
စစ်ကိုင်းတိုင်း ဘုတလင်မြို့ ဘောလုံးကွင်းအနောက်ဘက်မှာ ဧပြီ ၂၄ ရက် နေ့လယ်ပိုင်းက မိုင်းနင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးယောက် သေဆုံးသွားတယ်လို့ ဘုတလင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မဟာဗန္ဓုလတပ်ရင်းက ယနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘုတလင်မြို့နေရာအနှံ့မှာ ကင်းပုန်းချထားသလို ကင်းလှည့်နေတတ်တယ်လို့ သိရပါတယ်။
"သူတို့က ဘုတလင်မြို့နယ်ကို နယ်မြေစိုးမိုးမှုပြန်လိုချင်လို့ အလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။ ရွာတွေ ဝင်မွှေတော့ ဒေသခံတွေ ရှောင်တိမ်းနေရတယ်။ ပြန်ခုခံဖို့ လက်နက်မပြည့်စုံတော့ ရှောင်နေလိုက်တယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာဗန္ဓုလတပ်ရင်းရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
အလောင်းလာကောက်ရာမှာလည်း ဘုတလင်မြို့က ဗန္ဓုလကြေးရုပ်နဲ့ သုဿန်အထိ လမ်းတွေ ပိတ်ဆို့ကာ ကင်းချသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၄ ရက် မနက်က ဘုတလင်မြို့နယ် လွှဲတဲကျေးရွာနဲ့ ထတန်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံပြည်သူတွေရှောင်တိမ်းနေရပြီး ရွာအနီးတဝိုက်နဲ့ မြို့အနှံ့နေရာတွေမှာလဲ ကင်းပုန်းတွေချထားတယ်လို့ သိရပါတယ်။
ဧပြီ ၂၁ ရက်ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘုတလင်မြို့ပေါ်နဲ့ ကျေးရွာတွေကို အင်အားအလုံးရင်းနဲ့ ဆက်တိုက်စစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။
ဧပြီ ၂၄ ရက် နေ့လယ်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နင်းမိတဲ့မိုင်းဟာ ဘယ်အဖွဲ့က ထောင်ထားတယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။