
ရခိုင်ပြည်နယ်မှာ မေလ ၂၁ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီ ကျော်လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်စခန်းတွေမှာ လူနေအိမ် ၂၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
လေပြင်းတွေကြောင့် ဘူးသီးတောင်မြို့ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်း၊ မြတောင်စစ်ဘေးရှောင်စခန်းနဲ့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းက လူ နေအိမ် ၅၀ ကျော် ပြိုပျက်သွားခဲ့တယ်လို့ မြို့ခံတယောက်ဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ ( AFP) ပါတီဝင် မောင်သာဖြူက ပြောပါတယ်။
"လေပြင်းကြောင့် စစ်ဘေးရှောင်စခန်းတွေက လူနေအိမ် ၅၀ ကျော်လောက်ပျက်စီးသွားတယ်။ စစ်ဘေးရှောင်နေအိမ်တွေက လေပြင်းတိုက်လို့မပြိုရင်လည်း အားလုံးပြုပြင်ရမယ့် အနေထားတွေမှာရှိတယ်။ နှစ်တွေလည်းကြာပြီ။ ဒီနေအိမ်တွေကလည်း ကိုယ်ထူကိုယ်ထ ဆောက်ထားကြတာ။”
မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာလည်း လေပြင်းတိုက်ခတ်လို့ လူနေဆောင် ၄၀ ကျော် ပြိုပျက်သွားခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေထံက သိရပါတယ်။
အလားတူ ကျောက်တော်မြို့ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနဲ့ မဟာမုနိစစ်ဘေးရှောင်စခန်း ရှိနေအိမ် ၁၀၀ ကျော်လောက် ပျက်စီးသွားတယ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
"မဟာမုနိစစ်ဘေးရှောင်စခန်းမှာ အရင် လေပြင်းတိုက်လို့ ပြုလုပ်ထားတဲ့နေအိမ်တွေပါ ပြိုပျက်သွားတာတွေရှိတယ်။ ညောင်ချောင်စခန်းက နေအိမ်တွေက အိုဟောင်းနေတော့ အပြိုအပျက်များပါတယ်။”
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကလည်း လေပြင်းတွေ တိုက်ခတ်သွားလို့ မြောက်ဦး စစ်ဘေးရှောင်စခန်း၊ ကျောက်တော်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းနဲ့ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတို့မှ လူနေဆောင် ၂၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။
လက်ရှိ လူနေအိမ်တွေပျက်စီးသွားပြီး ပြန်ဆောက်လုပ်ဖို အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေကတော့ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း ၊မြောက်ဦး၊ ဘူးသီးတောင်က စခန်းတွေဖြစ်ကြပါတယ်။