Home
မြန်မာသတင်း
မန္တလေး-ရန်ကုန် အမြန်လမ်းယာဥ်တိုက်မှု ၂ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရ၊ မြောက်ဥက္ကလာတွင် ယာဉ် ၁ စီး အုတ်နံရံဝင်တိုက်
lusane
·
March 23, 2023

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မန္တလေး-ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ် ၂၈၄/ ၁ ဖာလုံနဲ့ ၂ ဖာလုံကြားမှာ မတ်လ ၂၃ ရက် မနက် ၆ နာရီလောက်က လိုက်ထရပ်ကားက ကုန်တင်ကားကို ဝင်တိုက်ပြီး လူ ၂ ဦး သေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ကားက နေပြည်တော် မိုးညိုရွာကနေ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရော်ဘာခြစ်ဖို့ အလုပ်သမားတွေ တင်ဆောင်လာတာဖြစ်ပြီး အမြန်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ကားကို အနောက်ကနေ ဝင်တိုက်မိတာပါ။

အခုလို ယာဉ်တိုက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးသွားပြီး ကားပေါ်မှာပါတဲ့ ခရီးသည် ၂၀ ကျော်ထဲက အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံ ပရဟိတအသင်းက ပြောပါတယ်။

သေဆုံးသူတွေက ကားခေါင်းခန်းထဲမှာ လိုက်ပါလာသူတဦးနဲ့ နောက်တယောက်ကတော့ လမ်းပေါ်လွင့်ကျပြီး သေဆုံးသွားတာဖြစ်ကာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို မိတ္ထီလာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ စိန်ပန်းမြိုင် ယာဉ်ထိန်းရဲစခန်းအနီး၊ ကျောက်ရေတွင်းတံတားအဆင်းမှာ မတ်လ ၂၃ ရက် မနက်အစောပိုင်း ၂ နာရီ မိနစ် ၅၀ လောက်က မှန်လုံကားတစီး တံတားအုတ်နံရံကို တိုက်မိပြီး ယာဉ်မောင်း စိုးရိမ်ရဒဏ်ရာနဲ့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါကားဟာ CNG ဓာတ်ငွေ့ဖြည့်ဖို့ ဘုန်းကြီးလမ်းဘက်ကနေ မောင်းလာတာလို့ သိရပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းတဖက်ရှိ ကျောက်ရေတွင်းတံတားအဆင်း အုတ်နံရံကို ဝင်တိုက်မိတာပါ။

မြို့ခံလူမှုကူညီရေးအသင်းက “မနက် ၂ နာရီ ၅၀ လောက်ကတည်းက သတင်းဝင်လာတာပါ။ တံတားအဆင်း မှန်လုံယာဉ်တိုက်မှု၊ အနီရောင်အဆင့် ၁ ဦး၊ အစိမ်းရောင် ၂ ဦးလို့ သိရတယ်။ ယာဉ်မောင်းက ခြေသလုံးနဲ့ ဒူးခွက်က အရိုးထွက်နေပြီ၊ လက်နဲ့ ခေါင်းလည်း ထိထားတယ်။ အစိမ်းရောင် ၂ ဦးက ခေါင်းထိခိုက် ပွန်းပဲ့ရုံပါပဲ၊ မေဓာဝီပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားညာဘက်ခေါင်းခြမ်း ပျက်စီးသွားတဲ့အပြင် ခေါင်းခန်းထဲညပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားရဲ့ ညာဘက်ဒူးခေါင်းကျိုး၊ အရိုးထွက်ဒဏ်ရာ၊ ပေါင်ပေါက်ပြဲ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကားပေါ်ပါ အမျိုးသား ၂ ဦးက ခေါင်းထိခိုက်ဒဏ်ရာတွေနဲ့ မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီယာဉ်တိုက်မှုဖြစ်စဉ်ကို မြောက်ဥက္ကလာပနဲ့ မရမ်းကုန်းမြို့နယ်တို့က လူမှုကယ်ဆယ်ရေး အသင်းတွေနဲ့ မြန်မာမီးသတ်ဌာနချုပ်က ကူညီကယ်ဆယ်ခဲ့တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း တံတားပေါ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024