
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ် ၂ ရက်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၅ စီးကို မနေ့မနက် ၁၁ နာရီခွဲလောက်မှာ ပခုက္ကူမြို့နယ် ကံမမြို့နဲ့ ကံတော်ရွာကြားမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ကန်တော်ကျေးရွာအရောက်မှာ နောက်ထပ်တကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဖောကားတစီး ထိုးရပ်သွားပြီး စစ်ကောင်စီတပ်သား ၂ ယောက်ကတော့ ကားနောက်ဖျားကနေ ကားခေါင်းအထိ လွင့်ထွက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီယာဥ်တန်းကို ကင်းပုန်းဝပ်ပြီး လမ်းဘေးဝဲယာကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို တင်လာတဲ့ အံစာတုံးကားတစီးကို မွန်းလွဲ ၂ နာရီခွဲလောက်က ညောင်ဂျစ်ရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီစစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးယူပေးတဲ့ စစ်သားနဲ့ ပျူတွေရဲ့ကားတွေကို မိုင်းပွိုင့် ၃ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စုစုပေါင်း စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ သေဆုံးသူရှိ မရှိကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း-၁၊ Black Cobra တပ်ဖွဲ့နဲ့ သူရိန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နားမှာ မတ်လ ၂ ရက် ညပိုင်းက ၁၀ တန်းမေးခွန်း သယ်လာတဲ့ စစ်ကောင်စီကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ ၂ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့ကနေ ၁၀ တန်းစာမေးပွဲ မေးခွန်းထုတ်ပြီး ရေစကြိုမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ၃ စီးကို မနေ့ မတ်လ ၂ ရက် ည ၇ နာရီလောက်က မြို့ပြင်က ဘက်စုံကွေ့နားမှာ မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရှေ့ဆုံးကား ၂ စီး နေရာမှာတင် ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သွားကာ သေဆုံးသူရှိမရှိကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် အချင်းချင်း စကားများပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ စုံစမ်းသိရကြောင်း ရဲဘော်ဝေကြီးက ဆိုပါတယ်။
“မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းကလည်း ပခန်းငယ်ရဲစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင်၊ အမှတ်-၁၀ တပ်ရင်း တပ်ခွဲ-၃ Phoenix-ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။