Home
ဆောင်းပါး
"ပိုပေါ့ ရက်စက်ခဲ့တယ်ဆိုတာ ခေတ်သစ် ဖက်ဆစ်မင်းအောင်လှိုင်ကို မီမယ် မထင်ဘူး" ဗိုလ်ကြီးဟောင်း နေမျိုးဇင်
DVB
·
May 1, 2023

အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့  ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ ထောင်တွင်းဖြတ်သန်းမှု အကြောင်းနဲ့ လက်ရှိနွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ သူ့အမြင် သူ့ရပ်တည်ချက်တွေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး။ အစ်ကို အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ သိပ်မကြာသေးဘူးဆိုတော့ လက်ရှိ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား အဆင်ပြေရဲ့လားရှင့်။ 

ဖြေ။ “ကျန်းမာရေးကတော့ ဒီအသက်အရွယ်နဲ့ ထောင်တွင်းကထွက်လာပြီးတဲ့နောက်ထက် စာရင်တော့ ကောင်းတယ်လို့ ပြောရမှာပေါ့လေ။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျေနပ်မှုအရတော့ လက်ရှိ ပြည်သူတရပ်လုံးခံစားနေရတဲ့ သောကဝေဒနာတွေနဲ့ ထပ်တူရှိတော့ ပျော်ရွှင်မှု ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင် ပြည်သူတွေနဲ့အတူ ပျော်ရွှင်ခွင့်ရဖို့ နီးကပ်လာပြီမို့လို့လည်း ခွန်အားတွေနဲ့ ကျနော့်ကိုယ်လည်း ကျနော်အားပေးတယ်၊ ပြည်သူတွေကိုလည်း ပြန်အားပေးပါရစေလို့ ပြောချင်ပါတယ်။”

မေး။ ဟုတ်ကဲ့။ ဒီမိုကရေစီ အစိုးရလက်ထက်မှာ အစ်ကိုက ထောင်ကျခဲ့တာနော်။ အဲလို ထောင်ကျပြီးတဲ့ အချိန်မှာပဲ စစ်အာဏာအသိမ်းခံလိုက်ရတယ်။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့ ဖြတ်သန်းနေရတဲ့အချိန်မှာ အစိုးရက ၂ ခု အကွဲအလွဲဖြစ်သွားတဲ့အချိန်မှာ ဘာတွေကြုံတွေ့ရလဲ။ ထူးထူးခြားခြား ဘယ်လို ဖြတ်ကျော်ခဲ့ရလဲ။

ဖြေ။ “အကျဉ်းသားဘဝကတော့ အကျဉ်းသားဘဝပါပဲဗျာ။ အပြင်မှာ နိုင်ငံရေးပြောင်းလဲသွားတဲ့အပေါ် မူတည်ပြီးတော့ အနည်းငယ်လေး စိတ်သက်သာရာ ရတာနဲ့ စိတ်ဖိစီးမှု ပိုဆိုးလာတာ ဒါပဲ ကွာသွားတာပေါ့။ ဘာဖြစ်လို့လဲဆို ကျနော်တို့က သံတိုင်ခတ်ထားတဲ့ အဆောက်အအုံ သေးသေးလေးထဲကနေ ဘယ်မှ သွားခွင့်မှမရတာ။ ဒီအချိန်ပဲဖွင့်၊ ဒီအချိန်ပဲ ထမင်းလာကျွေး၊ ဒီအချိန်ပဲအိပ်၊ ဒီအချိန်ပြန်နိုး ဒီလိုပဲ တနေ့တာကို ကိုယ့်ဟာကိုယ်အဆင်ပြေအောင် အချိန်ဖြုန်းနေရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ်၊ ဒီမိုကရေစီအစိုးရဆိုတာလည်း နာမည်အရသာ ဒီမိုကရေစီအစိုးရဖြစ်တာပါ။ သူ့ရဲ့ အရေးကြီးတဲ့ ပြည်ထဲရေးတို့ ကာကွယ်ရေးတို့ အထွေထွေအုပ်ချုပ်ရေးတို့စတဲ့ ဌာနကြီး ၃ ခုပေါ့၊ ဖက်ဆစ်တွေက အဲဒီကာလကတည်းက ထိန်းချုပ်ထားပြီးတော့ အာဏာပြန်သိမ်းဖို့ တာစူထားတာ ဆိုတော့ ကျနော်တို့အကျဉ်းသားတွေရဲ့ အခြေအနေတွေက ဘာမှထူးခြားတဲ့ လူ့အခွင့်အရေးတွေ အကျဉ်းသား အခွင့်အရေးတွေ သီးခြားရလာတယ် ဆိုတာ မရှိပါဘူး။ ခြင်ထောင်လေးနဲ့ အိပ်ခွင့်ရတာမျိုးတို့၊ တယ်လီဗေးရှင်း တီဗွီ လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရတမျိုးတို့ အပြင်က ပါဆယ်လေးတွေလာလို့ရှိရင် အရမ်းကြီး ကန့်သတ်တာ မဟုတ်ဘဲနဲ့ စားချင်တာလေးတွေကို သွင်းခွင့်ရတာမျိုး ဒီလောက်ပဲ အခွင့်အရေးရတာပါ။ ဒါ ဒီမိုကရေစီခေတ် အစိုးရရဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေ။ အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ စိတ်ဖိစီးမှုက အရင်ကနဲ့ မတူဘူးပေါ့။” 

“အရင်ကတော့ ကိုယ့် ဒီမိုကရေစီခေတ်အစိုးရဆိုတော့ အချိန်တန်ရင်တော့ ငါတို့ကို ကယ်ထုတ်မှာပါ။ ငါတို့ကိုတော့ လွတ်ငြိမ်းချမ်းသာနဲ့တော့ လွတ်ကောင်း လွတ်နိုင်မယ်ပေါ့လေ။ ငါတို့အစိုးရ ကောင်းတာ လုပ်နေတာကိုတယ်လီဗေးရှင်းမှာ မြင်နေရသေးတာပဲ။ ပြည်ထဲရေးဌာနက ဖက်ဆစ်တွေ ထိန်းချုပ်ထားတာမို့လို့ ငါတို့ ဆက်အဖမ်းခံနေရတာပေါ့လေ။ တချိန်ချိန်တော့ ငါတို့ရည်မှန်းချက်တွေပြည့်မှာပါဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နေလို့ရပေမဲ့ စစ်တပ်က မတရားအာဏာသိမ်းလိုက်တယ်၊ ဖက်ဆစ်တွေက ဝါးမျိုလိုက်တယ်ဆိုတာ သိရတဲ့အချိန်ကျတော့ ကျနော်တို့ ဖိစီးမှု သောကတော့ နည်းနည်းခံစားရတယ်။ နောက်ဆက်တွဲဖြစ်တဲ့ နေမှုထိုင်မှုလေးတွေမှာ တချို့သောဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုတွေက ပြောင်းလဲသွားတာ တွေ့ရတယ်ခင်ဗျ။ ဘယ်လိုပြောင်းလဲသွားလဲဆိုတော့ အရင်တုန်းက ဟာ အစ်ကိုနေကောင်းလား ဘာညာနဲ့ နှုတ်ဆက်နေတဲ့ ငမူးငရူးဝန်ထမ်းတကောင်က အာဏာသိမ်းပြီးတဲ့နောက် သူ့ခေတ်ရောက်သွားပြီ ဆိုပြီးတော့ ဆဲတာ ဆိုတာ ရမ်းကားတာ အနိုင်ကျင့်တာ မထိတထိစောင်းပြောတာ ဒါမျိုးတွေ ပြောင်းလဲသွားတာပေါ့။ ထူးခြားတာ တခုကတော့ စစ်တပ်အာဏာသိမ်းလိုက်တယ်ဆိုတဲ့နေ့က ကျနော် ကော့သောင်းအကျဉ်းထောင်မှာ၊ စစ်တပ်က အာဏာကိုထိန်းသိမ်းလိုက်တယ်ပေါ့ဗျာ၊ သူကြေညာတာကတော့ ထိန်းတာပေါ့။ အမှန်တကယ်က လုတာ။ အဲလို အာဏာကို လုလိုက်ပြီဆိုတဲ့အကြောင်း တီဗွီမှာ သတင်းလာတဲ့အချိန် ကျနော်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရာဇဝတ်အကျဉ်းသားတွေထားတဲ့ အိပ်ဆောင်တွေဆီကနေပြီးတော့လေ လူတော်တော်များများကဟေးလို့ ထပျော်ကြတယ်ဗျ သိလား။ ထပျော်ကြတယ်။ ထူးဆန်းတယ်နော်။ ဘာကြောင့် ထပျော်ကြလဲ၊ ဘယ်သူတွေထပျော်ကြလဲ ကျနော် ပြောပါရစေ။ အဲဒီအဆောင်တွေမှာ ဟေး ဆိုပြီး ထပျော်ကြတဲ့သူတွေဟာ မကြာခင်မှာပဲ သူတို့အားလုံးနီးပါးလွတ်သွားကြတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲဆိုတော့ မူးယစ်မှုနဲ့ သုံးစွဲ ရောင်းချဖြန့်ဝေမှုနဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချထားတဲ့သူတွေဟာ အာဏာသိမ်းလိုက်ပြီဆိုတဲ့သတင်းလည်းကြားရော ဟေး ငါတို့ခေတ်ရောက်ပြီလို့ ထပျော်ပြီး မကြာပါဘူး သူတို့လွတ်သွားပါတယ်။ ဒါလေးကိုတော့ ပြောင်းလဲတဲ့ လက္ခဏာတခုအဖြစ် ထင်ထင်ရှားရှား ကျနော်ပြောပါရစေ။”

