Home
မေးမြန်းခန်း
“လူထုပါဝင်တဲ့ ဒီတော်လှန်ရေး မုချအောင်မြင်မယ်” ယာယီသမ္မတ ဒူဝါလရှီးလနှင့် DVB မေးမြန်းချက်
သန်းဝင်းထွဋ်
·
December 29, 2022

ပြည်သူလူထုပါဝင်တဲ့တော်လှန်ရေးက ဘယ်တော့မှ အရှုံးမရှိဘဲ မုချအောင်မြင်မယ်၊ စစ်ကောင်စီကို လုံးဝဖယ်ရှားပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အောင်ကိုအောင်မြင်မယ်လို့ ယုံကြည်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့တာဖြစ်ပြီး အရေးအကြီးဆုံးကတော့ တိုင်းရင်းသားအားလုံး၊ ပြည်သူလူထုအားလုံး ညီညီညွတ်ညွတ်နဲ့ ဒီတော်လှန်ရေးကို‌ အောင်မြင်အောင် ပါဝင်ဖို့လိုတယ်လို့လည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။

(မေးမြန်းချက်အပြည့်အစုံ)

မေး။ ပြီးခဲ့တဲ့ ၂ နှစ်နီးပါး ကာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကြိုးစားအားထုတ်တာတွေ သမ္မတကြီးအနေနဲ့ အရေးကြီးဆုံးလို့ထင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်နိုင်ချက်တချို့ကို ပြောပြပေးပါခင်ဗျာ။

ဖြေ။ “ဟုတ်ကဲ့၊ ကျနော်တို့ တော်လှန်ရေးစလာတဲ့အချိန်ကနေ ကျနော်တို့ အင်မတန်အရေးကြီးတာ  ၂ ချက်ဖြစ်ပါတယ်။ တခုကတော့ နယ်မြေစိုးမိုးရေးပေါ့၊ တနည်းအားဖြင့် စစ်ကောင်စီကို ကျနော်တို့ ဖယ်ရှားရေးဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီကို ဖယ်ရှားမှုမှာ အန်ယူဂျီအစိုးရအနေနဲ့ တပြည်လုံးအတိုင်းအတာနဲ့ ပါဝင်ဖို့ဖြစ်တယ်။ အဲဒီမှာ အရေးကြီးဆုံးကတော့ EROs ခေါ်တဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ တက်ညီလက်ညီ စစ်ကောင်စီကိုဖြုတ်ချဖို့ လုပ်ဆောင်ရခြင်းက အင်မတန် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

အဲဒီလုပ်ဆောင်ချက်က အခု တော်တော်ကို အောင်မြင်နေပြီ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရဲ့ ထက်ဝက်ကျော်ကို အန်ယူဂျီနဲ့ EROs တွေက စိုးမိုးထားပြီး ချုပ်ကိုင်ထားနိုင်ပြီဖြစ်ပါတယ်။ နောက်တချက် ပြည်ပအနေနဲ့ကတော့ ကျနော်တို့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုဖြစ်ပါတယ်။ အဲဒါကလည်း တော်တော်ကိုအောင်မြင်နေပြီလို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပထမဦးဆုံး ဆုံးဖြတ်ချက် Resolution ကို ချမှတ်အတည်ပြုပြီး ဖြစ်ပါတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ အောင်မြင်လာတဲ့အခြေအနေ၊ တိုးတက်လာတဲ့ အခြေအနေလို့ ပြောရမှာဖြစ်ပါတယ်။ နောက်တခု အာဆီယံနိုင်ငံတွေမှာလည်း ကျနော်တို့ ထောက်ခံမှုကို တော်တော်ရနေပါပြီ။ EU နဲ့ US ကတော့ အစကတည်းနေ ကျနော်တို့ ကို တော်တော်များများ ကျနော်တို့ကို ထောက်ခံပေးတာ အခုချိန်ဆိုရင် ပိုမိုအားကောင်းတဲ့ ထောက်ခံလာတာတွေကို တွေ့ရပါတယ်။ နိုင်ငံတကာအနေနဲ့ စကစကို ဖယ်ကြဉ်ပြီးတော့ အန်ယူဂျီကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ဖို့လည်း သူတို့ တော်တော်များများ သဘောပေါက်နေပါပြီ။ ဒါကြောင့်မို့လို့ အန်ယူဂျီအစိုးရရဲ့ ကိုယ်စားလှယ်ရုံး တိုင်းပြည် ၈ ပြည်မှာ နိုင်ငံမှာ ကျနော်တို့ ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။ နောက်တချက်ကတော့ ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ် အနေနဲ့ ထပ်မံရွေးချယ်လိုက်တာကလည်း  တဖက်ကတော့ ကျနော်တို့ရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အောင်မြင်မှုလို့လည်း ကျနော်တို့ခံယူပါတယ်။ အထူးသဖြင့် ဒီကြားမှာ ထူးထူးခြားခြားကတော့ ကျနော်တို့ ဒီလောက်မြန်မယ်လို့မထင်ပါဘူး။ Burma Act တို့ NDAA အစိတ်အပိုင်းတွေနဲ့ချိတ်ပြီး US ကွန်ဂရက်ကနေ ကျနော်တို့ကို အတည်ပြုပေးလိုက်ခြင်းဟာ ကျနော်တို့အတွက် အင်မတန် အားရစရာကောင်းပါတယ်။ ကျနော်တို့တော်လှန်ရေးကို သူတို့ အရမ်းကို အားပေးနေတယ်လို့လည်း ကျနော်တို့ သဘောပေါက်ပါတယ်။ မကြာခင်လည်း သမ္မတကြီးက လက်မှတ်ရေးထိုး အတည်ပြုတော့မယ်လို့ ကျနော်တို့ကြားသိထားပါတယ်။ ဒါတွေက ကျနော်တို့ အောင်မြင်မှုဖြစ်ပါတယ်။”

