
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ၆ ရပ်ကွက်၊ နှစ်ထောင်တန် ၂ လမ်းထိပ်မှာ မတ်လ ၁၆ ရက် ည ၈ နာရီခွဲလောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် နှစ်ထပ်အိမ်တလုံး၊ တထပ်အိမ်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။
မီးလောင်ကျွမ်းမှု စတင်ခဲ့တဲ့ အိမ်တွေဟာ တခြံတည်းမှာဖြစ်ပြီး မီးသတ်ဌာနကို မီးလောင်မှု များပြားလာမှ အကြောင်းကြားတာကြောင့် ၂ အိမ်စလုံး မီးလောင်ပြာကျခဲ့တာပါ။
လောင်ကျွမ်းမှုကြောင့် ၄၅ × ၃၀ ပေ အကျယ်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အဆောက်အဦတလုံးနဲ့ ဘေးချင်းကပ်ရှိ ၁၈ × ၃၀ ပေ အကျယ်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တထပ်အဆောက်အဦတလုံးတို့ မီးလောင်ဆုံးရှုံးပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
“ညက နှစ်ထောင်တန် ၂ လမ်းထိပ်လေးမှာပေါ့။ ည ၈ ခွဲလောက် ပျဉ်ထောင်နှစ်ထပ်တလုံး မီးလောင်တယ်လို့ သတင်းရပါတယ်။ မြို့နယ်က မီးသတ်ယာဉ်အုပ်စုနဲ့အတူ အသင်းက ရေသယ်ယာဉ်တွေနဲ့ ထွက်ခွာ မီးငြှိမ်းခဲ့ပါတယ်။ တခြံထဲက နှစ်အိမ်စလုံးလောင်တာ၊ အိမ်က ကပ်ရက်ကလေးတွေ ဖြစ်နေတာ။ ထိခိုက်သူတော့ မရှိပါဘူး” လို့ ပုသိမ်အခြေစိုက် လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။
မီးဘယ်ကစတင်လောင်ကျွမ်းသလဲနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပုသိမ်မီးသတ်ဌာနက တွက်ချက်နေတယ်လို့ သိရပြီး ပုသိမ်နယ်မြေရှိ မီးသတ်ရေယာဉ် ၁၈ စီး၊ ရေသယ်ယာဉ် ၈ စီးနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၇၅ ဦး၊ အရန်တပ်ဖွဲ့ဝင် အယောက် ၄၀ တို့နဲ့ မီးငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင်သွားပြီး ည ၉ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။