Home
မြန်မာသတင်း
၄ လအတွင်း စခန်းသိမ်းတိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်သားနှင့် ထောက်ခံသူပေါင်း ၆၀၀၀ ခန့်သေဆုံး
DVB
·
May 6, 2023

ပြီးခဲ့တဲ့ ၄ လအတွင်း စခန်းသိမ်းတိုက်ပွဲ အကြိမ် ၄၀ ကျော်၊ အရေးကြီး ပစ်မှတ်တွေကိုအကြိမ် ၃၀ လောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ထောက်ခံသူပေါင်း ၆၀၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ NUG ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအတွင်း အတည်ပြုနိုင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပြီး မြို့နယ်အလိုက် ဒရုန်းတိုက်ခိုက်မှု ၁၉၃ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၄၄ ကြိမ်၊ အရေးကြီးပစ်မှတ်တိုက်ခိုက်မှု ၂၆ ကြိမ်နဲ့ မြေပြင်ထိတွေ့ တိုက်ပွဲကတော့ အကြိမ်ရေအများကြီး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားနဲ့ သူတို့ကိုထောက်ခံသူ ၃၉၄၈ ယောက် သေဆုံး၊ အယောက် ၁၇၆၀ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ဆင်ရေးတွေကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေနဲ့ စစ်ကြောင်းတွေ၊ တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်တွေကို ဒရုန်း၊ ရှော့တိုက်ဒုံးနဲ့ တာဝေးပစ်ဒုံးတွေသုံးပြီး တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းလာတာ အခု ၂ နှစ်ပြည့်ချိန်မှာ တနိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ လောက် အတည်ပြုခဲ့နိုင်ပြီး ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းလို့ စစ်တိုင်းကြီး ၃ တိုင်းနဲ့ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့လည်း အမှတ် (၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသဆိုတဲ့ စစ်ဒေသ ၂ ခုဖွဲ့စည်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024