DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ဘေးရှောင်များကို ထိုင်းစစ်တပ် နှင်ထုတ်
DVB
·
October 3, 2022
ကရင်စစ်ဘေးရှောင်များကို  ထိုင်းစစ်တပ် နှင်ထုတ်
1 / 2
Donate to DVB

တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ ယာယီလာရောက် တိမ်းရှောင်နေရတဲ့ ကရင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ကို ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က နေရပ်ကို  အတင်းအကျပ်ပြန်ခိုင်းခဲ့ပါတယ်။

အဲဒီမနက်က ထိုင်းဘက်ခြမ်းမှာလည်း မိုးသည်းထန်ပြီးရေကြီးနေသလို သောင်ရင်းမြစ် လည်းရေစီးသန်နေကြောင်း၊ ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသားအများစုပါတဲ့ စစ်ဘေးရှောင်တွေဟာ စက်လှေနဲ့ ရေစီးသန်တဲ့မြစ်ကို ကူးဖြတ်ချိန် တခြားစက်လှေတစ်စီးနဲ့ တိုက်မိလို့ နစ်မြှုပ်လုနီးပါးဖြစ်ခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က အောက်တိုဘာ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြန်ပို့ခံရတဲ့ စစ်ဘေးရှောင်တွေဟာ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ထဲကဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့ကြသူတွေဖြစ်ပါတယ်။

မြန်မာဘက်မှာ ပစ်ခတ်သံငြိမ်သွားတဲ့အခါ ထိုင်းစစ်တပ်က ပြန်ခိုင်းလိုက်၊ တိုက်ပွဲဖြစ်တဲ့အခါ ပြန်လာလိုက်နဲ့ သွားချည်ပြန်ချည်လုပ်နေတာ အနည်းဆုံး ၃ ကြိမ်လောက်ရှိပြီး ဘယ်ဘက်မှာမှ အတည်တကျနေလို့မရတာကြောင့် အခက်အခဲနဲ့ကြုံနေရတယ်လို့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူက ဒီဗွီဘီကို ပြောပါတယ်။

“သေနတ်သံမကြားရတော့ဘူး ပြန်လို့ရပြီဆိုပြီးတော့မှ ထိုင်းအာဏာပိုင်ဘက်က အတင်းပြန်ခိုင်းတယ်။  အဲဒီနေ့က ပြန်လာခဲ့ရတာ လူ ၁၀၀ ကျော်ပါတယ်။ အများစုက ဆရာ/ ဆရာမနဲ့ ၆ တန်းနဲ့ ၁၂ တန်းကြားက ကျောင်းသူကျောင်းသားတွေပါခင်ဗျ။ ပြန်လာတော့လည်း ကြောက်နေရတုန်းပဲ။ လက်နက်ကြီးသံကြားနေရတုန်းပဲ။ သူတို့မှာ မလုံခြုံစိတ်တွေနဲ့အတူ  စားဝတ်နေရေးလည်းအခက်အခဲဖြစ်နေတယ်။ ခဏ၊ ခဏထွက်ပြေးလိုက် ပြန်လာလိုက်လုပ်ရတာ။ စောင်တွေ၊ ခြင်ထောင်တွေလည်း အလုံအလောက်မရှိဘူး။ အနေအစားလည်းဆင်းရဲတယ်။ အမြဲတမ်းငပိရည်၊ တို့စရာပဲစားရတယ်၊ ထောက်ပံ့မှုတွေ လိုအပ် နေပါတယ်ခင်ဗျ။”

စစ်ဘေးရှောင်တွေဟာ ထိုင်းမှာအမြဲနေဖို့လည်း မရည်ရွယ်ကြောင်း၊ ယာယီစစ်ဘေးရှောင်စဉ်  ဘယ်သူ့ကိုမှလည်းဒုက္ခမပေး၊ ထိုင်းနိုင်ငံလုံခြုံရေးအတွက်လည်း အန္တရာယ်ရှိ တဲ့လူတွေမ ဟုတ်တာကြောင့် ထိုင်းစစ်သားတွေအနေနဲ့ လူသားချင်းစာနာတဲ့အနေနဲ့ အခုလို အတင်းအကျပ် ပြန်ခိုင်းတာမလုပ်ဖို့ တောင်းဆိုချင်တယ်လို့ သူကဆက်ပြောပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိညာဉ်စာချုပ်နဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးကွန်ဗင်းရှင်းစာချုပ်တွေကို ၂၀၀၇ ခုနှစ်ကတည်းက လက်မှတ်ထိုးတဲ့အတွက် စာချုပ်ပါအချက်တွေကို လေးစားလိုက်နာသင့်တယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။ 

Photo-KHRG 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013