“ပြီးလည်းပြီးရော အကျဉ်းသားတွေ၊ အကျဉ်းသားဆိုပါတော့၊ ကျနော် မသုံးနှုန်းပါဘူး။ တိုင်းပြည်အတွက် အင်မတန်တန်ဖိုးရှိတဲ့ မျိုးဆက်သစ်လူငယ်လေးတွေ မြောက်မြားစွာဟာ မတရားဖမ်းဆီးခံ အကျဉ်းသားတွေ အဖြစ် ရောက်ရှိလာပါတယ်။ သူတို့တွေမှာ ဒဏ်ရာတွေ ဒဏ်ချက်တွေ ဒါတောင်မှ တရားရုံး ရဲအချုပ်တွေမှာ ဆေးကုသခွင့် ၃၊ ၄ လ ရလာလို့ ဒဏ်ရာတချို့ပျောက်ကင်းပြီး ထောင်ထဲကို ရောက်လာလို့၊ အရင်က တော်တော်ဆိုးရွားတဲ့ ဒဏ်ရာတွေ ရှိပါလိမ့်မယ်။ တချို့ဆိုရင် လက်တွေကျိုးနေတယ်။ တချို့ဆို နံရိုးမှာ အဖုတွေနဲ့ ကျောကုန်းမှာ အဖုတွေနဲ့ ဒင်နဲ့ဆောင့်ထားလို့ ညိုကွက်မည်းနေတဲ့ ဒဏ်ရာတွေနဲ့၊ တချို့ဆို လမ်းကို ကွတ ကွတပဲ လျှောက်ရတယ်။ ဘာဖြစ်လို့လဲဆို သူတို့ လိင်အင်္ဂါကို မီးနဲ့ရှို့ တုတ်နဲ့ရိုက် ကြိုးနဲ့ဆွဲပြီး နှိပ်စက်ညှဉ်းပန်း စစ်ကြောမေးမြန်းခံရလို့။ ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ နာကျင်မှုပေါင်း မြောက်မြားစွာနဲ့ အကျဉ်းသားတွေ အများကြီးရောက်လာတယ်။ အထဲမှာလည်းပဲ လူတယောက်တောင် မနည်းနေရတဲ့ အင်မတန်ပူလောင်တဲ့ တိုက်ခန်း သေးသေးလေးထဲမှာ ၅ ယောက် ၆ ယောက် ပူလောင်အိုက်စပ်ပြီး ဘောင်းဘီတိုလေးတွေတောင် မနည်းဝတ်ထားရတဲ့ ပူလောင်တဲ့ဘဝနဲ့ သူတို့တွေ ဖြတ်သန်းရတာတော့ အင်မတန်ဆိုးရွားတဲ့ အနေအထားတွေအဖြစ် ကျနော် တွေ့မြင်ရပါတယ်။” 

မေး။ ဟုတ်ကဲ့ အစ်ကိုထောင်ကနေပြန်လည်လွတ်မြောက်လာတဲ့အခါမှာ စစ်ကောင်စီက အစ်ကို့ကို ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာ ဖိအားပေးတာ အဲဒါတွေရော ရှိခဲ့လား။

ဖြေ။ “ရှိတယ်လို့ ပြောရမှာပေါ့ဗျ။ ကျနော်လွတ်ရက်စေ့တာတောင် ကျနော့်ကို ပြန်လွှတ်မပေးဘူး။ ရန်ကုန်အင်းစိန်ထောင်ထဲမှာ။ ခြေချုပ်ဥပဒေအရဆိုပြီး ကျနော် ၂ လခွဲလောက် ထပ်ပြီးတော့ မတရားထပ် ချုပ်နှောင်ထားသေးတယ်ဗျ။ အဲဒါပြီးတော့ ကျနော့်ကို သူတို့တောင်းဆိုတဲ့အချက်တွေ လက်မှတ်မထိုးမချင်း မလွှတ်ဘူးဆိုတဲ့ သဘောမျိုး လုပ်ထားတာပေါ့ဗျာ။ သူတို့တောင်းဆိုတာကတော့ ခြေချုပ်ခံဝန်နဲ့ အပြင်မှာ အေးဆေးစွာနေပါ့မယ်ဆိုတဲ့အကြောင်း ကတိပြုရမယ်။ မြို့နယ်ကျော်ပြီး ဘယ်မှ မသွားရဘူး။ နောက်ပြီး ဘာဝေဖန်မှု ဆန္ဒပြမှု ဘာမှ လက်ရှိအုပ်ချုပ်တဲ့သူတွေကို ဆန့်ကျင်ဝေဖန်မှု မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိထိုးရမယ်။ အဲလို အချက်အလက်တွေ တောင်းတာပေါ့။ ကျနော်လည်း ပထမတော့ ဘာမှ မပြောသေးဘူးပေါ့ဗျာ။ နေကြည့်တာပေါ့။ ဟဒီတိုင်းနေရင်တော့ ကျနော့်ကို ဘယ်လောက်ထပ်ချုပ်ထားမယ်မှန်း မသိသေးဘူးပေါ့နော်။ လွတ်ရက်ကလည်းစေ့ပြီ။ ၃ နှစ်နဲ့ ၄ လနီးပါးလည်းရှိလာပြီဆိုတော့ ကျနော်လည်း တောင်းဆိုတာတွေကိုတော့ လောလောဆယ် ကြောင်ဆိုတာ မလိုအပ်ရင် လက်သည်း ဖွက်သင့် ဖွက်ရမှာပဲ။ အဓိက က အသက်ရှင်လျက်နဲ့ ပြင်ပလောက ရောက်ပြီးတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကိုလေ့လာပြီး တတ်နိုင်တဲ့နေရာက တတ်နိုင်တာကို ဝင်ထမ်းဆောင်ဖို့က နိုင်ငံသားတယောက်အနေနဲ့ ကျနော့်မှာ တာဝန်ရှိတယ်။ အဲတော့ လက်မှတ်ထိုး ဆိုလည်း ထိုးပေးလိုက်မယ်။ လောလောဆယ် ထောင်ကထွက်ရဖို့က အဓိက ဆိုပြီး ကျနော် လက်မှတ်ထိုးပေးခဲ့ပြီး အပြင်ထွက်လာတယ်။ ထွက်လာလည်း သူတို့ရဲ့ တောက်လျှောက် စောင့်ကြည့်မှုကို ကျနော်ခံခဲ့ရတယ်။ ကျနော့်အိမ်ရှေ့မှာ ကင်းချထားတာတွေ၊ နေ့စဉ် စရဖက ကျနော့်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ရီပို့တက် ကြေးနန်းတင်ရတာတွေ၊ ၂ ပတ်တကြိမ် ရဲစခန်းမှာ လက်မှတ်သွားထိုးရတာတွေ၊ စသဖြင့်ပေါ့ ကျဉ်းကျုတ်တဲ့ ခြောက်လှန့်မှုတွေ အပြင်ကို တယ်လီဂရမ်ချန်နယ်တွေနဲ့ သူတို့ရဲ့ ဖက်ဆစ်ဝါဒဖြန့် သတင်းမီဒီယာအုပ်စုတွေကနေပြီးတော့ ကျနော်နဲ့ပတ်သက်ပြီး မလိုမုန်းထား အပုပ်ချတာတွေကို တောက်လျှောက် ကျနော် တွေ့ရှိနေပြီးတော့ အခါအခွင့်စောင့်ပြီး အခု ပြည်သူ့ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။”

