး ' ရဲ့ ခေါင်းကိုင်ဖခင်ကြီးတွေလည်း ' နေစရာ ' မရှိတော့ပါကြောင်းတဲ့ ခင်ဗျ။

'မိမဆုံးမ၊ ဖမဆုံးမ၊ ဆရာမဆုံးမ' ကြင်စိုးသာ၀ မအလလက်ထက်မှာ အဲသည် တိုင်းပြည့်ဘဏ္ဍာတွေကို စိတ်ရှိတိုင်းခိုးဝှက်ကာ မျိုးရိုးစဉ်ဆက် ဆယ်သက်စားမကုန် 'သန်းကြွယ်သူဌေး' တွေလုပ်ပြီး ငြိမ့်နေကြတဲ့ 'အငြိမ်းစားအဘတွေ ' လည်း ' အိပ်မပျော်သောညများ ' ကို နေ့စဉ် ဖြတ်သန်းနေကြရပြီး 'လုံခြုံမှု ' လုံး၀ မရှိတော့ကြောင်း။

အဲဒါကြောင့် သူတို့လည်း နောက်ဆုံးကောက်ရိုးမျှင်အဖြစ် ' တရားအားထုတ် ' ခြင်းကို ဆ ထက်တိုးကာ ပြုလုပ်နေကြရပြီဖြစ်ကြောင်း၊ သူတို့ရဲ့ ' နောက်ဆုံးအချိန် ' ဟာလည်း အလွန့်အလွန်ကို နီးကပ်နေပြီဖြစ်ကြောင်း၊ စေတနာရှေ့ထားကာ အချက်အလက်နဲ့တကွ အသေအချာ ရှင်းပြနေပါလေ၏။

အစိမ်းအုပ်စုကား ရှုတည်တည် ကြောင်အမ်းအမ်း အတတ နှုတ်ဆိတ်နေကြပါလေ၏။ သူ တို့မှာလည်း ' အမှန်တရား ' ကို သိနေကြပုံရသော်ငြား ' မတရားမှု ' ကို မြင်နေကြပုံ ရသော်ငြား ' အစွန်းရောက်စိတ် ' မှာ နစ်ဝင်နေကြပုံရပြီး ခုထိတော့ ' ဘောမ ' နေကြဆဲဟု အဘလုံးတုံးက မျက်ဝန်းစကားနဲ့ လှမ်းပြီး  ဖေကြီးကို ပြောနေပါလေ၏။

" မအလကို ပြည်တွင်းမှာ လူနည်းစုက ဝိုင်းပြီး ' ဘောမ ' နေကြချိန်မှာ မအလကလည်း ပထွေးဖြစ်တဲ့ပေါက်ဖော်ကြီးကို ပြန်ပြီး 'ဘောမ ' နေရတဲ့ဘ၀ . . အာဟ . . . အာဟ "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

ရုတ်တရက်ကြီး ရယ်ချလိုက်သူမှာ အဘစော မူးသာတို့ စစ်ပြန်ကြီးအဘလုံးတုံးတို့ ဖေကြီး တို့မဟုတ်မူဘဲ အဘစိမ်းမောင်၏သမက် 'ကိုနိုင် ' ဖြစ်နေလေရာ အဘစိမ်းမောင်၏ မျက်စောင်းမှာ ချစ်လှစွာသော သမီးပေး သမက်ကြီးအပေါ်သို့ တန်းကနဲ ဒိုင်းကနဲ ကျရောက်သွားပါ လေတော့၏ ခင်ဗျာ။

(ဂ)

အဘစောမူးသာတို့ အဘလုံးတုံးတို့နဲ့ စိတ်တူကိုယ်တူ ' ကိုနိုင် ' မှာ မျက်နှာပိုးသတ်ခဲ့ လေသော်ငြား မျက်နှာပေါ်က ' အရယ်ရိပ် ' ကား ပျောက်မသွားသေးပါ။