မေး။ ကုလသမဂ္ဂက လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်၊ တိုက်တွန်းချက် အရေးကြီးဆုံး Resolution ချမှတ်တဲ့နေရာမှာ ရုရှားနဲ့ တရုတ်နဲ့ အိန္ဒိယက မဲမပေးဘဲ လက်ရှောင်သွားတာ သိရပါတယ်။ ကုလသမဂ္ဂရဲ့ နှစ်ပေါင်းများစွာထဲမှာ ပထမ မြန်မာနိုင်ငံအတွက် Resolution ချမှတ်တဲ့နေရာမှာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ ပြီးတော့ အဖမ်းအဆီးခံထားရသူတွေ လွတ်မြောက်ဖို့၊ လွှတ်ပေးဖို့ ပြီးတော့ ဒီ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ရယ်၊ ပြီးတော့ ကုလသမဂ္ဂကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရယ် ဒီလိုတောင်းဆိုထားတာ တွေ့ရပါတယ်။ ဒီလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ သမ္မတကြီး သေချာမှတ်ချက်ပေးစရာများ ရှိပါသလား။

ဖြေ။ “ကျနော်တို့ တကယ်ပြောရမယ်ဆိုရင် ဒီထက်မက ပိုပြီး တိတိကျကျ လုပ်ဆောင်ဖို့တော့ လိုချင်တယ်။ ဒါပေမဲ့ လောလောဆယ် ဒီလိုမျိုး Resolution ဆုံးဖြတ်နိုင်တာက တိုးတက်မှုရှိတယ်လို့ ကျနော့်အနေနဲ့ ခံယူပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့အခက်အခဲတွေ၊ ဥပမာ Special Envoy ကို စစ်ကောင်စီက လက်မခံဘူး၊ မြန်မာပြည်ဝင်ခွင့်မပေးဘူးသေးဆိုတဲ့ အနေအထားတွေကိုတော့ ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်။ နောက်တခါ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လိုက်နာဖို့ဆိုတဲ့နေရာမှာ လုပ်စရာတွေ အများကြီး ဖြစ်လာပါတယ်။ အဲဒါတွေကို အပြည်ပြည်ဆိုင်ရာရော၊ ကုလသမဂ္ဂကရော ဝိုင်းပြီးတော့ ဖိအားပေးမယ်ဆိုရင် အကျိုးဖြစ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့လည်း အမြဲတမ်း ပြောပါတယ်၊ အာဆီယံတခုတည်းတင်မကဘူး၊ နိုင်ငံတကာကနေ မြန်မာနိုင်ငံအရေးကို အဖြေရအောင် ဝိုင်းဝန်းလုပ်ဆောင် ပံ့ပိုးပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။”

မေး။ တချိန်တည်းမှာပဲ ကျနော်တို့ စစ်ဘေးရှောင်ပြည်သူလူထုတွေ တိုးပွားလာနေတယ်။ ပြီးတော့ စစ်ကောင်စီဘက်က စစ်မျက်နှာတိုးချဲ့တာတွလည်း ကျနော်တို့တွေ့နေရတယ်။ တချိန်တည်းမှာ အန်ယူဂျီဘက်ကနေပြီးတော့လည်း ဒီ ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဆိုပြီးတော့ ကြေညာထားတာလည်း ရှိပါတယ်။ အဲဒီတော့ ဘယ်လိုအဆုံးသတ်တိုက်ပွဲ အဆုံးအဖြတ်နှစ်ဆိုတဲ့နေရာမှာ စစ်ဗျူဟာ၊ စစ်မြေပြင်အနေအထားအရ ပြောက်ကျားစစ်၊ သမားရိုးကျထိုးစစ် အခြေအနေတွေက ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းရလဲခင်ဗျာ။

ဖြေ။ “ဟုတ်ကဲ့ ကျနော်တို့ကတော့ တထစ်ချခံယူချက်က စစ်ကောင်စီကို အောင်ကိုအောင်မြင်မယ်၊ စစ်ကောင်စီကို လုံးဝဖယ်ရှားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပြီး လုပ်ဆောင်တာလည်းဖြစ်ပါတယ်။ အဲဒီမှာ ပြည်သူလူထုတွေကလည်း အားလုံးပါဝင်နေကြတာဖြစ်ပါတယ်။ ကျနော်တို့ ကြေညာတုန်းကလည်း လှဲနေလှေအောင်း မြင်းဇောင်းမကျန် ဆိုတဲ့အတိုင်း အားလုံးပါဝင်လာပြီးတော့ ကျနော်တို့မှာ အင်အားက အင်မတန်ကောင်းပါတယ်။ ကျနော်တို့ ပြည်သူလူထုရဲ့ ပါဝင်နေတဲ့ တော်လှန်ရေးက ဘယ်တော့မှ ရှုံးတယ်ဆိုတာမရှိပါဘူး။ အောင်မြင်တာတွေချည်းပဲ။ လူထုပါဝင်တဲ့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မှာဖြစ်တယ်။ ဒါကို စစ်ကောင်စီက သူ့အနေနဲ့ လျှော့တွက်ထားရင်လည်း သူ့အပိုင်းပေါ့၊ ကျနော်တို့ဘက်တော့ သေချာပေါက်အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီ နွေဦးတော်လှန်ရေးမှာ အစပိုင်းက တချို့သုံးသပ်တယ်။ ၃ လအတွင်းမှာ စစ်ကောင်စီက နိုင်လိမ့်မယ်လို့၊ ဒီလိုသုံးသပ်ခဲ့ပေမဲ့ အခု တဖြည်းဖြည်း အရေးနိမ့်ပြီးတော့ သူတို့မှာ အင်အားလျော့လာပြီးတော့ စစ်သားစုဆောင်းလို့တောင် မရတဲ့ အခြေအနေ အနေအထား ဖြစ်သွားတဲ့အခါကျတော့ ကျွမ်းကျင်သူတွေက စစ်ကောင်စီက PDF တွေကို မနိုင်နိုင်တော့ဘူးဆိုတာ ပြန်သုံးသပ်လာတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နွေဦးတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မယ်။ ရှုံးမယ်ဆိုတာ ကျနော်တို့စိတ်ထဲမှာလည်း မထည့်ဘူး။ အဲဒီစကားက စိတ်မှာလည်းမထားဘူး။ ပြောလည်းမပြောဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