မေး။ အခုလိုမျိုး လွတ်မြောက်လာတဲ့အချိန်မှာ ပြင်ပအခြေအနေတွေ ပတ်ဝန်းကျင်အခြေအနေတွေကရော ဘယ်လိုတွေ ကွာခြားသွားလဲ။

ဖြေ။ “ကွာတာပေါ့ဗျာ။ ကျနော် စတင်အဖမ်းခံရတဲ့ ကာလက ပြည်သူတွေရဲ့ ဝန်းရံမှု ပံ့ပိုးမှု ကူညီမှုတွေရတယ်။ ပြည်သူတွေအားလုံးကလည်း ငါတို့ခေတ်ကိုရောက်နေတယ်၊ မကြာခင် ငါတို့ပိုမိုခိုင်မာတဲ့ခေတ်စနစ်ကို ၂၀၂၀ ပြီးမှ ဒုတိယအဆင့် နိုင်ငံတော်တည်ဆောက်ရေးအဖြစ် နိုင်ငံတော်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လုပ်ကြကိုင်ကြမယ်ဆိုတဲ့ ယုံကြည်ချက်တွေ အားတွေ မာန်တွေနဲ့ ပြည်သူအားလုံးဟာ နိုးနိုးကြားကြား ကိုဗစ်ဆိုလည်း ဝိုင်းဝန်းကာကွယ်လိုက်ကြ၊ ရွေးကောက်ပွဲအကြိုအတွက်ဆိုလည်း ပြင်လိုက်ကြ ဆင်လိုက်ကြ စသဖြင့်ပေါ့ အားလုံးက နိုးနိုးကြားကြား တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် နောက်ဆုံးဗျာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာတောင်မှ တိုက်ပွဲဆိုလို့ တော်တော်ကိုမရှိသလောက် တဖြည်းဖြည်း နည်းသွားပြီးတော့ တိုင်းပြည်ဟာ ပကတိ ငြိမ်းချမ်းလုနီးနီး ဖြစ်တဲ့အချိန်နဲ့ ခုက ၁၉၄၂၊ ၃ ဂျပန်ဖက်ဆစ်ထက် ၁၀ ဆလောက်ဆိုးတဲ့စနစ်အောက်ကို ပြန်ရောက်သွားသလို ခံစားနေရပါတယ်။ ဂျပန်ဖက်ဆစ်ထက် ၁၀ ဆလောက်ဆိုးတယ်။ ဂျပန်တွေကမှ လက်သည်းလောက်ခွာတာ၊ ကြိုးနဲ့နောက်ပြန်ပြီးတော့ ထုပ်တန်းဆွဲရုံလောက်ဆွဲတာ၊ ခုလိုမျိုး မနက်ကဖမ်းခေါ်သွား နောက်နေ့အလောင်းလာထုတ်၊ အလောင်းတောင် ရိုးရိုးထုတ်ခွင့်မပေးဘူး။ ၁၀ သိန်းလောက်ပေးမှ။ ဓားပြကလည်း တိုက်လိုက်သေးတယ်။ ဒါတောင်မှ သေသွားတဲ့အလောင်းက ပျိုရွယ်နုနယ်တဲ့ လှပတဲ့ မိန်းကလေးချောချောဆိုရင် ဘယ်လောက်မုဒိမ်းကျင့် ထားသေးလဲဆိုတာ မသိဘူး။ အဲလောက်ထိ ဆိုးရွားတဲ့အခြေအနေကို ကျနော်တို့ ရောက်ရှိသွားသလို ဖြစ်ပါတယ်။  တတိုင်းတပြည်လုံးမှာ တရားဥပဒေစိုးမိုးမှုလည်း လုံးဝ ပျက်ယွင်းသွားပြီး ခိုးဆိုးနှိုက် လူသတ်မုဒိမ်း ရဲတွေကိုယ်တိုင်က၊ ရဲတော့မဟုတ်ပါဘူး၊ ဖက်ဆစ်ရဲ့ခွေးပေါ့ဗျာ။ ဖက်ဆစ်ခွေးသာသာဖြစ်နေတဲ့ လူတန်းစားတွေက ပြည်သူကို ကာကွယ်ဖို့နေနေသာသာ သူ့စခန်းထဲ ဗုံးမကျအောင် မနည်းလုပ်နေရတဲ့ အခြေအနေရောက်သွားပြီ။ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေး လုံးဝ ပျက်ယွင်းသွားပြီ။ တိုင်းပြည်ရဲ့ နေရာအနှံ့မှာ မတရားလုပ်နေတဲ့ အဓမ္မဘက်တော်သားတွေအတွက် ဘေးအန္တရာယ် မလုံခြုံလောက်အောင် ဖြစ်ပြီးတော့ ပြည်သူ့ရဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ဩဇာအာဏာ ကာကွယ်ရေး ယန္တရားချဲ့ထွင်မှု တဖြည်းဖြည်း ကြီးထွားလာတဲ့ ပြင်းထန်တဲ့ ပွတ်တိုက်မှုတွေရှိနေတဲ့ ကာလကို ရောက်သွားပြီ ဖြစ်ပါတယ်။ နစ်နာဆုံးရှုံးမှုနဲ့ ကြောက်ရွ့စရာအခြေအနေကို ရင်ဆိုင်နေရတာကတော့ မြို့ပြတွေဖြစ်ပါတယ်။ မြို့ပြမှာ လူနေများတယ်။ ဖက်ဆစ်တွေရဲ့ လက်ပါးစေတွေရဲ့ လက်မရွံ့အကြမ်းဖက်တွေရဲ့ ရက်စက်စွာ ဖမ်းဆီးချေမှုန်းသုတ်သင်ခြင်းကို ခံနေရတဲ့ မြို့ပြတွေကတော့ ခုချိန်မှာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပြီ ဖြစ်ပါတယ်။ လုံးဝ ဒီမိုကရေစီအစိုးရခေတ်နဲ့ ဖက်ဆစ် မင်းအောင်လှိုင်ခေတ်ဟာ နံ့သာဆီနဲ့အီး ဆန့်ကျင်တယ်လို့ ပြောပါရစေ။” 

မေး။ အဲဒီအခြေအနေတွေကို အစ်ကိုထောင်ထဲမှာတုန်းက ဘယ်လိုပုံစံမျိုးတွေနဲ့ ကြားရလဲ။ ပြီးတော့ အစ်ကိုမြင်တွေ့ခဲ့ရတာတွေရော ရှိလား။ အခု အပြင်မှာ အစ်ကိုရောက်လာတဲ့အချိန်ကျတော့ရော ကိုယ်တိုင်ရော အဲလိုဟာမျိုးတွေကို နဖူးတွေ့ ဒူးတွေ့ မြင်ရတာမျိုး ကြုံရတာမျိုး ရှိလား။

ဖြေ။ “လွန်ခဲ့တဲ့ ၂၀၁၂၊ ၁၃ လောက်ကတည်းက ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တွေ ရေးခဲ့တာတွေ ကျနော့် မိတ်ဆွေတွေ သတိရချင် ရပါလိမ့်မယ်။ ဒီ ၂၀၂၀၊ ၂၁ မှာ ဒီလို အနေအထားမျိုး ကြုံရနိုင်တယ်ဆိုတာ ကျနော်တို့က လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် ကတည်းက ကြိုမြင် ကြိုပြောခဲ့တာတွေ သတိရပါလိမ့်မယ်။ ဒီလိုဖြစ်လာနိုင်တယ်ဆိုလည်း တွက်ဆပြီးသား ဖြစ်ပါတယ်။ ဒီလောက်ဆိုးလိမ့်မယ်လို့ မထင်ဘူးပေါ့နော်။ သို့သော် ဒီလောက် ဆိုးလာတာ ကလည်း တဖက်က ကြည့်လို့ရှိရင် အရမ်းဆိုးပြီးသွားလို့ရှိရင် အရမ်းညဉ့်နက်သွားပြီးလို့ရှိရင် ရောင်နီလာဖို့ အရမ်းနီးသွားတယ်ဆိုတဲ့ လောကနိယာမလည်း ရှိသေးတာကိုး။ မြန်မြန်ဆိုးလေ များများ ဆိုးလေ၊ မြန်မြန်နိဂုံးချုပ်လေပဲ။ သူတို့ကြိုက်သလောက်ဆိုးပါစေ။ အင်ကုန်အားကုန်ဆိုးပါစေ။ နောက်ဆုံးလက်ကျန်နဲ့ ထတောက်တဲ့ ဆီမီးခွက် ဟုတ်ခနဲတော့ လင်းကောင်းလင်းလိုက်လိမ့်မယ်။ သို့သော် နိဂုံးချုပ် ပြာပုံဘဝနဲ့ အဆုံးသတ်သွားမှာပဲ ဖြစ်ပါတယ်။” 

