DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ရေအားလျှပ်စစ်စီမံကိန်းများ၌ ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားကုမ္ပဏီများ တာဝန်သိစွာ ရပ်ဆိုင်းထားစေလို
DVB
·
March 21, 2023
မြန်မာပြည်တွင်း ရေအားလျှပ်စစ်စီမံကိန်းများ၌ ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားကုမ္ပဏီများ တာဝန်သိစွာ ရပ်ဆိုင်းထားစေလို
Donate to DVB

အကြမ်းဖက် စစ်အုပ်စုက ဘေးအန္တရာယ်ရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် ဥရောပအခြေစိုက် အင်ဂျင်နီယာကော်ပိုရေးရှင်း နှစ်ခုကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ပေးချေထားတာတွေ့ရတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ ဆွီဒင် အခြေစိုက် အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ AFRY AB ရဲ့ ဆွဇ်ကုမ္ပဏီခွဲဟာ မြန်မာနိုင်ငံက အထက်ရဲရွာနဲ့ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် ဝန်ဆောင်ခအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၈ သန်း ရရှိခဲ့ပါတယ်။

အလားတူ သြစတြီးယား အခြေစိုက် ILF Group ရဲ့ မြန်မာကုမ္ပဏီခွဲကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် စစ်အုပ်စုဆီက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ရရှိထားပြီး အဆိုပါ ကုမ္ပဏီခွဲဟာ မြန်မာနိုင်ငံက သူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။

အမေရိကန်ဒေါ်လာ သန်းနဲ့ချီတဲ့ ကုန်ကျစရိတ်တွေကိုတော့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ဦးစီးဌာန တခုက ပေးချေခဲ့တာပါ။ ဥရောပ အခြေစိုက် အဆိုပါကုမ္ပဏီ နှစ်ခုဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်း ကြိုးပမ်းမှု မတိုင်မီ ၂၀၂၀ ပြည့်နှစ်က အန်အယ်လ်ဒီအစိုးရက ပေးအပ်ခဲ့တဲ့ တင်ဒါနဲ့ စစ်အုပ်စုကို အကြံပေး လုပ်ကိုင်နေတာ ဖြစ်တယ်လို့ Justice For Myanmar ထောက်ပြထားပါတယ်။

ဆွီဒင် အခြေစိုက် AFRY ကုမ္ပဏီ အပါအဝင် တခြားကုမ္ပဏီတွေ အားလုံးဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အချိန်အထိ မြန်မာနိုင်ငံအတွင်းက တခြားကျန်ရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန်သိစွာနဲ့ ရပ်ဆိုင်းထားဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ အဆိုပါကုမ္ပဏီ အားလုံးဟာ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေနဲ့  ပတ်သက်ပြီး လုပ်ဆောင်ထားတာတွေကို ထုတ်ပြန်ပေးဖို့၊ မြန်မာနိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းအတွက် အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း ကျိုးကြောင်းလျှော်ကန်မှု ရှိကြောင်းကို သက်သေပြဖို့၊ စီးပွားရေး နဲ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့လမ်းညွှန် အခြေခံမူတွေ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေ အတွက်လည်း OECD ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ပြန်လည်ကုစားဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

ဒါပေမဲ့ စစ်အုပ်စု ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့် တွေကို ဖိနှိပ်ဖျက်ဆီးနေတဲ့ တချိန်တည်းမှာပဲ ရေကာတာတွေကို တည်ဆောက်နေပြီး အထက်ရဲရွာ ရေလှောင်တမံဟာ မြစ်ငယ်မြစ်လို့ သိကြတဲ့ နမ္မတူ မြစ်ပေါ်မှာ တည်ဆောက် ထားကာ ၂၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ရေအား လျှပ်စစ်စီမံကိန်းတခု ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အရင် စစ်အာဏာ ရှင်လက်ထက် ၂၀၀၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ စီမံကိန်းပါ။ ဒါကြောင့်ပဲ ဒီစီမံကိန်းဟာ လူမှုဝန်းကျင်နဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုး သက်ရောက်မှုတွေ အပြင် ပွင့်လင်းမြင်သာမှု မရှိတာ၊ ဘိုးဘွားပိုင်မြေယာတွေအပေါ် ခြိမ်းခြောက်မှုနဲ့ ပဋိပက္ခတွေ တိုးပွားလာနိုင်တာကြောင့် ဒေသခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