မေး။ လူထုအင်အားမကိုးစားရင် ဓားသွားလည်းကြွေ လှံလည်းခွေ ဆိုတဲ့စာတွေ ဖတ်ခဲ့ရပါတယ်။ လူထုမုန်းတီးတဲ့ စစ်ကောင်စီက လူထုအသေအပျောက်များအောင် လေကြောင်းကို အသာစီးယူပြီးတော့ အပြင်းအထန်တိုက်ခိုက်လာတဲ့ ပုံစံလည်း တွေ့ရပါတယ်။ ဒီပေါ်မှာရော ပြည်သူလူထု ခံစားနေရတဲ့ အခြေအနေကို သမ္မတကြီးတို့ ဘယ်လိုစဉ်းစားချက်ရှိပါလဲ။

ဖြေ။ “သူတို့က လက်နက်အားကိုးပဲ ဖြစ်ပါတယ်။ လက်နက်အားကိုးပြီး အားလုံးသိတဲ့အတိုင်းပဲ ရုရှားကမှာယူတဲ့ အင်မတန်ထိရောက်တဲ့ လေယာဉ်တွေနဲ့ ပြည်သူလူထုကို သူတို့က နှိပ်စက်နေတာရှိပါတယ်။ ပြည်သူလူထုကတော့ မကြောက်ပါဘူး။ ကျနော်တို့လည်း မကြောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ပစ္စည်းဖြစ်ပါတယ်။ အရေးကြီးဆုံးက လူဖြစ်ပါတယ်။ ကျနော်တို့မှာ လူတွေရဲ့စိတ်ဓာတ်က အင်မတန်ပြင်းပြပါတယ်။ ကျနော်တို့ရဲ့ စွန့်စားရဲတဲ့ စိတ်ဓာတ်တွေ စိတ်တွေရှိနေတာကိုက လုံးဝအောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဘယ်လိုမှ ကျနော်တို့ကို မနိုင်နိုင်ပါဘူး။ နောက်တချက်ကတော့ ကျနော်တို့ PDF တွေက EROs တွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတဲ့အတွက်ကြောင့် ကျနော်တို့မှာ နည်းပညာတွေလည်း တနေ့တခြား တိုးပွားလာပါတယ်။ ကျနော်တို့ကလည်း အငြိမ်မနေပါဘူး။ ဒါတွေကို ဆက်ပြီးတော့ လေ့လာပြီးတော့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ နေ့ ည ကျနော်တို့ စဉ်းစားနေတာဖြစ်ပါတယ်။ ဒီလေကြောင်းရန်ဆိုတာက အကန့်အသတ်ရှိပါတယ်။ ဘယ်လိုအကန့်အသတ်ရှိလဲဆိုရင် ဆီကုန်သွားရင် ဒါမှမဟုတ်ရင် ကျနော်တို့အနေနဲ့ သူ့ကို ပစ်ချနိုင်တဲ့ ယူကရိန်းကလိုဟာမျိုး ရလို့ရှိရင်တော့ သူသွားမယ့်နေ့ပဲ။ ဆိုတော့ ကျနော်တို့တော့ လုံးဝ ကြောက်စိတ်မရှိပါဘူး။ ကျနော်တို့ နိုင်ကို နိုင်မှာဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့လည်း သူတို့အသုံးပြုနေတဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို Sanction လုပ်ပြီးတော့ ဆက်ပြီး ပိတ်ဆို့ပေးစေချင်ပါတယ်။ ဒါက ကျနော်တို့ ပြည်သူလူထုကို လူသားချင်းအနေနဲ့ သနားညှာတာသောအားဖြင့် တကမ္ဘာလုံး ဝိုင်းဝန်းလုပ်ဆောင်စေချင်ပါတယ်။”

မေး။ စစ်ကောင်စီအတွက်က တရုတ်ဘက်က စစ်လေယာဉ်တွေ၊ ရုရှားဘက်က စစ်လက်နက်ပစ္စည်းတွေ ထုတ်ပြနေတယ်။ PDF တိုက်ပွဲဝင်ရဲဘော်တွေဘက်မှာကျတော့ လက်နက်အင်အား ဖြည့်တင်းမှုက ၁၅ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀ လောက်ပဲ NUG က တတ်နိုင်တယ်လို့ တွေ့ရတယ်။ တဖက်မှာကတော့ ရုရှား၊ တရုတ် ထောက်ပံ့မှုကို မတားဆီးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ တဖက်မှာကျတော့ Local တပ်ဖွဲ့တွေကို လက်နက်အင်အား ထောက်ပံ့နိုင်မှု အားနည်းနေသေးတဲ့အပေါ် ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်ရှိလဲ။