မေး။ သူတို့ရဲ့ ဖက်ဆစ်ထက်ဆိုးတဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကို အစ်ကို ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ ကြားရလဲရှင့်။

ဖြေ။ “ကျနော့် မျက်မြင်အနေနဲ့ကတော့ ဘယ်မှသွားခွင့်မရတဲ့သူ တယောက်အနေနဲ့ ကတော့ မျက်မြင်တော့မရှိဘူးပေါ့ဗျာ။ မြို့နယ်ထဲသွားရင်တောင်မှ နောက်က စောင့်ကြည့်တာဆိုတော့။ သို့သော် ညဘက်မီးပိတ်ပြီးတော့ စစ်ကားတွေ တဝီဝီသွားပြီးတော့ ကျနော်တို့ရပ်ကွက်ထဲတွေ ဝင်မွှေတာတွေတော့ မြင်ရတယ်။ ကျနော့်ရှေ့မှာ ဗြောင်ကျကျလုသွားတာတွေ ကျနော်မြင်ရတယ်။ ကျနော့် အိမ်နီးချင်းတွေ ညဘက်ဝင်ခိုးသွားတာအတွက် ငိုယိုနေကြတာတွေ ကျနော်မြင်ရတယ်။ ဒါ ကျနော် တပ်အပ်မြင်ရတာ။ ကျန်တာတွေကတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာယ ဗွီဒီယိုအထောက်အထား Satellite Image ပါမကျန်ပေါ့၊ လူပုဂ္ဂိုလ် သက်သေနဲ့တကွ ဖော်ပြလာတာတွေ ကြည့်ခြင်းအားဖြင့် ကျနော်တို့ ကိုယ်တိုင်ရောက်သကဲ့သို့ တော်တော်ဆိုးရွားတဲ့အခြေအနေတွေ အားလုံးအသိပဲ ဖြစ်ပါတယ်။ ညီမတို့ သတင်းကွန်ရက်တွေကလည်း တင်ပြနေတာတွေ မြင်ရတာတွေ ရှိတယ်လေ။ တော်တော့်ကိုမှ တော်တော် ဆိုးရွားတဲ့အခြေအနေတွေပါ။ ကမ္ဘာမှာ မူဆိုလီနီတို့ ဆိုးခဲ့တယ်ဆိုတာ ဖက်ဆစ်မင်းအောင်လှိုင်ကို မီမယ် မထင်ဘူး။ ပိုပေါ့ (Pol Pot) ရက်စက်ခဲ့တယ်ဆိုတာ ခေတ်သစ် ဖက်ဆစ်မင်းအောင်လှိုင်ကို မီမယ် မထင်ဘူး။ ဟစ်တလာသာရှိသေးရင် မင်းအောင်လှိုင်ကို လာ အလေးပြုလေမလားအဲလောက်အထိ တွေးမိရလောက်အောင် ဖက်ဆစ်မင်းအောင်လှိုင်ရဲ့လုပ်ရပ်ဟာ ရာဇဝင်တွင်မယ့် ခေတ်ဆိုးခေါင်းဆောင်အဖြစ် ကျနော်တို့ သမုတ်ရတော့မှာ ဖြစ်ပါတယ်။”

မေး။ ဟုတ်ကဲ့အကို။ ဗိုလ်ကြီးဟောင်းတယောက်အနေနဲ့ပေါ့နော်။ အာဏာသိမ်းမှု အဆက်ဆက်ကိုလည်း ကြုံခဲ့ရပြီးပြီဆိုတော့ ဒီတခေါက် ဒီမိုကရေစီအစိုးရ လက်ထဲကနေပြီးတော့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ်မှာ ဘယ်လို သုံးသပ်ချင်လဲ ဘယ်လိုမှတ်ချက်ပေးချင်လဲ။ 

ဖြေ။ “အဆိုးထဲက အကောင်းတွေကို ကျနော်တို့ မြင်ပြီးတော့ သုံးသပ်မယ်ဆိုရင် သခင်စိုး ပြောခဲ့တဲ့ သခင်စိုး ဆိုတာ ကွန်မြူနစ်ပါတီ အလံနီသခင်စိုး လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ပြောခဲ့တဲ့ စကားတခွန်းကို အခုအချိန်မှာ မှန်လာတဲ့ သုံးသပ်ချက်တခုကို အဖြေထုတ်ဖို့ အချိန်ရသွားပြီလို့ ပြောရမှာပါ။ သခင်စိုးက ဘာပြောခဲ့လဲ ဆိုတော့ ဖက်ဆစ်ဂျပန်တွေက စစ်ပညာသင်ပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ကို မင်းတို့ ဘီအိုင်အေ မင်းတို့စစ်တပ်က ဖက်ဆစ် သန္ဓေပါလာတယ်တဲ့။ တနေ့နေ့တိုင်းပြည်ကို ဒုက္ခပေးလိမ့်မယ်တဲ့။ ခု သူက ဖက်ဆစ်သန္ဓေကို အစွမ်းကုန်အထိ ထုတ်ပြပြီးတော့ ကျနော်တို့ တိုင်းပြည်ကို ဒုက္ခပေးပြီ။ Fail State ဖြစ်လုနီးနီးထိ အစစ အရာရာကို ဖျက်ဆီးပြီး သွားပြီ။ ဒါလည်း တဖက်ကကြည့်ရင် ကောင်းတယ်ဗျ။ ကျနော်တို့ မြို့သစ်တခု ရပ်ကွက်သစ်တခု နေရာသစ်တခုတည်မယ်ဆိုရင် အိမ်အိုအိမ်ဟောင်း လမ်းအိုလမ်းဟောင်းတွေ ဖျက်သိမ်းရတာပဲလေ။ အဲဒီကာလအခိုက်အတန့်ကတော့ အရာရာ ဖရိုဖရဲ အလဲလဲ အကွဲကွဲနဲ့ပေါ့။ ဒီနေရာကို ကျနော်တို့က စနစ်တကျနဲ့ လမ်းတွေ တံတားတွေ ဓာတ်တိုင်တွေ ကစားကွင်းတွေ တည်ဆောက်မယ်ဆိုတဲ့ လျာထားချက်တွေနဲ့ အဆင်သင့်ပြင်ထားပြီးတော့ ပျက်စီးသွားတာတွေကို ဝိုင်းဝန်းစုပြုံဖယ်ရှားပြီး အသစ်တည်ဆောက်ဖို့အတွက် အခင်းအကျင်းကိုရောက်လာတယ်လို့ ပြောလို့ရတာပေါ့။”

“ဒီအချိန်မှာ ဖားလား ငါးလားကွဲသွားတယ်လို့လည်း နိုင်ငံရေးစကားလုံးနဲ့ ပြောလို့ရတယ်။ ဘယ်သူဟာ တိုင်းပြည်ကို စေတနာမရှိဘဲနဲ့ ဖျက်ဆီးဖို့အတွက် ပါဝင်ပူးပေါင်းခဲ့တဲ့ အဓမ္မဖက်ဆစ်ဘက်သားလဲ။ ဘယ်သူဟာ တိုင်းပြည်အတွက် စေတနာမှန်နဲ့ သမိုင်းကြောင်းပေါ်မှာ ရပ်တည်ချက်မှန်ခဲ့ပြီးတော့ ခုချိန်မှာ ရှိတဲ့ခွန်အားနဲ့ အပြတ် အနာဂတ်အတွက် ဝိုင်းရုန်းနေတဲ့ ပြည်သူ့သားကောင်းရတနာတွေလဲဆိုတဲ့ ရှင်းရှင်းပြောရရင်တော့ ခွေးလား လူလားကွဲသွားပြီဗျာ။ ဒါပဲ။ ခွေးအလုပ်ကို လုပ်ခဲ့တဲ့လူတွေ တချိန်မှာ ခွေးကဲ့သို့ ခေါင်းငုံ့နေရလိမ့်မယ်။ လူအလုပ်ကို လုပ်ခဲ့တဲ့လူတွေ အနာဂတ်မှာ လူလို ခေါင်းမော်နေရမယ်။ လုံးဝ စနစ်အကူးအပြောင်း တခုကို ရရှိဖို့အတွက် မဟာအခွင့်အလမ်းကြီးကို ကျနော်တို့ ပိုင်ဆိုင်နေပြီ။ သို့သော် ပိုင်ဆိုင်နေတဲ့ မဟာအခွင့်အလမ်းကြီးကို ဘယ်လောက်အကျိုးရှိရှိ အတူတူ တညီတညွတ်တည်း ဝိုင်းသုံး ဝိုင်းရုန်းမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ နှေးတယ် မြန်တယ် ဆိုတာတော့ စကားပြောသွားမှာပေါ့။ ကျနော်ကတော့ မနှေးချင်ပါဘူး။”

