
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၇၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၉၆၉ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော် ပြပါ တယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၁၀၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၄,၇၂၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက်အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို အင်အား ၈၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ် ၂ လုံးကို မီးရှို့ခဲ့ရာ နေ အိမ်ထဲမှာ ရှိနေတဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှမှာ ထွက်မပြေးနိုင်တာကြောင့် မီးလောင် သေဆုံးသွားခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့စစ်ခုံရုံးကနေ အင်းတော်မြို့နယ်၊ ကမ်းနီကျေးရွာမှာ နေထိုင်သူ ကိုမင်းမင်းဦး (ခ) လမင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုမင်းမင်းဦး (ခ) လမင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရပြီး အင်းတော်မြို့ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါ ရီ ၈ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။