ဖြေ။ “အဓိကက လူ ဖြစ်တယ်လို့ ပြောပြီးပါပြီ။ ကျနော်တို့အနေနဲ့ လက်နက်တွေကိုလည်း အတတ်နိုင်ဆုံး ထောက်ပံ့နေပါတယ်။ လူရဲ့ဦးနှောက်က အကန့်အသတ်မရှိပါဘူး။ အထူးသဖြင့် ကျနော်တို့အနေနဲ့ အစိုးရအဖွဲ့မှာ ပါနေတဲ့ ဝန်ကြီးတွေ၊ တခြားပုဂ္ဂိုလ်တွေ၊ Generation Z တွေက အင်မတန် တီထွင်ဉာဏ်ကောင်းပါတယ်။ မရှိတာကို ရှိအောင် လုပ်နိုင်ခြင်းက တော်လှန်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အစကတည်းက ဇီးရိုးပါ။ အခုဆိုရင် ကျနော်တို့မှာ တကယ်တော့ အတော်အသင့် ကိုင်ဆောင်နိုင်အောင် လုပ်နိုင်နေပါပြီ။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ သူတို့ထက်စာရင်တော့ သူတို့က တသက်လုံး ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ထားတာတွေ အများကြီး ပုံနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က တဖြည်းဖြည်း ပိုပြီးအားကောင်းလာပါတယ်။ တချို့ဆိုရင် လက်နက်နဲ့ ကျနော်တို့ဘက်ကို ဝင်ရောက်လာတာ၊ အလင်းဝင်လာတာ၊ လက်နက်တွေလာပေးတာ စသဖြင့် ဖြစ်လာတဲ့အတွက်ကြောင့် အရင်ထက်စာရင် အများကြီး ကျနော်တို့ ကောင်းနေပါပြီ။ သူတို့ဘက်ကတော့ တဖြည်းဖြည်း ယုတ်လျော့နေပြီဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်မှာ ပြည်သူလူထုရဲ့အင်အားနဲ့ ကျနော်တို့ တကယ်ကိုနိုင်ပါတယ်ဆိုတာ သမိုင်းမှာ ကျနော်တို့တင်ခဲ့မှာ ဖြစ်ပါတယ်။ တော်လှန်ရေးအရှိန်အဟုန်ဟာ တဖြည်းဖြည်းနဲ့ များလာပြီ။ အခုဆိုရင် ကျနော်တို့ တခြား အရင်တုန်းက မပါတဲ့ တိုင်းရင်းသား မဟာမိတ်တွေလည်း ကျနော်တို့နဲ့ ချိတ်ဆက်လာတာတွေ ရှိလာပါတယ်။ ဒါကြောင့် သူတို့ကို သေချာပေါက် ရှင်းရှင်းလင်းလင်း ချေမှုန်းနိုင်မယ်ဆိုတာ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

မေး။ ဒါနဲ့တဆက်တည်းပြောနိုင်မယ်ဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ Local PDF အစုအဖွဲ့တွေရဲ့ စုဖွဲ့မှုအင်အား အခြေအနေရယ်၊ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေနဲ့ ပူးပေါင်းမှုအစုအဖွဲ့ အင်အားအခြေအနေများ ပြောပြလို့ရနိုင်မလား။

ဖြေ။ “ကျနော့်အနေနဲ့ ဒါကို တိတိကျကျတော့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ စစ်ရေးအရ ဖြစ်တဲ့အတွက်ကြောင့် လူထုကို ဗြောင်ပြောလို့မရပါဘူး။ ဘယ်တပ်မှာမှလည်း အဲဒါမျိုးမရှိပါဘူး။ ကျနော်တို့ ဒါကိုတော့ တိတိကျကျ ပြောလို့မရပါဘူး။ အင်အားကတော့ Equivalent (ညီမျှသောအရေအတွက်) ဖြစ်နေပါပြီ သူနဲ့။ ထပ်ပြီးတော့ ကျနော်တို့ ကျော်ဖို့ပဲရှိတယ်လို့ ပြောလို့ရပါတယ်။”

မေး။ ခုန သမ္မတကြီးပြောတာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေနဲ့ အင်အားစုဖွဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ တိုးတက်တဲ့အနေအထားတွေ ကြားခဲ့ရပါတယ်။ စစ်ကောင်စီဘက်ကလည်း အန်စီအေဖြစ်စဉ်နဲ့ ရွေးကောက်ပွဲ စည်းရုံးသိမ်းသွင်းတဲ့ အခြေအနေတွေ မြင်နေရပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဘက်နဲ့ရော တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့အခြေအနေ ဘယ်လောက်ထိ အားရစရာ အခြေအနေရှိလဲ။