နှစ်ပေါင်း ၇၀ ကျော် တော်လှန်လာတဲ့ တော်လှန်ရေး တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တော်လှန်ရေးဆိုတာ မိဘရဲ့ ဘိုးဘွားရဲ့ လက်ဆင့်ကမ်းပေးတဲ့ အမွေမဟုတ်ဘူး ဆိုတာလေးကို ဒီနေ့အချိန်မှာ သက်သေပြသွားစေချင်ပါတယ်။ ကချင်ပဲဖြစ်ဖြစ် ကရင်ပဲဖြစ်ဖြစ် ချင်းပဲဖြစ်ဖြစ် မွန်ပဲဖြစ်ဖြစ် ရှမ်းပဲဖြစ်ဖြစ် မည်သည့် သားမြေးမြစ်ကိုမဆို တော်လှန်ရေးအမွေ မပေးရအောင် ကျနော်တို့ ဒီအချိန်မှာ တော်လှန်ရေး အမြစ်ဖြတ်ဖို့ ဝိုင်းရုန်းဖို့ လိုအပ်တယ်၊ အချိန်ကျပြီဆိုတာ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာတွေ ဗမာစစ်တပ်တွေလို့ တချိန်လုံးသုံးနှုန်းခဲ့တဲ့ တော်လှန်ရေးရဲ့ နှစ် ၇၀ ကျော်ကြာ လူမျိုးရေးအမုန်းတရားဟာ အခုအချိန်မှာ မှားယွင်းခဲ့တယ်ဆိုတာ ဗမာတွေကိုယ်တိုင် ပြန်ပြီးတော့ ဒီဗမာဖက်ဆစ်ကို ကြီးကြယ်စွာ တော်လှန်နေတဲ့ ဖြစ်ရပ်တွေက သက်သေ ပြပြီးပြီပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဗမာစစ်တပ်မို့လို့ ဗမာလူမျိုးရေးဆိုတဲ့ အမုန်းတရားတွေနဲ့ အချင်းချင်းကြားထဲမှာ စည်းလုံးညီညွတ်မှုကို အားနည်းအောင် ဖြစ်နေစေခဲ့တဲ့ဟာတွေကို ပြန်လည်သုံးသပ်ပြီးတော့ ခုချိန်မှာ တိုင်းရင်းသားအားလုံး မိမိလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အသစ်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်အသစ်အတွက် ဖက်ဒရယ်တပ်မတော်တရပ် ဖြစ်အောင် ခုချိန်မှာ  မတူတာတွေကို ညှိနှိုင်း ဖြစ်နိုင်တာတွေကို အရင်ချဉ်းကပ်ပြီး အမြန်ဆုံးဖွဲ့စည်းဖို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။”

“ဖက်ဒရယ်တပ်မတော်တရပ်ကို အမြန်ဆုံးထူထောင်နိုင်မှ လက်ရှိ စစ်စည်းကမ်းပျက်ယွင်းပြီး ကျောရိုးမဲ့သွားတဲ့ ဖက်ဆစ်ဓားပြတပ်အသွင်သဏ္ဌာန်ဆောင်သွားပြီဖြစ်တဲ့ ခေါင်းဆောင်ပိုင်းနဲ့  သူ့ရဲ့ အုပ်ချုပ်မှု လုပ်ပိုင်ခွင့်တွေကို ဖယ်ရှားပြီး အစားထိုးနေရာယူကာ ဆက်ပြီး တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအတိုင်းချည်း သူတို့ကို တိုက်ခိုက်ချေဖျက်နေရုံ၊ ချေမှုန်းနေရုံနဲ့ မပြီးဘူး။ သူတို့နေရာမှာ ကျနော်တို့ ပါဝင်ထမ်းဆောင်ဖို့အတွက်ကို အခုကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် စတဲ့ စနစ်တကျ ဌာနတွေနဲ့ ဖက်ဒရယ်တပ်မတော်ရဲ့ စနစ်တွေကို အခုကတည်းက သန္ဓတည်ပြီးတော့ တဖြည်းဖြည်း စုဖွဲ့တာဝန်ယူပြီး အစားထိုးနေရာယူနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှသာလျှင် တိုင်းပြည်က လုံးဝ ကြားကာလမှာ ကာကွယ်ရေးယန္တရားတွေ စနစ်တကျမရှိခြင်းနဲ့ လက်နက်တွေ နေရာအနှံ့အပြားမှာ ပေါများခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို အချိန်နဲ့တပြေးညီ ဆက်လက်ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ NUG ရဲ့ MOD က အခုကတည်းက လက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်လို့ လိုအပ်တဲ့ နည်းဥပဒေတွေနဲ့ စနစ်ကျနတဲ့ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေတာလို့ ကျနော်ယူဆပါတယ်။ ဒါမှလည်း တိုင်းပြည်က ပြည်တွင်းစစ်သဖွယ်ဖြစ်ပြီး  နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ ကြီးမားတဲ့ ပေါက်ကွဲမှုတွေ နှိမ်နင်းပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် အမှန်တရားဘက်တော်သားတွေ သိမ်းပိုက်စိုးမိုးပြီးခဲ့အခါမှာ ဆက်လက်ပြီး တည်ငြိမ်အေးချမ်းသွားအောင် အုပ်ချုပ်သွားနိုင်မှာဖြစ်ပါတယ်။”

မေး - အခုဆိုရင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်က မြေပြင်မှာ အလဲလဲအပြိုပြိုဖြစ်နေပြီ၊ လေယာဉ်တွေ လက်နက်ကြီးပစ်ကူတွေ မပါဘူးဆိုလို့ရှိရင် သူတို့ ထိုးစစ်မဆင်ရဲတဲ့ အခြေအနေပေါ်မှာ ရှိနေတယ်ရှင့်။ အဲတော့ လက်ရှိ စစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည် စည်းရုံးရေးပိုင်းတွေကို ဘယ်လိုသုံးသပ်မိလဲ။

ဖြေ - “လက်ရှိ တိုက်ရည်ခိုက်ရည်ကတော့ မာဖီးယားဂိုဏ်းတခုပုံစံမျိုး ယာကူဆာဂိုဏ်းတခုရဲ့ ရက်စက် ကြမ်းကြုတ်မှုမျိုးနဲ့ ကိုယ်ပိုင် ခါးပိုက်ဆောင် လက်ပါးစေတွေ တပ်ဖွဲ့တခုရဲ့ အသွင်သဏ္ဌာန်မျိုးနဲ့ သူတို့ တောင့်ခံနိုင်တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပြည်သူကို ကာကွယ်နေတာမှ မဟုတ်တာ။ ပြည်သူကို ပြန်လည်သတ်ဖြတ်နေတာကိုး။ အဲတော့ သေချာတာတခုက သူတို့က ဆရာကိုကာပြန်ရင် အာခေါင်လှံစူးသွားတဲ့ ပုံစံမျိုး ဖြစ်သွားတာ။ အခုက ပြည်သူကို ကာကွယ်ပါမယ်ဆိုပြီး သစ္စာဆိုထားပြီးတော့ ပြည်သူပေးထားတဲ့ လက်နက်နဲ့ ပြည်သူပေးထားတဲ့ ထမင်းစားပြီးတော့ ပြည်သူပြန်သတ်နေတာလေ။ ဒီလူတွေမှ မကျဆုံးရင် ကမ္ဘာကြီးက ဘယ်လိုတွေသွားပြီး အသုံးကျတော့မလဲ။ အဲတော့ ဒီဖက်ဆစ်မင်းအောင်လှိုင်ရဲ့ မတရားတဲ့ အမိန့်တွေကို လိုက်လံလုပ်ဆောင်ပြီးတော့ ပြည်သူကို နှိမ်နင်းသတ်ဖြတ်နေတဲ့ လူတွေပါ ဘယ်လိုမှ တိုက်ရည် ခိုက်ရည် စွမ်းရည် အောင်ပွဲအောင်လံထူခွင့်ကို ရလာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော အောင်ပွဲအောင်လံထူတယ်၊ ပန်းကုံးတွေနဲ့ ကြိုတယ်ဆိုတဲ့ ဖြစ်စဉ်မျိုးက သူတို့ရဲ့ အိပ်မက်ထဲမှာတောင် မက်ခွင့်မရှိတဲ့ အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ ဘယ်ပြည်သူမှ သူတို့ကို ကြိုဆိုမယ့်အနေအထား မရှိဘူး။”

