
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၃ လမ်း၊ ၃၄၃၅ လမ်းကြားရှိ တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာရုံးမှာ မတ် ၂၀ ရက် ဒီမနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဒုဦးစီးမှူးနဲ့ တခြားဝန်ထမ်းသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဌာနဆိုင်ရာက သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီက တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာရုံးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ဒုဦးစီးမှူး၊ အကြီးတန်းစာရေးနဲ့ အငယ်တန်းစာရေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရုံးထဲဝင်ပြီး လူတစ်ယောက် ဗုံးနဲ့ပစ်သွားတာ။ အခုထိတဲ့သူတွေက စစ်တပ်က သင်ပေးထားတဲ့အတိုင်း ဗုံးလာပစ်တဲ့သူကို ဖမ်းဖို့လုပ်သေးတယ်။ မမိဘူး”လို့ ပြောပါတယ်။
တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနရုံးကို ဝင်လာသူ အမျိုးသားတစ်ဦးကို ဒုဦးစီးမှူးနဲ့ အကြီးတန်းစာရေးက မသင်္ကာလို့ ဖမ်းဆီးဖို့လုပ်ရာ ဗုံးနဲ့ပစ်ခဲ့လို့ လေးဦးထိခိုက်ဒဏ်ရာရရှိ ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“စစ်တပ်က သင်ပေးတဲ့အတိုင်း သွားဖမ်းရအောင် ပူဖောင်းတွေ ကိုင်လာတဲ့သူမှ မဟုတ်တာ။ သေတော့မသေဘူး။ စိုးရိမ်ရတယ်။”
ဗုံးပေါက်ကွဲမှုကြောင့် ဒု-ဦးစီးမှုးဦးလွှမ်းမိုး၊ အကြီးတန်းစာရေးဦးဇော်မြင့်၊ အငယ်တန်းစာရေး မသူသူအောင်နဲ့ ဒေါ်လှစံပယ်ကျော်တို့ လေးဦး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်နဲ့ ရဲတွေက တိုင်းပို့ဆောင်ရေးစီမံကိန်းဦးစီးဌာရုံးမှာ တပ်စွဲထားပြီး အောင်နန်းရိပ်သာအရှေ့ရပ်ကွက်အတွင်းရှိ လမ်းဆုံတွေမှာ စစ်ဆေးနေပါတယ်။