ဖြေ။ “တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပါဝင်မှုဟာ နွေဦးတော်လှန်ရေးမှာ အင်မတန် အဓိကကျကြောင်း အစောတုန်းကလည်း ကျနော်ပြောခဲ့ပါတယ်။ ကျနော်တို့ဟာ Charter  (ပဋိညာဉ်) ထဲမှာလည်း အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ တကယ်တော့ ဒီ Charter ကလည်း တိုင်းရင်းသားအုပ်စုတွေကိုယ်တိုင် စပြီးရေးခဲ့တဲ့ Charter ဖြစ်ပါတယ်။ အင်မတန်မှကောင်းပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ တော်တော်များများ သဘောကျပြီး ပါဝင်လာခဲ့ကြပါတယ်။ ဒီ Charter ထဲမှာ အာမခံချက်တွေ ရှိပါတယ်။ တိုင်းရင်းသားအားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်မယ်၊ တန်းတူညီမျှ အခွင့်အရေးကို ရအောင်လုပ်ကြမယ်၊ လူမျိုးစုတွေတိုင်းမှာ အခွင့်အရေး သာတူညီမျှရှိအောင် လုပ်ဆောင်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို လက်တွေ့ကျကျ ချိတ်ဆက်ပြီး လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ သူတို့ သံသယမရှိဘဲနဲ့ ဝင်လာတာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း တိုင်းရင်းသားတယောက်ပါ။ ကျနော်တို့လည်း ယုံယုံကြည်ကြည်နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အင်မတန်မှကောင်းမွန်တဲ့ အာမခံချက် ရှိပါတယ်။ တချို့အနေနဲ့ကတော့ အထူးသဖြင့် အပိုင်း (၁) မူဝါဒပိုင်းမှာ အင်မတန်ကောင်းအောင် ရေးထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်း လမ်းပြမြေပုံ တကယ်လက်တွေ့ လုပ်ဆောင်တဲ့အပိုင်းကိုတော့ ထပ်ပြီးတော့ အားလုံး ပြည့်ပြည့်စုံစုံ ဆွေးနွေးပြီးတော့ အနာဂတ်မှာ အင်မတန်ငြိမ်းချမ်းတဲ့၊ တရားမျှတတဲ့ မြန်မာနိုင်ငံတော်သစ် တည်ဆောက်ဖို့ စီမံချက်တွေလည်း အများကြီးချထားပြီး ဖြစ်ပါတယ်။”

မေး။ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးမှာ ဒီမိုကရေစီလှုပ်ရှားမှု အစဉ်အဆက်မှာ အဝေးရောက် မြန်မာနိုင်ငံသားတွေရဲ့ စုဖွဲ့မှု၊ ထောက်ပံ့ ပံ့ပိုးမှုတွေ ထူးထူးခြားခြား တွေ့ရပါတယ်။ တော်လှန်ရေး ရန်ပုံငွေအနေနဲ့လည်း တော်တော်လေးထည့်ဝင်နေကြတာ တွေ့ရပါတယ်။ သို့သော် ရေရှည်အတွက်ကျတော့ ပြည်သူလူထုဘက်က တချို့တွေဆို တော်တော်လေး အားထည့်ပြီး ပင်ပန်းနေကြတာ တွေ့ရပါတယ်။ ရေရှည်တော်လှန်ရေးရန်ပုံငွေအတွက် Sustain ဖြစ်ဖို့အတွက် ဘယ်လိုများ စဉ်းစားထားပါသလဲ။

ဖြေ။ “ကျနော်တို့ တော်လှန်ရေးဟာ ပြည်သူလူထုအားလုံး ပါဝင်တယ်။ ပြည်တွင်းကသာမကပါဘူး ပြည်ပက မြန်မာနိုင်ငံသားတွေပါ အားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်လို့ သူတို့ကိုယ်တိုင်က အင်မတန်ကြိုးစားပြီး ထောက်ပံ့နေပါတယ်။ ရှင်းရှင်းပြောရင်တော့ ဒီအချိန်အထိ NUG အစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံသားတွေရဲ့ ထောက်ပံ့မှုနဲ့ပဲ ဒီတော်လှန်ရေးကို ဆက်သွားနေတာ ဖြစ်ပါတယ်။ ဘယ်တခြားနိုင်ငံတခုခုရဲ့ ဘဏ္ဍာငွေပံ့ပိုးမှုတွေ ကျနော်တို့မှာ သိပ်မရရှိသေးပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က အင်အားရှိတယ်ဆိုတာ ပြပါတယ်။ အခုက တော်လှန်ရေး နှစ်ကြာလာတော့ တချို့ ပင်ပန်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဆိုတာ ငြီးငွေ့လို့မရပါဘူး။ ကျနော်တို့ရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီကို လုံးဝဖယ်ရှားနိုင်ပြီးတဲ့အထိ သူတို့ ဆက်လက်လုပ်ဆောင်ဖို့ သူတို့ရဲ့စိတ်ထဲမှာ အကုန်လုံးရှိတယ်ဆိုတာ၊ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါတိုင်းမှာ တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ မပူပင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ ဘဏ္ဍာငွေဟာ ဘယ်ကလာလဲဆိုတော့ ပြည်သူလူထုရဲ့ နှလုံးသားဘဏ္ဍာထဲက ဖြစ်ပါတယ်။ သူတို့ ပံ့ပိုးချင်တဲ့စိတ်ကနေ ထွက်ပေါ်လာတာမို့ မကုန်ခန်းနိုင်ဘူး။ သူတို့က ယုံကြည်မှုအပြည့်အဝနဲ့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ နောက်တခုက ကျနော်တို့က စီမံဘဏ္ဍာရေးက ရှာဖွေပေးတဲ့ ဘဏ္ဍာငွေတွေ တော်တော်များများ တီထွင်ဆန်းသစ်ပြီးတော့ ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Early Partnership ဆိုတာ စနေပါပြီ။ အဲဒါကတော့ တကယ် ကြီးကြီးမားမား ဖြစ်လာမှာပါ။ EOD ဆိုတာ သူတို့မထင်တဲ့ အကွက်တွေနဲ့ ကစားသွားတာ ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုရှိနေသရွေ့ ရန်ပုံငွေကတော့ ရှိနေမှာပါ။ မကုန်ဆုံးနိုင်ပါဘူး။ သူတို့နှလုံးသားထဲက ထွက်လာတဲ့ ဘဏ္ဍာဖြစ်တဲ့အတွက် မကုန်ခန်းနိုင်ပါဘူး။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာတွေက ပညာရှင်တွေက ပြောပါတယ်။ ချီးကျူးပါတယ်။ နွေဦးတော်လှန်ရေးလိုမျိုး ဘဏ္ဍာငွေရှာဖွေနိုင်တဲ့ တော်လှန်ရေးဆိုတာ မရှိပါဘူး။ အင်မတန်အံ့ဩဖို့ကောင်းတယ်လို့တောင် ချီးကျူးပါတယ်။”

