DVB Logo
Home
မြန်မာသတင်း
NUG ယာယီသမ္မတနှင့် အီးယူအထူးကိုယ်စားလှယ် ဆွေးနွေး၊ မြန်မာစစ်ဘေးသင့်ပြည်သူများကို ကူညီမည်ဟုပြော
DVB
·
March 10, 2023
NUG ယာယီသမ္မတနှင့် အီးယူအထူးကိုယ်စားလှယ် ဆွေးနွေး၊ မြန်မာစစ်ဘေးသင့်ပြည်သူများကို ကူညီမည်ဟုပြော
Donate to DVB

မြန်မာစစ်ဘေးသင့်ပြည်သူတွေဘက်က ရပ်တည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ဥရောပသမဂ္ဂ မြန်မာအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း(စ်) တို့ မတ်လ ၉ ရက်က အချိန် ၁ နာရီခွဲကြာ အွန်လိုင်းကနေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး၊ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူဒဏ်ခတ်နိုင်ရေး စတဲ့အချက်တွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း(စ်) ဟာ အရှေ့တောင်အာရှဒေသတွင်း အာဆီယံ အထူးသံတမန်အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပြီး အာဆီယံလမ်းကြောင်းကနေ မြန်မာပြည်အရေးကို ဖိအားပေးနိုင်သူလည်း ဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာပြည်တဝန်းလုံးမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာတိုင်းရင်းသားပြည်သူလူထုတွေ ဘယ်လိုနည်းတွေနဲ့ ကူညီရမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးတွဲဆောင်ရွက်ပြီးတော့ ထိထိရောက်ရောက်နဲ့ ပြည်သူလူထုကို ကူညီပေးနိုင်ဖို့ အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့က မြန်မာလူထုဘက်ကနေ ရပ်တည်ပြီးတော့ မြန်မာပြည်သူလူထုအတွက်ကို အတတ်နိုင်ဆုံး ကူညီပေးသွားမယ်ဆိုတာ အထူးကိုယ်စားလှယ်က ထပ်လောင်း ပြောကြားသွားပါတယ်။ မြန်မာပြည်သူလူထုကို ကူညီဖို့ နည်းလမ်းတွေ ရှာဖွေပြီးတော့ ကူညီဖို့ ဆက်လက်ကြိုးစား လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်ပြီးတော့ မတရား အာဏာသိမ်းပြီးတော့ အုပ်ချုပ်ဖို့ကြိုးစားနေတာ၊ သူတို့ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းက ရပ်ဖို့နဲ့ ဒီလိုကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့အတွက်လည်း ဘယ်လိုလုပ်ကိုင်ဆောင်ရွက်မလဲ ဆိုတာလည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

ဥရောပသမဂ္ဂ၊ အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံတွေက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပေါ်ပေါ်တင်တင် ဆက်ဆံမှုတွေ ပြုလုပ်လာတာဟာ အလားအလာကောင်းတွေဖြစ်ပေမဲ့ မြေပြင်မှာဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ရေးက လတ်တလောမှာ အရေးအပါဆုံးဖြစ်နေတယ်လို့ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။ အင်အားကြီးနိုင်ငံတွေက နွေဦးတော်လှန်ရေးကို ပံ့ပိုးဖို့လိုအပ်သလို ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီမှ ဒေါ်သဥ္ဇာရွှန်းလဲ့ရည်က “ကျမတို့ရဲ့ အနီးကပ်ဆုံးသော အိမ်နီးချင်းနိုင်ငံတွေရဲ့ စဉ်းစားချက်တွေကိုလည်း ကျမတို့ အမြဲတမ်း မျက်ခြည်မပြတ်ဖို့လည်း လိုတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးဘာဖြစ်နေသလဲ၊ အိန္ဒိယနိုင်ငံမှာ ဘယ်လိုအခြေအနေရှိတယ်၊ ကျမတို့သိရဲ့လား၊ ကျမတို့ပြည်သူတွေက အဲ့ဒါကို လေ့လာဖို့လိုသလို သူတို့ပြည်သူတွေနဲ့ ကျမတို့က ထိစပ်ဆောင်ရွက်ရမယ်၊ ပံ့ပိုးရမယ်၊ သူတို့တွေဘက်ကလည်း ရပ်တည်ပေးရမယ်။ အဲ့ဒီလိုနည်းနဲ့ သူတို့ကလည်း ကျမတို့ဘက်က ရပ်တည်လာမယ်။ ဒီလိုနည်းနဲ့သာလျှင် နယ်စပ်စည်းအခြေအနေတွေကို ပိုပြီးတော့ အားကောင်းအောင်၊ အထူးသဖြင့် ဒုက္ခသည်တွေက နယ်စပ်တွေသွားနေရတဲ့အခါကျတော့ အဲဒီအပိုင်းတွေမှာ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်လာနိုင်မယ်ပေါ့နော်” လို့ ပြောပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့မှ ဦးသက်ဆွေဝင်းကလည်း “နိုင်ငံတကာအစိုးရတွေက ဘာကြောင့်မို့ အရေးယူဖို့ နှောင့်နှေးနေရတာလဲ ဆိုတာတွေကို ကျနော့်အနေနဲ့ဆိုရင် ပထဝီနိုင်ငံရေးကြောင့် ဖြစ်မယ်ထင်တယ်။ တရုတ်နဲ့ အိန္ဒိယရဲ့ ပါဝါချိန်ခွင်လျှာကိုလည်း သူတို့ ပြန်ကြည့်ကြပုံရတယ်။ ခါးသီးတဲ့အမှန်တရားပေါ့၊ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ ကျနော်တို့တွေ ဆက်တိုက်တောင်းဆိုနေကြတဲ့ လေယာဉ်မပျံသန်းရဇုန်တို့၊ လေယာဉ်ဆီပိတ်ဆို့ရေးတို့၊ လက်နက်ပိတ်ဆို့ရေးတို့ စတဲ့ဟာတွေကတော့ ဖြစ်လာဖို့အတွက် အလားအလာမရှိသလို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် ထောက်ပံ့မှုတွေ ထိထိရောက်ရောက် ရောက်လာဖို့အတွက် အလားအလာမရှိဘူး ဆိုတာကတော့ ခန့်မှန်းခံစားလို့ရပါတယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ လိုအပ်ချက်၊ နိုင်ငံတကာ အစိုးရတွေရဲ့ ရှက်စရာကောင်းတဲ့ ကိစ္စတခုဖြစ်တယ်လို့ပဲမြင်တယ်” လို့ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို အရေးယူပိတ်ဆို့မှု ၆ ကြိမ်အထိ ပြုလုပ်ထားပြီး မြန်မာ့အရေးအတွက် ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ရေးကို အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်နိုင်သေးဘဲ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013