ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ပဲခူးလမ်းမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် တဦးကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့ မနက် ၄ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖြူး ပ.က.ဖ တာဝန်ခံ ဗိုလ်ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်ကို မျိုးဇော်ဦးကို ပေါက်ဇလုပ်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုတော်စပ်သူ ခိုင်စိုးရဲ့နေအိမ်မှာ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“သူက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အကျိုးတူပူးပေါင်းပြီး ၁ လုံး၊ ၂ လုံး၊ ၃ လုံး လောင်းကစားဒိုင်ချုပ်အဖြစ် လုပ်ကိုင်ကာ စစ်အုပ်စုတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သွားရောက်ရှင်းလင်းခဲ့တာ”လို့ ဗိုလ်ထိန်လင်းက ပြောပါတယ်။
ဖြူးမြို့နယ် ပ.က.ဖ အနေနဲ့ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒလန်တွေနဲ့ လောင်းကစားသမားတွေကို ကြေညာချက် ထုတ်ပြန်ထားတဲ့အတိုင်း လုံးဝသက်ညှာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဖြူးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းကလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖြူးပ.က.ဖ က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Non CDM ဘဏ်ဝန်ထမ်းတယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။