အစိမ်းအုပ်စုအတွင်းမှာ မိသားစုဝင်ဖြစ်ခဲ့သော်ငြား ရွေးကောက်ပွဲကာလတွေဆီက တီရှပ် ' အနီရောင် ' ကိုသာ မြတ်မြတ်နိုးနိုး ဝတ်ဆင်ခဲ့သူ။ ယောက္ခမက ကြည့်မရခဲ့သူ။ သို့ပေမဲ့ ကိုနိုင်ကား ' ဓမ္မ ' ဘက်မှာသာထာဝစဉ် ရပ်တည်ခဲ့ပြီး ' အမှန်တရား ' ကို ချစ်မြတ်နိုးသူ ဖြစ်ပါလေ၏။

" ဟေ့ကောင် မောင်နိုင် "

" ဘာလဲ အဖေ "

" မင်း ဘာလို့ ထပြီး ရယ်တာလဲ "

" အဲ . . . ဟဲ ဟဲ . . . အဘမူးသာ့စကားကို သဘောကျလို့ပါ အဖေ "

" ဟေ . . . မင်း . . . မင်း . . . ငါပြောနေတာတွေကော သဘောမကျဘူးလား "

" အားပါးပါး . . သဘောကျတာပေါ့အဖေ "

" အေး . . . ငါပြောတာကို သဘောကျရင်လည်း နောက်ဆို အဲသလိုပဲ ထရယ်ပေး "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

စကားတွေက ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်ပြီမှန်း အဘစိမ်းမောင်တို့ မသိကြတော့ပါလေ။ အဘလုံးတုံးက အဘစောမူးသာကိုမျက်စပစ်ပြလိုက်လေရာ အဘစောမူးသာက ရေနွေးတစ်ခွက်မော့သောက်ကာ အကြံထုတ် နေပုံကို မြင်ရပါလေ၏။

ခဏကြာ တိတ်ဆိတ်သွားသည့် စကားဝိုင်းကို အဘစောမူးသာက သူရဲ့ လက်တန်းအဆိုဖြင့် တပ်လှန့်လိုက်ပါလေတော့၏ ခင်ဗျာ။

အဆိုတော် မာမာအေး၏ ' ကျွဲမ ' အလိုက်ကလေးနဲ့ ခင်ဗျ။

" အဘမျက်နှာကို ပြရန်မလို . . . တရုတ်မဖင်ကို ကြည့်တော်မူပါ အစ်ကို "

" ငရွှီးနဲ့မတန်ပါ ဆိုချင် ဆို . . . အသားစပ်စပ်နဲ့လူကိုသာ ' ဂါ ' ချင်တယ် ရှင့် "

" ဗိုလ်ခြေတထောင်မှာ တယောက်လောက်တော့ ' တွဲ ' လောက်ပါရဲ့ "

" ဘောမ . . ဘောမ . . ဘောမ အသားကုန်"

" ဝါး ဟားဟား ဟားဟား ဟားဟား . . . . "

အဘစိမ်းမောင်ကား ရှူးရှူးရှားရှားနဲ့ ထထွက်သွားသည်ကိုမြင်ကြရလေရာ ပိုလို့ ပင်ရယ်ဖို့ကောင်းလှပါပေတော့၏။ ထိုရယ်သံထဲမှာ အဘစိမ်းမောင့်သားမက် ကိုနိုင်ရဲ့ အသံမှာ အကျယ်ဆုံးဖြစ်ပါလေတော့၏။

အဘစိမ်းမောင်နဲ့ သူ့လူတွေ သိပ်မဝေးသေးခင်မှာပဲ စစ်ပြန်ကြီးအဘလုံးတုံးရဲ့ အောင်မြင်ခန့်ငြားလှတဲ့ ဘယ်သံဝါဝါကြီး ထပ်မံပေါ်ထွက်လာပြန်ပါလေတော့၏ ခင်ဗျာ။

" ဒို့အဘိုးလည်း တရုတ် . . ဒို့အဘေးလည်း

တရုတ် . . . ဒို့များလည်း တရုတ်ပေ . . .

ရေခြား မြေခြား နေကြ လူညာတွေအား

လေ . . . ဒို့ ' တရားအားထုတ် ' ကြပေ .

. . . အာဏာရှင် မျိုးဆက်တွေ . . . "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024