“လက်ရှိတပ်မတော်ရဲ့ အနေအထားက လက်ရှိတပ်မတော်လို့ ကျနော်သုံးနှုန်းဖို့တော့ အဆင်မပြေတော့ဘူးလို့ ပထမဆုံးပြောချင်တယ်။ တပ်မတော်မဟုတ်တော့ဘူး၊ တပ်မတော်ဆိုတာ ပြည်သူကို ကာကွယ်စောင့်ရှောက်မှ တပ်မတော်ပေါ့လေ။ အခု ပြည်သူကို ပြန်ပြီးတော့ နှိမ်နင်းသတ်ဖြတ်၊ ချေမှုန်းရန်စနေတဲ့ ဖက်ဆစ်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ပေါ့။ ဖက်ဆစ်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ မင်းအောင်လှိုင် နောက်လိုက်တွေအနေနဲ့ အခုချိန်မှာ စစ်ယူနီဖောင်းကြီးတွေဝတ်ပြီး စစ်ဘက်တံဆိပ်တွေ တပ်ပြီးတော့ စစ်အဆောင်အယောင်တွေနဲ့ တရားသောစစ် ဆင်နွှဲနေတယ်လို့ သူတို့ကြွေးကြော်နေပေမဲ့ တကယ်တော့ သူတို့ ပြည်သူကို ပြန်စစ်ခင်းနေတဲ့ နောက်ဆုံးခံစစ်အတွက် ကျားကုတ်ကျားခဲ ရုန်းနေရတဲ့ အနေအထား ရောက်သွားပါပြီ။”

“တိုက်ပွဲတွေကြည့်လိုက်ပါ၊ ဗျူဟာမှူးအဆင့်တွေ၊ တပ်ရင်းမှူးအဆင့်တွေပါ ခွေးသေဝက်သေ သေနေကြတယ်။ ဖမ်းဆီးခံနေရတယ်။ အရှင်ဖမ်းခံနေရတယ်။ ပြီးတော့လည်း ထွက်ပြေးလာတဲ့ ရဲဘော်လေးတွေရဲ့ အင်တာဗျူးတချို့ တွေကို ကြည့်ကြည့်လိုက်ပါ၊ တပ်ရင်းလိုက်တွေ သေနတ်တွေပစ်ချပြီးတော့ လာရာလမ်း နောက်ပြန်လှည့်ပြီး ဆန္ဒပြ ပုန်ကန်နေကြတဲ့ဖြစ်စဉ်တွေ ခပ်စိတ်စိတ် တွေ့လာတာ မြင်ရပါလိမ့်ပါတယ်။ အဲတော့ သူတို့အတွင်းထဲမှာကို အားလုံး ဆိုးရွားနေတယ်။ အကုန်လုံး ဖက်ဆစ်တွေဖြစ်နေတာလို့ ကျနော် မဆိုလိုဘူးနော်၊ စောစောကလို တပ်ရင်းလိုက်ပစ်ချပြီး တပ်ရင်းမှူးတွေ ဦးဆောင်ပြီး နောက်ပြန်လှည့် ထွက်ခွာမယ်ဆိုတဲ့ စစ်ဗိုလ် ပြည်သူဘက်က ရပ်တည်ပြီးတော့ မတရားတဲ့ ဖက်ဆစ်အာဏာရှင်ကို ဆန့်ကျင်ရဲတဲ့ သူရဲကောင်းစိတ်ဓာတ်ရှိတဲ့ စစ်သားတွေ အရာရှိတွေ အများကြီး ရှိနေသေးတယ်လို့တော့ ကျနော်က ယုံကြည်တယ်။”

“အဲတော့ စီးဆင်းလာတဲ့အမိန့်တွေ ခိုင်းစေတဲ့အမိန့်တွေက ရက်စက်တယ်၊ ယုတ်မာတယ်၊ ကြမ်းတမ်းတယ်။ သင်ကြားထားတဲ့ စစ်ဘက်ဥပဒေနဲ့မညီဘူး။ လိုက်နာရမယ့် နိုင်ငံတကာ စစ်သည်တော် ကျင့်ဝတ်ဥပဒေတွေနဲ့ လည်း မအပ်စပ်ဘူး။ ကိုယ်ကျင့်တရားအရ ရှုထောင့်က ကြည့်ရင်လည်း ဘယ်လိုမှ လိပ်ပြာလုံစရာ အကြောင်းတွေ မဟုတ်ဘူးဆိုတာ သူတို့အချင်းချင်း သိလာကြတဲ့အတွက် မတတ်သာလို့တာ သူတို့ ဒီတာဝန်တွေ ဒီနေရာတွေ အထက်ကခိုင်းတဲ့ စစ်အမိန့်တွေကို နာခံနေရပေမဲ့ ရသလောက် ဖီဆန်လာကြတာ ဖြစ်တဲ့အတွက်ကြောင့် အခုဆိုရင် မင်းအောင်လှိုင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့  ခုခံကာကွယ်နိုင်စွမ်းဟာ တဖြည်းဖြည်း ယုတ်လျော့ကျုံ့သွင်း အဆုံးသတ်နိဂုံးကို နီးကပ်သွားပြီဖြစ်ပါတယ်။”