မေး။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဝန်ကြီးဌာနများစွာထဲမှာ ရန်ပုံငွေရှာဖွေတဲ့နေရာမှာ တီထွင်ဆန်းသစ်တာတွေ၊ နိုင်ငံတကာက ချီးကျူးပြောဆိုတာတွေ ကျနော်တို့ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနတွေထဲမှာ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။ မကြာသေးခင်က စစ်တမ်းတခု ကောက်ပြီးတော့ ဆန်းစစ်တယ်။ ဝန်ကြီးဌာနတွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အားမရတာတွေ ဝေဖန်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး သမ္မတကြီး ဘယ်လိုဖြေရှင်းပေးချင်တာမျိုးရှိလဲ။

ဖြေ။ “ကျနော်တို့ လူရယ်လို့ဖြစ်လာရင် သူများဝေဖန်တာ၊ အပြစ်မြင်တာ မလွတ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘယ်လောက်တော်တဲ့လူ ဖြစ်ဖြစ်။ ကျနော်တို့ရဲ့ တော်လှန်ရေးမှာလည်း ကောင်းတာ အများကြီးရှိသလို တချို့ဝေဖန်တာတွေ ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်၊ လက်ခံပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့တော့ ဒီတော်လှန်ရေးမှာ ပါဝင်လာခဲ့တဲ့ ဝန်ကြီးဌာနတွေရော၊ တခြား CDM တွေရော ကိုယ့်ရဲ့ အသက်အိုးအိမ်စည်းစိမ် ရွှေငွေ မိသားစုကိုတောင် အားလုံးကို စွန့်လွှတ်ပြီးတော့ တော်လှန်ရေးအတွက် ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ရဲ့ ပေးဆပ်မှုက အင်မတန်မြင့်ပါတယ်။ သူတို့ရှိတဲ့ အရည်အချင်းတွေ အစွမ်းကုန်ထုတ်သုံးပါတယ်။ ဒါပေမဲ့ ပြည့်စုံသလားဆိုတော့ လုပ်ရင်းကိုင်ရင်းနဲ့ ပိုမိုအရည်အချင်းတက်လာအောင် လုပ်ရခြင်း ဖြစ်တဲ့အတွက် သူတို့ကို ယုံယုံကြည်ကြည် ကျနော်က ဒီတာဝန်တွေကို ပေးထားတာဖြစ်ပါတယ်။ သူတို့လည်း လုပ်နိုင်မှာပါလို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ အရေးကြီးတာက သစ္စာတရားရှိဖို့၊ ပြည်သူလူထုအပေါ်မှာ သစ္စာတရားနဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးမှာ ပြီးဆုံးအောင် လုပ်ဆောင်တဲ့ စိတ်ဆန္ဒကသာလျှင် အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူထု လိုလားတောင့်တတဲ့ အရာအားလုံးကို မျက်ခြည်မပြတ် လုပ်ဆောင်နိုင်တဲ့ ဝန်ကြီးအားလုံးကို ကျနော့်အနေနဲ့ ချီးကျူးလိုပါတယ်။ အခက်အခဲတွေ အများကြီးရှိပေမဲ့ သူတို့ မညည်းမညူ ဆက်ပြီး လုပ်ဆောင်နေကြပါတယ်။”

မေး။ လက်နက်ကိုင်အင်အားစုတွေ တိုးပွားလာတယ်။ တချို့လက်နက်ကိုင်အင်အားစုတွေကြားမှာ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာ ရာနှုန်းပြည့်မရှိတာတွေလည်း ကျနော်တို့ကြားရတယ်။ နောက်တခါ လက်နက်ကိုင်အင်အားစုတွေကြားမှာ လူ့အခွင့်အရေးချိုးဖောက်မှုပဲဖြစ်စေ၊ ရာဇဝတ်မှု ကျူးလွန်မှုပဲဖြစ်စေ ဒီလိုမျိုးတွေ ရှိလာခဲ့ရင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဘယ်လို တာဝန်ယူ တာဝန်ခံဖို့ စဉ်းစားထားလဲခင်ဗျ။

ဖြေ။ “တော်လှန်ရေးလုပ်တဲ့အခါမှာ တခါတလေကျတော့ မထင်မှတ်တဲ့ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ PDF ကို ဖွဲ့စည်းတဲ့အခါမှာ သာမန်အရပ်သားကနေ စစ်တပ်ပုံစံမျိုး စနစ်တကျ ကျနော်တို့က ဖွဲ့စည်းတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီ စစ်စည်းကမ်းတွေကို ကျနော်တို့ ချိတ်ဆက် သင်ကြားပေးပါတယ်။ ဒါပေမဲ့ ကောင်းကောင်းနားမလည်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ လက်တွေ့မှာ လွဲချော်သွားတာတွေလည်း ရှိပါတယ်။ တချို့က အငြိုးအတေးထားပြီးတော့ လုပ်မိတာတွေလည်း ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ကျနော်တို့ရဲ့ မူဝါဒက ပြည်သူ့ကာကွယ်ရေး ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့် ပြည်သူများကို ကာကွယ်ရမယ်ဆိုတာကတော့ အဓိက မူဝါဒဖြစ်ပါတယ်။ ပြည်သူများကို စော်ကားမော်ကားကျူးလွန်ထားရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်ပါဘူး။ ကျနော်တို့ကတော့ အရေးယူဖို့ ပြောထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖြစ်လာလို့ရှိရင် ကော်မရှင်တွေဖွဲ့ပြီး စစ်ဆေးစုံစမ်းတယ်။ ကျနော်တို့ အရေးယူမှုလုပ်ပါတယ်။ နောက်တခါ အခုဆို ကျနော်တို့ တရားစီရင်ရေးမှာ တရားသူကြီးတွေ ဖွဲ့ထားပြီးဖြစ်ပါတယ်။