အထက်ရဲရွာစီမံကိန်းအနီးမှာ တရားလက် လွတ်သတ်ဖြတ်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ၂၀၂၀ ပြည့်နှစ်မှာ မှတ်တမ်းတင်ခဲ့တာ ရှိပါတယ်။

ဒါကြောင့်ပဲ ရေကာတာစီမံကိန်းကနေ နုတ်ထွက်ဖို့နဲ့ ဆက်လုပ်မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာကြံရာပါ ပတ်သတ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း နိုင်ငံခြားကုမ္ပဏီတွေကို အဆိုပါအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ဒေသတွင်းကွန်ရက် တခု ဖြစ်တဲ့ နမ္မတူ မြစ် ကာကွယ်သူများအဖွဲ့ ကလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ရေလှောင်တမံအနီးက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ လူပေါင်း ၄၀၀၀၀ ကျော်ဟာ ရေလွှမ်းမှု ဒဏ်ကို ခံရနိုင်ကြောင်း သတိပေးခဲ့တာ ရှိပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ ဆိုးရွားတဲ့ အန္တရာယ်တွေကို မမှုဘဲ အထက်ရဲရွာ ရေကာတာ စီမံကိန်းကို သတ္တိရှိရှိ ကန့်ကွက်ခဲ့ ကြတဲ့အပြင် အဲ့ဒီ့စီမံကိန်းထဲက အလုပ်သမား တစုကလည်း စစ်အုပ်စု ကို ဆန့်ကျင်တဲ့ လူထုအာဏာ ဖီဆန်ရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ခဲ့ ကြပါတယ်။

အလယ်ပေါင်းလောင်းရေလှောင်တမံဟာ နေပြည်တော်အနီး ပေါင်းလောင်းမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ၁၅၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ရေလှောင်တမံ စီမံကိန်းအတွက် ဒေသခံရွာသွားတွေကို အဓမ္မရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါစီမံကိန်းတွေအတွက် အတိုင်ပင်ခံ ဆောင်ရွက်ပေးနေတဲ့ ဥရောပအခြေစ်ိုက် AFRY နဲ့ ILF Group ကုမ္ပဏီတွေဆီ Justice For Myanmar က ဆက်သွယ်မေးမြန်းခဲ့ရာ AFRY ကုမ္ပဏီက  အသေးစိတ် ပြန်ဖြေကြားမှု မရှိခဲ့ပေမယ့် သူတို့လုပ်ငန်းတွေ မြန်မာနိုင်ငံက စီမံကိန်းတွေထဲမှာ ရှိတယ်ဆိုတဲ့ အချက်ကိုတော့ အတည်ပြု ပေးခဲ့ပါတယ်။ 

အလားတူ ILF Group ကုမ္ပဏီကလည်း သူတို့ရဲ့လုပ်ငန်းတွေကို ဆက်မလုပ်တာ ကာလ တခု ရှိပြီ ဖြစ်ကြောင်းနဲ့ လတ်တလောမှာ ဆည်ရေပိုလွှဲလုပ်ငန်းအတွက် ရေလှောင်တမံ ခိုင်ခံရေးနဲ့ မြေထိန်းနံရံ ခိုင်ခံရေးတို့ကို အဓိက ဆောင်ရွက်ခဲ့တယ် လို့ ဆိုပါတယ်။

လက်ရှိမှာတော့  ဥရောပအခြေစိုက် အဆိုပါကုမ္ပဏီ နှစ်ခုစလုံးဟာ စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှာ မှတ်ပုံတင်ထားဆဲ ရှိပါတယ်။

ရေကာတာစီမံကိန်းတွေကို ရပ်ပြီး သံလွင်မြစ်ကြီး လွတ်လပ်စွာ ဆက်လက်စီးဆင်း ရေရှည်တည်တံ့ရေးအတွက်  ကာကွယ်ပေးဖို့ ထိုင်း-မြန်မာနယ်စပ်မှာ  ဌာနေ တိုင်းရင်းသားတွေက  မတ် ၁၄ ရက် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြစ်ချောင်းအင်းအိုင် သဘာဝပတ်ဝန်းကျင်တွေအတွက် ပိုပြီးစိုးရိမ်ဖွယ်ရာဖြစ်လာတယ်လို့ ရှမ်းပြည်မြစ်ချောင်းများ ကွန်ရက်အဖွဲ့ကလည်း ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013