“သူတို့အဆုံးသတ်မှု သူတို့ခံစစ် စခန်းထဲမှာပဲ အချိန်မရွေး ဒရုန်းများ ဗုံးလာကြဲလေမလား၊ ဒရုန်းကလည်း အဆင့်မြင့်လာပြီ၊ လူငယ်တွေက တကယ့်ပညာတတ်တွေဗျာ။ တကယ့် Gamer တွေ၊ ပရိုဂမ်မာတွေကိုး ဂျန်ဇီတွေက၊ အောက်က စစ်တပ်ကကောင်တွေက တရုတ်တို့ စင်ကာပူတို့ တခြားနိုင်ငံက ထောက်ပံ့တဲ့ အန်တီဒရုန်း လောက်လေးနဲ့ ပြန်ပစ်ချနိုင်တဲ့ တကြိမ်လောက် အောင်ပွဲရရင်ရမယ်။ သေချာတယ် PDF ဆီက ဒရုန်းတစင်း ပစ်ချပြီးရင် နောက်ထပ် အဲဒီစခန်းက ဘယ်တော့မှ ဘယ်ဒရုန်းမှမကျအောင် PDF ဘက်က စွမ်းဆောင်နိုင်တယ်။ ဒီတစင်းနဲ့မရဘူး။ နောက်ထပ် ဒီတစင်းထက်ကျော်တဲ့ဟာ ဂျန်ဘာကိုကျော်တဲ့ဟာ GPS နဲ့ ချိတ်ပြီးတော့ အော်တိုပိုင်းလော့စ်လေးနဲ့ ရအောင်လွှတ်လိုက်တယ်၊ ဘယ် အန်တီဒရုန်းမှလည်း ဂရုမစိုက်ဘူး။ အဲဒီနည်းပညာရလာပြီဆိုတော့ ဖက်ဆစ်နောက်လိုက်ဘက်တော်သားတွေ သေချာတယ်။ အနှေးနဲ့ အမြန်ကတော့ ခွေးသေသေမလား နွားသေသေမလား၊ ဘယ်လိုနည်းနဲ့ သေချင်သလဲဆိုတဲ့ မေးခွန်းတွေကို PDF တွေက မေးနေပြီဖြစ်တယ်။ အဲတော့ လူပဲဗျာ။ တန်ဖိုးရှိရှိ နေချင်သေချင်နေကြမှာပဲ။ ကျနော်တို့လည်း သူတို့လို သူငယ်ချင်းတွေ ရှိပါတယ်။ ကျနော်နဲ့ ကျောင်းအတူဆင်းခဲ့တဲ့လူတွေ တိုင်းမှူးတွေ ရှိပါတယ်။ လူဆိုတာ ခွေးသေ၊ ဝက်သေ၊ နွားသေတော့ ဘယ်သေချင်မလဲ။ ဆရာကြီးဦးအောင်သင်း ပြောသလိုပေါ့၊ ငါသည် တနေ့တွေ ပလက်ဖောင်းခေါင်းအုံးအိပ်၊ လမ်းဘေးဓာတ်တိုင်အောက်တွေ ဆင်းရဲခြင်းရောက်အောင် ကြိုးစားအံ့ဆိုပြီး ဘယ်သူမှ မကြွေးကြော်ဘူး။ ဒီလိုပဲ စစ်သားထဲကလူတွေကလည်း ငါသည် တနေ့နေ့တွင် ခွေးသေဝက်သေ သေ၍ စစ်အရာရှိ စစ်အရာရှိ တပ်ရင်းမှူးသာလျှင်  ရဟတ်ယာဉ်ဖြင့် အလောင်းကိုလာသယ်သွား၍ တွေ့ကရာမြောင်းတွင် ခြေတဝက်ဖုံး၍ မြှုပ်ထားခြင်းကို ဂုဏ်ယူစွာ ကြိုဆိုအံ့ဆိုပြီး ဘယ်သူမှ ရှိမှာမဟုတ်ဘူး။ သူလည်း ဂုဏ်ယူစွာနဲ့ စစ်ဗျူဟာတွေ၊ စစ်အခမ်းအနားတွေ သေနတ်မြောက်တွေနဲ့ ပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲစွာ ဦးညွှတ်အလေးပြုတဲ့ သူ့ရဲ့ နောက်ဆုံးခရီးကိုတော့ စစ်သားတိုင်းလိုချင်မှာပဲလေ။ အခုကတော့ ခွေးသေဝက်သေ၊ ကျွဲသေ၊ နွားသေ၊ ဘယ်လိုတိရစ္ဆာန်အသွင်နဲ့သေရမလဲဆိုတဲ့ ဘဝကို တဖြည်းဖြည်းနဲ့ရောက်ကုန်တယ်။ PDF တပ်ဖွဲ့တွေကလည်း အင်အားကများ ထောက်ပံ့မှုကလည်း ပြည်သူကလာတာဆိုတော့ တဖြည်းဖြည်းနီးကပ်လာပြီလို့တော့ ကျနော်က ပြောချင်တယ်။  ဘယ်လိုနည်းနဲ့သေချင်သလဲ၊ တန်ဖိုးရှိစွာ စစ်သားကောင်းတယောက်အနေနဲ့ သေချင်သလား၊ စစ်သားကောင်းတယောက်ရဲ့ မြင့်မြတ်တဲ့ ဝတ်ရင်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်လျှောက်ရင်း ရဲဝံ့တဲ့ သူရဲကောင်းနှလုံးသားနဲ့ အောင်ပွဲကိုလှမ်းရင် မိမိတို့ရဲ့ ခွန်အားအစွမ်းပကားကို သုံးသွားမလား၊ ဖက်စစ်အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ မူဆိုလီနီတို့၊ ဟစ်တလာတို့၊ ဂျပန်ကတိုဂျိုတို့လို မကောင်းသောသမိုင်းကနေ  နိဂုံးချုပ်သွားတဲ့ နောက်လိုက်အဖြစ် မျက်နှာမပြဝံ့ဘဲ သေသွားမလား၊ ရွေးချယ်ရမယ့် အချိန်ရောက်ပြီလို့ ကျနော်ကတော့ ပြောလိုက်ချင်တယ်။”

မေး။ တော်လှန်ရေးကာလက အခုဆိုရင် ၂ နှစ်ကျော်လာပြီပေါ့နော်။ ဒီလိုကျော်လာတဲ့အချိန်ကာလမှာ ပံ့ပိုးသူတွေကော လက်နက်စွဲကိုင် PDF တွေရော၊ ပြည်သူတွေရော ရှိတဲ့အင်အားကို ညှစ်ထုတ်ပြီးတော့ သွားနေရတဲ့အချိန်မှာ တချို့လည်း စိတ်ဓာတ်ကျတာတွေရှိတယ်။ တချို့လည်း အားမရတဲ့အခြေအနေ အပေါ်မှာလည်းရှိတယ်။ အစ်ကိုက တပ်ထဲမှာ တပ်ထိန်းအနေနဲ့ တာဝန်ထမ်းဆောင်လာတဲ့အခါကျတော့ PDF ဆိုတာက ပြည်သူက မွေးထုတ်လိုက်တယ်။ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရတဲ့အခြေအနေကနေစတာ၊ အဲတော့ ဒီ PDF တွေ တော်လှန်ရေးကာလမှာ ရှိနေတဲ့အနေအထားနဲ့ အစ်ကိုထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံနဲ့ဆိုရင် သူတို့ကို ဘယ်လိုအကြံညဏ်မျိုးတွေ ပေးချင်လဲ။

ဖြေ။ “အဲဒါနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတခုကို ရောက်နေတဲ့ စာရေးဆရာမင်းဒင် တင်လိုက်တဲ့ ပို့စ်တခုကိုပဲပြန်ပြီးတော့ ကိုးကားပြီးပြောပါရစေ၊ အဲဒါကလည်း ကျနော်တို့ စစ်တပ်က စစ်သားတွေရဲ့ တကယ့်အတွေ့အကြုံလည်းဖြစ်တယ်။ သူရေးတာက စစ်ရေးပြပွဲတခုမှာ အရှေ့ကနေ အမိန့်ပေးမယ့် commander က လေ့ကျင့်ရတယ်။ လေ့ကျင့်ရင်း အော်ရင်းအော်ရင်းနဲ့သူက ကျနော်ကိုယ်တိုင်လည်းလေ့ကျင့်ခဲ့ရတယ်။ အသံပိုင်းဆိုင်ရာကိုလေ့ကျင့်ခဲ့တဲ့အခါမှာ အသံကို ညစ်ပြီးတော့ အော်ရတယ်။ ရုန်းကန်ရတယ်။ အကျယ်ကြီး တပ်ဖွဲ့ကြီး အကျယ်ကြီး အော်ရင်းအော်ရင်းနဲ့ အသံဝင်သွားရော၊ မသိရင် မန်ဒါလီအစာငတ်နေတဲ့အတိုင်း ဖြစ်သွားရော၊ ဖြစ်သွားတဲ့နောက်မှာ ဇွဲမလျှော့ဘူး။ မထွက်တော့တဲ့အသံနဲ့ ရအောက်ဆက်အော်တယ်။ ရအောင်ဆက်ကြိုးစားတယ်။ ကျနော်တို့ယောကျ်ားတယောက်ရဲ့ စစ်မန်ပါပါ၊ ဟန်ပါပါနဲ့ တကယ့်ဩဇာအာဏာပါတဲ့ အသံဟာ အဲဒီအခုန မန်ဒါလီလိုအသံပျောက်ဆုံးခြင်း လယ်ခေါင်း လည်ချောင်းကနေ ထွက်လာတာ။ ဒါက သဘာဝက ပေးလာတဲ့ လူသားတွေရဲ့ အောင်ပွဲတခု၊ မိမိရည်မှန်းထားတဲ့ ရပ်တည်ချက်တခုကို ရောက်ခါနီးပြီဆိုရင် ဒီလိုမျိုး အလုံးစုံ ပျောက်ဆုံးသွားတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ခာတုံ့ပြန်မှုဆိုင်ရာအလုံးစုံပျောက်ကွယ်သွားတဲ့ သဘာဝရှိပါတယ်။ ဒါကို ကျနော်က ဥပမာနဲ့နှိုင်းပြတာ။ အခုတချို့က စိတ်ဓာတ်နည်းနည်းကျတယ်။ ထောက်ပံ့မှုတွေ မလာဘူးလို့ ယူဆပြီးတော့ ဒီလိုမျိုးမြင်တဲ့ စိတ်ပိုင်းတချို့ရှိပါတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက လက်ရှိ NUG နဲ့ တော်လှန်ရေးအင်အားစုအားလုံးဟာ ပြည်သူလူထုနဲ့ တကယ့်ကို ယုံကြည်စွာနဲ့ ပေးအပ်တဲ့အရာတွေကို ကြက်စာကောက်ကောက်ပြီးတော့စုရတယ်၊ မအလလို ပြည်သူ့ ဘဏ္ဍာတွေနဲ့ သဘာဝဓာတ်ငွေ့တွေကနေ တနင့်တပိုးရနေတာမျိုး သူတို့မှာမရှိရှာပါဘူး။ ကြက်စာကောက်ကောက်ရတဲ့အထဲကမှ ဟန်ချက်ညီတဲ့ မဟာဗျူဟာမြောက်တဲ့ စစ်ရေးတိုက်ပွဲတွေနဲ့ ခွေးသူခိုး ဓားပြဆိုးတွေ မီးရှို့လို့ ဒုက္ခရောက်တဲ့ ပြည်သူတွေကိုလည်း တဖက်ကကျွေးမွေး နေရသေးတော့ သူတို့မှာ လက်နက်ခဲယမ်းတွေ အပြည့်အစုံ မတပ်ဆင်ပေးနိုင်သေးတာကိုတော့ တော်လှန်ရေးသတိ၊ ရင့်ကျက်မှုအသိနဲ့  ခွင့်လွှတ်နားလည်နိုင်လိမ့်မယ်လို့ ကျနော်ကယူဆပါတယ်။”