သူတို့အနေနဲ့ တတ်နိုင်သလောက် ကြားနာစစ်ဆေးပြီး အပြစ်ရှိတယ်ဆိုရင် အပြစ်ရှိတဲ့အလျောက် အရေးယူဖို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ အဲဒါတွေကို အထောက်အကူပြုနိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့တွေလည်း ဖွဲ့စည်းပြီးတော့ အဆင့်တိုင်းမှာ ဖော်ထုတ်နေပြီဖြစ်ပါတယ်။ လာမယ့်အချိန်မှာ ကျနော်တို့ အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကိုဖြစ်အောင် Transitional Justice အတွက်လည်း ကျနော်တို့ စဉ်းစားထားပြီးတော့ အပြစ်ကျူးလွန်ထားတဲ့ သူတွေကို အပြစ်ပေးနိုင်ဖို့ နစ်နာတဲ့ပြည်သူလူထုရဲ့ တရားမျှတမှုကို ရှာနိုင်တဲ့ လမ်းစဉ်တွေကိုလည်း ကျနော်တို့ စီစဉ်ထားပါတယ်လို့ ပြောကြားလိုပါတယ်။”

မေး။ အခု စစ်အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်ကာနီးကာလမှာ စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာဖို့ အသည်းအသန် ပြင်ဆင်ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ မှတ်ချက်ပေးတာ ကျနော်တို့ တွေ့ရပါတယ်။ အများပြည်သူ ပိုပြီးတော့ သိရအောင် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘောထား၊ သမ္မတကြီးရဲ့ သဘောထားကို သိပါရစေခင်ဗျ။

ဖြေ။ “ဟုတ်ကဲ့။ ဒီ စစ်ကောင်စီရဲ့ မတရားကြံစည်မှုဟာ ပြည်သူလူထုရော နိုင်ငံတကာရော အင်မတန် သိသင့်တဲ့အရာဖြစ်ပါတယ်။ တကယ်တော့ လူတွေက သိပါတယ်။ ဒါ ကလေးကွက်ပါ။ ညစ်ပတ်ပြီးတော့ သူ့ရဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ထွက်ပေါက်ရှာတယ်ဆိုတာ အားလုံးက ကြိုတင်ပြီး သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ NUG အစိုးရအနေနဲ့လည်း ဒါတွေကို ပြည်သူလူထုကို အသိပေးနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ တရားဝင်အစိုးရလည်း မဟုတ်ဘူး။ ဥပဒေချိုးဖောက်ပြီး ပြည်သူလူထုရဲ့အာဏာကို လုယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်အုပ်စုသာဖြစ်တဲ့အတွက်ကြောင့် သူဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒီလို လုပ်ပိုင်ခွင့်မရှိတာအပြင် သူ့ရဲ့ ကြံစည်နေတဲ့ ထွက်ပေါက်ရှာတဲ့နည်းဟာ နိုင်ငံ့အတွက် အဖြေမရှိပါဘူး။ ငြိမ်းချမ်းရေးလည်း တကယ်မဖြစ်စေတဲ့အပြင် ပိုမိုရှုပ်ထွေးပြီးတော့ နိုင်ငံဟာ ဒီထက်မက ဝရုန်းသုန်းကား အချင်းချင်းသတ်ဖြတ်မှု မငြိမ်သက်မှုတွေ ပိုပြီး ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ ကျနော်တို့ တကယ်တော့ ရွေးကောက်ပွဲလို့ သုံးဖို့တောင်မှ မထိုက်တန်တာဖြစ်ပါတယ်။ သူ့ရဲ့ အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပုံဖျက်နေတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်တော့မှ ကျနော်တို့ အာဏာသက်ဆိုးရှည်ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူလူထုဟာ စစ်ရေး နိုင်ငံရေး အကျပ်အတည်းကနေ ထွက်ပေါက်ရှာဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်တယ်၊ ထောင်ချောက်ဖြစ်တယ်ဆိုတာ သိဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုက သိအောင် ကျနော်တို့က PR ခေါ်တဲ့ PublicRelation တွေ ကျနော်တို့မှာ လုပ်ထားပြီးတော့ သိအောင်လည်း ကျနော်ကြိုးစားနေပါတယ်။ အပြည်ပြည်ဆိုင်ရာလည်း ဒါကို ကျနော်တို့ လုပ်ဆောင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာရော ပြည်သူလူထုရော သူတို့ရဲ့ လှည့်ကွက်တွေကို မဝင်မိဖို့၊ ပြတ်ပြတ်သားသား ကျနော်တို့ ဆန့်ကျင်ဖို့ လိုတယ်ဆိုတာကို ပြောပါတယ်။ နောက်တချက်ကတော့ အင်မတန်အရေးကြီးပါတယ်။ အင်မတန်ရိုးသားတဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း ဒါကို နားလည်ဖို့လိုပါတယ်။ တချို့ အိမ်နီးချင်းနိုင်ငံတွေကလည်း သူတို့ရဲ့အကျိုးကိုပဲ ကြည့်ပြီးတော့ ဒီထဲမှာ မပါဝင်ဖို့ ကျနော့်အနေနဲ့ ပြတ်ပြတ်သားသား တိုက်တွန်း ပြောကြားချင်ပါတယ်။”

