ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မတ်လ ၂၀ ရက် မနေ့ ညနေပိုင်းက မိုးသက်လေပြင်းကျရောက်တဲ့အတွက် အာရှလမ်းမကြီးအပါအဝင် လမ်းတချို့မှာ ရေတွေလွှမ်းပြီး နေအိမ်တချို့ ခေါင်မိုးလန် ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ညနေက ၃ နာရီကြာ မိုးသက်လေပြင်း ကျရောက်တာကြောင့် ညနေ ၅ နာရီလောက်မှာတော့ မဲဆောက်မြို့ ဖတ်ထနားနခွန်းမဲဆောက်လမ်းမကြီး၊ စင်ထရာဘိုင်စင်ထရာဟိုတယ်ရှေ့ မီးပွိုင့်တဝိုက်နဲ့ အာရှလမ်းမကြီးတွေမှာ ရေလွှမ်းမှုတွေရှိခဲ့ကြောင်း၊ ရေအမြင့် ၅၀ မှ ၇၀ စင်တီမီတာထိတက်လာတာကြောင့် ဆိုင်ကယ်နဲ့ ကား အသွားအလာခက်ခဲခဲ့တယ်လို့ banmuang ထိုင်းသတင်းမှာ ရေးပါတယ်။
ဒါ့အပြင် မဲဆောက်မြို့လယ် စည်ပင်ဧရိယာထဲမှာ နေအိမ်တချို့ ခေါင်မိုးလွင့်ပျက်စီးတာ၊ ဆိုင်းဘုတ်ကြော်ငြာတွေ ပြုတ်ကျတာ၊ သစ်ပင် သစ်ကိုင်း ကျိုးကျတာတွေ ရှိခဲ့တယ်လို့ ထိုင်း AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၂၁ နဲ့ ၂၂ ရက်နေ့အတောအတွင်းမှာလည်း ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသမှာ မိုးသက်လေပြင်း ထပ်မံတိုက်ခတ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်သတိပေးထားပါတယ်။