“ဒါပေမဲ့စောစောက ပြောသလို လူကြီးမင်းတို့မှာ ပြည်သူ့သူရဲ့ကောင်းစစ်စစ်  PDF လူငယ်မောင်မယ်တို့မှာ  အသံကုန်ပြာသွားပြီး မန်ဒါလီအသံလိုဖြစ်သွားအောင် စိတ်ဓာတ်ခွန်အား အနည်းငယ်ကျဆင်းသွားပြီလား၊ ကျဆင်းသွားပြီဆိုရင်ဆက်ရုန်းကန်ပါ။ ယုံကြည်ချက်တွေကို ဘယ်အကြောင်းနဲ့မှမဆုတ်ပါနဲ့။ အောင်မြင်မှုပန်းတိုင်ကို မရဘူးဆိုရင် ကျနော်တို့ အသက်ဆက်ရှင်ရင်လည်း အလကားဖြစ်မယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ အဲတော့ အသက်ဆက်ရှင်မှုတန်ဖိုးရှိဖို့အတွက် အောင်မြင်မှုပန်းတိုင်ဆီကို မဆုတ်သော ဇွဲနဲ့ ယုံကြည်မှုပြင်းထန်စွာနဲ့ ဆက်လှမ်းဖို့သာ အားမွေးပါ။ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေအနေနဲ့လည်း တကယ့်မဟာဗျူဟာကျကျရေးဆွဲပြီး အောက်ခြေကလည်း ဗဟာဗျူဟာရဲ့ သဘောသဘာဝနဲ့ စစ်ဆင်ရေးတခုရဲ့ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်၊ ဆောင်ရွက်ရမယ့် စီမံချက်တွေ  လိုက်နာရမယ့်အမိန့်နာခံမှုတွေ နားလည်ပေးကြပါ။ ဘဲသံလို အသံပျောက်သွားတဲ့ဘဝကနေ ခက်ထန်မာကျောတဲ့ ဩဇာသံတွေလာဖို့ ဆက်လက်တိုက်ပွဲဝင်သွားကြပါလို့ ပြောချင်ပါတယ်။”

မေး။ အခု ဗိုလ်ကြီးကလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိလာပြီဆိုတော့ ဒီနွေဦး တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ပြီး ရှေ့ဆက်သွားမယ်လို့ စဉ်းစားထားသလဲ။

ဖြေ။ “လိုအပ်တဲ့ ကွက်လပ်ကနေပါဝင်မှာပါ။ သက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးတွေ ကျနော် ဒါလုပ်နိုင်မယ်လို့ ယူဆလို့ကျနော်ကို  တာဝန်ပေးလာတဲ့အခါ ကျနော်လုပ်နိုင်မယ်လို့ ယုံကြည်ရင် ဘယ်နေရာဖြစ်ဖြစ် ကားမောင်းရရင်လည်းမောင်းမယ်။ ဒရုန်းမောင်းခိုင်းရင်လည်းမောင်းမယ်။ ဒါပေမဲ့ကျနော့်ကျန်းမာရေးနဲ့ အသက်အရွယ် အခြေအနေအရ  ကျနော် ပစ်ရခတ်ရ ပြေးရလွှားရတာ၊ အလေးကြီးသယ်လို့ မရနိုင်တော့တာက ကျနော်စိတ်မကောင်းပါဘူး။ ဒါက ကျနော်ကျန်းမာရေးနဲ့ ကျနော် ခါးရိုးခွဲစိတ်ကုသထားတဲ့အနေအထားမှာ ကြောင့်ပေါ့။ ဖြစ်ချင်တာကတော့ PDF ရဲဘော်တွေနဲ့အတူ ကျောပိုးအိတ်ကိုလွယ်ပြီးတော့ ကျနော်ကိုယ်တိုင် ရှေ့တန်းက ဦးဆောင်တိုက်ခိုက်ချင်ပါတယ်။”

မေး။ ။ တခြား ထပ်ပြီးဖြည့်စွက်ပြီးတော့ ပြောချင်တာရှိဦးမလား၊

ဖြေ။ “ ဟုတ်ကဲ့။ ကျနော်တို့ခေတ်မှာ  ဖက်ဆစ်စနစ် လုံးဝအဆုံးသတ်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်းမှာ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား မွေးမြူရမယ့်အချိန်ရောက်ပြီ။ ဒီဖက်ဆစ်စနစ်ကို မြန်မာ့မြေပေါ်ကနေ မကဘူး။ ကမ္ဘာ့ မြေပေါ်ကပါ ပျောက်ဆုံးသွားအောင် မြန်မာပြည်ထောင်စုသားအားလုံးက ညီညွတ်စွာ ကြိုးပမ်းနိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာ သမိုင်းသစ်မော်ကွန်းရေးထိုးဖို့ အချိန်ကျပြီ။ ကျနော်တို့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းကစပြီး ပဒေသရာဇ်ခေတ်ကတည်းကစပြီးတော့ အာဏာရှင်နည်း အမျိုးမျိုးနဲ့ ကျွန်ပြုစိုးမိုးချယ်ချင်ခဲ့တဲ့ စနစ်ဆိုးကြီးကို နိဋ္ဌိတံ အဆုံးသတ်ပြီးတော့ ပတ်ဝန်းကျင်က တိုးတက်ဖွံ့ဖြိုး တည်ငြိမ်သာယာနေတဲ့ နိုင်ငံတွေရဲ့ Diversity  မတူညီသော်လည်း၊ လူမျိုးဘာသာ ကွဲပြားသော်လည်း၊ တည်ငြိမ်အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ နိုင်ငံတော်သစ်တခုဖြစ်အောင်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က တိုင်းရင်းသားတွေ အများကြီးရှိတာကိုး၊ ကျနော်တို့လက်ထဲမှာ ထူထောင်နိုင်တဲ့အခြေအနေ ထူထောင်သင့်ပြီဆိုတဲ့ အချိန်ရောက်ပြီဆိုတာကို ပြောချင်တယ်။ ကျနော်တို့ အားလုံးလက်တွဲပြီး လုပ်မယ်ဆိုရင် ဥပမာပြောရရင် ကျနော့်မှာ လက် ၅ ချောင်းရှိတယ်ဗျာ။ လက်ညိုးတချောင်းထဲ ထိုးရင် ကျနော့်လက်ညှိုးနာမယ်။ လက်သန်းတချောင်းထဲထိုးရင် လက်သန်းကျိုးမယ်။ လက်အားလုံးစုပြီးတော့ ထိုးရင် ဘယ်ရန်သူမျိုးမဆို ချိုးဖျက်နိုင်တယ်။ အဲတော့ ကချင်၊ ကယား၊ ကရင်ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တော်လှန်ရေးခေါင်းဆောင်များ နောင်လာနောက်သားတွေ တော်လှန်ရေးအမွေမပေးပါနဲ့။ အခုချိန်မှာ အားလုံး ကျနော်တို့ တော်လှန်ရေးနိဂုံး ဖက်ဆစ်စနစ်ချေမှုန်းရေးကို ဝိုင်းပြီးရုန်းလိုက်ကြရင်၊ ကျနော်တို့ လပိုင်း အချိန်ပိုင်း အတောအတွင်းမှာ အောင်ပွဲဆင်နိုင်လိမ့်မယ်။ အားလုံးတက်ညီလက်ညီနဲ့ သန္ဓေမှန်သော တော်လှန်ရေး စစ်သည်ကောင်းတွေအဖြစ်၊ သမိုင်းကြောင်းကောင်းတွေကျန်ခဲ့အောင် ဝိုင်းကြိုးစားကြပါစို့လို့ တိုင်းရင်းသားလူငယ်အားလုံးကို ကျနော် ပန်ကြားချင်ပါတယ်။” 

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024