မေး။ ဟုတ်ကဲ့ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ အခုနောက်ဆုံး မေးခွန်းအနေနဲ့ အခု သက္ကရာဇ် ၂၀၂၂ ခုနှစ် ကုန်ကာနီးကာလ၊ နှစ်သစ်ကူးရောက်တော့မယ့်ကာလ၊ ၂၀၂၃ နှစ်သစ်ကို ကူးပြောင်းရတော့မယ့်ကာလမှာ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ အခုဆိုရင် လူတွေသတ်ဖြတ်ခံရတာ ၂,၆၀၀ ကျော်၊ စာရင်းရှိသလောက်ဆိုရင် ဖမ်းဆီးခံရတာ သောင်းကျော်တယ်။ စစ်ဘေးရှောင် ဒုက္ခသည် ပြည်သူလူထုက သန်းနဲ့ချီလာတယ်။ မြန်မာပြည်သူလူထုရဲ့ ထက်ဝက်လောက်ကလည်း ဆင်းရဲမွဲတေမှုအောက် ကျဆင်းဖို့ရှိတယ်။ အဲတော့ ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူလူထုအတွက် သမ္မတကြီးအနေနဲ့ ဒီနှစ်သစ်ကို ဆုတောင်းစကား သူတို့ကို ဘယ်လိုများ အားပေးနှစ်သိမ့်ချင်ပါသလဲခင်ဗျာ။

ဖြေ။ “ဒီအချိန်မှာ ကျနော်တို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ကို ဆုံဆည်းနိုင်ကြပါစေလို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။ ကျနော်တို့ နှစ်ပေါင်းများစွာ ဒီလိုပဲ ရုန်းကန်နေခဲ့တဲ့ အနေအထားကနေ တကယ်လည်း လွတ်မြောက်နိုင်ပါစေလို့လည်း ကျနော် ဆန္ဒရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ ဒီလိုတော်လှန်ရေးလုပ်တဲ့အခါမှာ စိတ်က အင်မတန် နာကျည်းခံစားပြီးတော့ ခုနက ဆရာပြောသလို အချုပ်ထဲမှာ အများကြီး သတ်ဖြတ်ခံနေ၊ မတရားသဖြင့် အများကြီး ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့မှာ ဒီဟာကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ စိတ်အား ခွန်အားအသစ်ရဖို့ ဖြစ်ပါတယ်။ ကျနော်တို့မှာ ခံနိုင်ရည်စွမ်းအား ရှိအောင်လည်း ပြင်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲဆိုတာ ထာဝရမဟုတ်ပါဘူး။ ဗမာလိုတော့ ဗုဒ္ဓဘာသာမှာတော့ မတည်မြဲဘူးပေါ့နော်။ သူတို့ ဘယ်လောက်ပဲ ဖြစ်နေဖြစ်နေ ကျနော်တို့ ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။ အရေးအကြီးဆုံးကတော့ ကျနော်တို့ရဲ့ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံး ညီညီညွတ်ညွတ်နဲ့ ဒီတော်လှန်ရေးကို‌ အောင်မြင်အောင် ပါဝင်ဖို့ လိုပါတယ်ဆိုတာကို ပြောချင်ပါတယ်။ အခက်အခဲကတော့ တော်လှန်ရေးဆိုတော့ ရင်ဆိုင်ရတာပေါ့။ မုန်တိုင်းကိုကျော်လွှားဖို့ တခါတလေ လှေကို လှော်ခတ်တဲ့အခါမှာ အင်မတန် ခက်တဲ့အချိန် ရှိတတ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဒီလောက်ခံစားနေရတဲ့ ဒုက္ခတွေကနေ လွတ်မြောက်စေဖို့ ဆန္ဒရှိပါတယ်။ တကယ်လည်း အေးချမ်းသာယာမှုကို ခံစားနိုင်ကြပါစေ။ တော်လှန်ရေးဆိုတာက အခက်အခဲတော့ ရှိတတ်ပါတယ်။ ဒီလို အခက်အခဲရှိတဲ့အခါမှာ စိတ်အားမလျော့ဘဲနဲ့ ကျနော်တို့ မုန်တိုင်းကြမ်းထဲမှာ လှေကို လှော်တဲ့အခါမှာ အင်မတန်ခက်ပါတယ်။ ဒါပေမဲ့ ဒါကို ကျနော်တို့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့  ကျော်လွှားနေတဲ့အခါမှာ လေငြိမ်သွားတဲ့အချိန်ရောက်မှာပါ။ ရေပြင်ညီကို ပြန်ရောက်တဲ့အခါမှာ ကျနော်တို့က ဝမ်းသာအားရနဲ့ အကျိုးဝိုင်းဝန်းခံစားဖို့ အချိန်တော့ရောက်လာမှာပါ ဆိုတာကို ကျနော့်အနေနဲ့ မှာကြားချင်ပါတယ်။”

ပြည်သူလူထု သိချင်တာတွေ ဖြေကြားပေးတဲ့ သမ္မတကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။

သန်းဝင်းထွဋ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024