Home
မြန်မာသတင်း
ဒီးမော့ဆို ဒေါရောက်ခူစစ်ရှောင်စခန်းအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ
DVB
·
March 29, 2023

ကရင်နီ (ကယား) ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ပြည်သူခိုလှုံနေတဲ့ ကျေးရွာအနီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၂၈ ရက် ညနေ ၆ နာရီလောက်က လေကြောင်းနဲ့ ဗုံး ၂ လုံး ကြဲသွားခဲ့တာလို့ ကရင်နီပြည် ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“မနေ့ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီက ဗုံးသီးအကြီး ၂ လုံးနဲ့ လာပြီးတော့မှ ကြဲတယ်ပေါ့နော်။ အဲမှာ ဒေသခေါ် ဒေါရောက်ခူ စစ်ရှောင်စခန်းတခုရဲ့ အနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲတာပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိသွားတယ်။ ကျနော်တို့ အကြမ်းဖျင်းသိရတာကတော့ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီးတော့မှ  တယောက်ဆုံးတယ်လို့ ပြောလို့ရတယ်။”

အလားတူပဲ မနေ့ညပိုင်းမှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေရှိပေမဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။ အဆိုပါဗုံးကြဲခံရတဲ့ဘက်မှာလည်း ဖုန်းလိုင်းတွေ ထပ်မံဖြတ်တောက်ခံရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“သူတို့ ဒေါရောက်ခူဘက်က ဖုန်းလိုင်း ဖြတ်ထားတာလားမသိဘူး။ အခုထိ ဆက်သွယ်လို့မရဘူး” လို့ ဒီးမော့ဆိုမြို့နယ် လွီးကထိကျေးရွာနေထိုင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်မှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်း ဒေါရောက်ခူကျေးရွာမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရပြီး အရပ်သားနှစ်ဦးသေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာလည်း ဘောလခဲမြို့နယ် တနေရာမှာရှိတဲ့ သစ်လုပ်ငန်းလုပ်ကိုင်တဲ့ နေရာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာကြဲသွားပြီး အရပ်သား ၃ ဦး သေဆုံးသလို ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေပြီး မတ်လဆန်းပိုင်းကစလို့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဘက်မှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့  ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ထိုးစစ်ဆင်မှုနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံသောင်းချီ အနောက်ဘက်ခြမ်းကို ထပ်မံထွက်ပြေးနေရပြီး စားဝတ်နေရေးနဲ့ အမိုးအကာ အရေးပေါ်လိုအပ်မှုတွေ ရှိနေပါတယ်။

ကရင်နီပြည်မှာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းအထိ စစ်ရှောင် ၂ သိန်းလောက်ရှိပြီး အခုနောက်ပိုင်း ဖြစ်ပွားတဲ့ ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူ ၂ သိန်းခွဲခန့်အထိ တိုးလာတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ဒီ၂၀၂၃ အထူးသဖြင့် ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ စပြီးတော့ စစ်ရှောင်ဦးရေ တော်တော်တိုးလာပါတယ်။ တိုးတဲ့အကြောင်းအရင်းကတော့ စစ်မျက်နှာပြင်ကို စစ်ကောင်စီက ဖွင့်လိုက်တာပေါ့နော်။ ကျနော်တို့ ပင်လောင်းဘက်ကနေ မိုးဗြဲဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်တော့ လူအများကြီး သောင်းချီပြီး ထပ်ရွှေ့ရတယ်။ တချို့ကတော့ လွိုင်ကော်မြို့ထဲ ပြန်ရွှေ့တာရှိသလို တချို့ ပင်လောင်းမြို့ထဲ ပြန်ရွှေ့တာ ရှိတယ်ပေါ့နော်။ အခုချိန်ထိ လူက သောင်းဂဏန်းရှိနေတုန်းပဲ။ နောက် တခြားတနေရာကတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရော၊ လွိုင်ကော်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရော တိုက်ပွဲတွေဖြစ်တယ်။ စစ်ရှောင်တွေ တအားပြေးကြတယ်။ အဲတော့ ၂ သိန်းခွဲတော့ ကျနော်တို့ ခန့်မှန်းထားတာပေါ့နော်။”

ဒီလို ထပ်မံထွက်ပြေးတိမ်းရှောင်နေရဲ့ ပြည်သူတွေအတွက်ရော စစ်ရှောင်ဟောင်းတွေ အတွက်ပါ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ရေရှားပါးပြီး အခက်အခဲတွေရှိနေလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024